ဧရာဝတီတိုင်းဒေသကြီးတွင် ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းကစတင်၍ မဲပေးနိုင်သူစာရင်းများ ထုတ်ပြန်ခဲ့ရာ ပုသိမ် မြို့နယ်တွင် ကြေညာထားသည့် မဲစာရင်းများတွင် မွေသက္ကရာဇ်မှားယွင်းမှု အများအပြား ဖြစ်ပွား နေ ကြောင်း သတင်း ရရှိသည်။
ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်ကော်မရှင်ရုံးမှ ထုတ်ပြန်ထားသည့် မဲပေးနိုင်သူ ၉၀၀၀ ကျော်အမည်စာရင်းတွင် ဇွန်လ ၃၀ ရက် မွေးဖွားသည်ဟူ၍ မွေးရက်၊ မွေးလ တထပ်တည်းတူညီနေသည့် နာမည်အမြောက်အမြား ပါဝင်နေခြင်း ဖြစ်သည်။
“မဲစာရင်းမှာ မွေးသက္ကရာဇ်တွေ တအားမှားနေတယ်။ ၃၀ ရက် ၆ လ မွေးဖွားတယ်ဆိုပြီး ထပ်ခါထပ်ခါ ပါနေ တယ်။ အဲဒီ လို မွေးရက်၊ မွေးလတူနေတာ လူဦးရေ ၃၀၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်။ မဲစာရင်း တခုလုံးရဲ့ ၃၅ ရာခိုင်နှုန်းလောက် ဖြစ် နေတယ်”ဟု မဲစာရင်းမှန်ကန်ရေး ဝိုင်းဝန်းကူညီပေးနေသည့် အမှတ် ၈ နယ်မြေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒု ဥက္ကဋ္ဌ ဦးစိန်ဝင်းက ဧရာဝတီကို ပြောသည်။
အမှတ် ၈ ရပ်ကွက်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့်မဲပေးနိုင်သူ အမျိုးသား ၄၄၀၈ ဦးနှင့် အမျိုးသမီး ၅၄၂၄ ဦး ရှိပြီး စုစုပေါင်း မဲပေးနိုင်သူဦးရေ ၉၈၃၂ ဦး ရှိကြောင်း၊ မဲစာရင်းများတွင် မွေးသက္ကရာဇ်နှင့် ကျား/မ လွဲမှားဖော်ပြမှုများ ပါဝင် နေသည့်အတွက် ရပ်ရွာအတွင်း ကွင်းဆင်း စစ်ဆေး၍ မှားယွင်းမှုများကို ပြင်ဆင်ပေးရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံ ပြန်လည် တင်ပြရန် စီစဉ်ထားကြောင်း ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့်က ပြောသည်။
“ကော်မရှင်က မဲစာရင်းချပေးတာနဲ့ မြေပြင်က အမှန်လက်ရှိနဲ့ လိုက်စစ်တဲ့အခါကျတော့ ကွဲလွဲချက်တွေ ရှိနေတယ်။ အထူးသဖြင့် မွေးနေ့သက္ကရာဇ်တွေ၊ ကျားမ လွဲမှားနေတာတွေ ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ ဒီမဲစာရင်းနဲ့ တအိမ် တက်ဆင်း လိုက်စစ်ပြီး မှားတာတွေ စစ်ဆေးပြီး မြို့နယ်ကို တကျော့ ပြန်လည် တင်ပြဖို့ စီစဉ်ထားပါတယ်”ဟု သူက ပြောသည်။
ရပ်/ကျေးမဲစာရင်းတွင် အမည်ထည့်သွင်းထားသော်လည်း ကော်မရှင်ရုံးရှိ ကွန်ပျူတာ၌ စာရင်းသွင်းချိန်တွင် နာမည်များ ကျန်ရစ်ခဲ့သဖြင့် ပြန်လည်တင်ပြရန် စီစဉ်ထားကြောင်း အမှတ် ၄ ရပ်ကွက်၊ ကော်မရှင်အဖွဲ့ဝင် တဦး ကလည်း ပြော ပြ သည်။
