အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအား လက်နက်ဖြင့် ပစ်ခတ်ခဲ့သည်ဟု အစိုးရတပ်ဘက်မှ ပစ်ခတ်မှုတွင် ပါဝင်ခဲ့သူများက မွန်ပြည်နယ် ကျိုက်မရော တရားရုံး၌ ယနေ့ ပြုလုပ်သည့် စစ်ဆေးမှုတွင် လာရောက်ဝန်ခံခဲ့ကြောင်း သိရသည်။
ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး သေမှုသေခင်းအမှတ် ၁၁/၂၀၁၄ ဖြင့် ကျိုက်မရော မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကျိုက်မရောမြို့နယ် တရားရုံး၌ ၉ ကြိမ်မြောက် အမှုစစ်ဆေးမှု အပြီးတွင် တရားရုံးက ကိုပါကြီး သေဆုံးမှုသည် ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း မဟုတ်ဘဲ လက်နက်ဒဏ်ရာကြောင့် သေဆုံးခြင်း ဖြစ်သည်ဟုလည်း ယနေ့ အမိန့်ချမှတ်လိုက်သည်။
“ကိုပါကြီးဟာ ဓမ္မတာအတိုင်း သေတာ မဟုတ်ဘူး။ လူတဦးရဲ့ ပယောဂကြောင့်၊ လက်နက်ဒဏ်ရာကြောင့် သေတာဆိုပြီး အမိန့်ချလိုက်တယ်။ ဒီနေ့ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၂၁၀ က ၁၁ ဦး သက်သေ လာထွက်ဆိုတယ်။ အဲဒီထဲမှာ ကိုပါကြီးကို ပစ် ခတ် ပါတယ်ဆိုတဲ့ တပ်သား နိုင်လင်းထွန်းနဲ့ ဒုတပ်ကြပ် ကျော်ကျော်အောင်က ဝန်ခံ ထွက်ဆိုသွားတယ်။ တခြားသူတွေထဲမှာတော့ အလောင်းမြှုပ်ပေးတဲ့သူတို့၊ အသံကြားမှ သွားတဲ့သူတွေလည်း ပါတယ်”ဟု ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက ဧရာဝတီကို ပြောသည်။
ယနေ့ တရားရုံး၌ စစ်တပ်ဘက်မှ လာရောက်ထွက်ဆိုသည့် သက်သေများ၏ ထွက်ဆိုချက်များတွင် ရှေ့နောက် မညီညွှတ်မှုများ ပါဝင်နေကြောင်း၊ တပ်မတော်ဘက်မှ ထိုအမှုကိစ္စနှင့် ပတ်သက်ပြီး မည်သို့ ဆက်လက် ဆောင်ရွက်မည်ကို သိရှိလိုသဖြင့် ကာကွယ် ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးထံ တရားဝင် စာရေးသား ပေးပို့ထားကြောင်း မသန္တာက ဆက်ပြောသည်။
“ဒီနေ့ ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ်နဲ့ အရပ်ဘက် တရားရုံးမှာ စစ်တပ်ဘက်က ၁၁ ယောက် အများဆုံးလာပြီး သက်သေထွက် ဆိုကြတာ ကျမဘဝမှာ ပထမဆုံး ကြုံတွေ့ရတဲ့ အတွက် ကျေနပ်ပါတယ်”ဟု မသန္တာက ဆိုသည်။
မေးမြန်းစုံစမ်းမှုများအရ ပြစ်မှုကျူးလွန်သူများကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ စစ်ခုံရုံးမှ တရားသေ လွှတ်ပေးထားသည်ကို သိရှိရသည်ဟုလည်း မသန္တာက ဆက်ပြောသည်။
ကိုပါကြီးသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှင့် အစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားနေသည့် သတင်းများကို သွားရောက် ယူပြီး အပြန်ခရီးတွင် စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရပြီးနောက် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ ပြန်လည် စစ်ဆေးဖော်ထုတ် ပေးရန် ဇနီးဖြစ်သူ မသန္တာက ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက် ညနေပိုင်းက ကျိုက်မရော မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ကိုပါကြီးကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်က လုံခြုံရေးအရ ပစ်ခတ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်ဘက်က ထုတ်ပြန်ထား သည်။