ဧရာဝတီတိုင်းတခုလုံးရှိ မဲပေးနိုင်သူအမည်စာရင်းများကို ဇွန်လ ၂၂ ရက်နေ့ကစတင်၍ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာပေးထားပြီး ဇူလိုင်လ ၅ ရက်နေ့အထိ ၁၄ ရက်တိုင်အောင် ကပ်ထားပေး သွားမည်ဟု တိုင်း ကော်မရှင်ရုံးက ထုတ်ပြန်ထားသည်။ လတ်တလောတွင် ပုသိမ်မြို့ပေါ်ရပ်ကွက်ရုံးများ အသီးသီး ၌ ယနေ့ စတင် ကြေညာ ထားသည့် မဲစာရင်းများအား လာရောက်ကြည့်ရှုသူ နည်းပါးနေကြောင်း သိရ သည်။
ထို့ပြင် ကော်မရှင်ရုံးအများစု၌ မဲစာရင်းများကို စာရွက်တရွက်ချင်းကပ်မထားဘဲ၊ စာအုပ်သဖွယ် စာရွက်များ အထပ်လိုက် တွဲထားသည့်အတွက် ကြည့်ရှုရာတွင် အဆင်မပြေမှုများရှိကြောင်း ပုသိမ်မြို့ရှိ မဲဆန္ဒရှင်များက ပြောသည်။
“မဲစာရင်းကပ်ထားတာတွေက စာအုပ်လိုပဲ အမည်စာရင်းစာရွက်တွေ အထပ်လိုက်လုပ်ထားတော့ ကိုယ့်နာမည် ပါသလား ဆိုတာ တရွက်ချင်း လှန်ကြည့်နေရတယ်။ ကိုယ်ကြည့်နေချိန် နောက်တယောက်က ကြည့်လို့မရဘူး။ ရပ်စောင့်နေရတယ်။ အဲဒါတွေက အဆင်မပြေဘူး။ တရွက်ချင်း ကပ်ပေးစေချင်တယ်”ဟု ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ကော်မရှင်ရုံး၌ မဲစာရင်းကြည့်ရှုခဲ့သူတဦးက ပြောသည်။
မဲဆန္ဒရှင်အမည်စာရင်းတွင် နာမည်မပါဘဲ ကျန်ရစ်နေပါက ရပ်/ကျေးကော်မရှင်ရုံးတွင် ပုံစံ – ၃ စာရွက် တောင်းယူ ဖြည့် စွက် ကာ အမည်စာရင်းထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေပါက ပုံစံ – ၄ စာရွက် ဖြည့်စွက်၍ မဲစာရင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုနိုင်ကြောင်း သိရသည်။ ထို့ပြင် မဲစာရင်းတွင် လူနာမည်၊ မိဘအမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်နှင့် နေရပ်လိပ်စာများ မှားယွင်းနေပါက ပုံစံ ၄ (ဂ) ဖြည့်စွက်၍ ပြင်ဆင်ပေးရန် တောင်း ဆိုနိုင်ကြောင်း သိရသည်။
ယခုကြေညာသည့်မဲဆန္ဒရှင်စာရင်းမှာ ရှေ့ပြေးအဖြစ် ကြေညာခြင်းဖြစ်ပြီး မဲဆန္ဒရှင်တို့၏ ကန့်ကွက်ခြင်း၊ ပြင် ဆင် ခြင်းနှင့် တောင်းဆိုခြင်းများအရ လိုအပ်ချက်များကို ဖြည့်စွက်ပြီးနောက် ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်မီ အပြီးသတ် မဲစာရင်း ကို တိုင်းရွေးကောက်ပွဲကော်မရှင်က ဒုတိယအကြိမ် ထပ်မံကြေညာသွားမည် ဖြစ် ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ကောက်ယူထားသည့်ရှေ့ပြေးစာရင်းများအရ ဧရာဝတီ တိုင်း တတိုင်း လုံးတွင် အသက် ၁၈ နှစ်အထက် မဲပေးပိုင်ခွင့်ရှိသူ ၄,၁၆၇,၃၃၈ (၄ သန်းကျော်) ရှိကြောင်း၊ ခရိုင် အလိုက် အနေဖြင့် ပုသိမ် ခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁,၀၇၁,၇၅၈ ဦး၊ ဟင်္သာတ ခရိုင်တွင် ၇၉၈,၉၉၁ ဦး၊ မြောင်း မြ ခရိုင်တွင် ၅၄၆,၈၄၂ ဦး၊ မအူပင် ခရိုင်တွင် ၆၄၈,၄၀၆ ဦး၊ ဖျာပုံခရိုင်တွင် ၇၀၁,၂၂၇ ဦး နှင့် လပွတ္တာ ခရိုင်တွင် ၄၀၀,၁၁၄ ဦးတို့ဖြစ်ကြောင်း သိရှိရ သည်။