အလုပ်ရှင်များဘက်မှ ပေးနိုင်မည့် အနည်းဆုံး လုပ်လစာနှုန်းထားနှင့် အလုပ်သမားများဘက်က တောင်းဆိုသည့် လုပ်ခလစာနှုန်းထားကို ယခုလအတွင်း ကျင်းပမည့် အမျိုးသားအဆင့် ကော်မတီတွင် ညှိနှိုင်းဆွေးနွေးပြီး အနည်းဆုံး လုပ်ခလစာ နှုန်းထားတရပ်ကို ထုတ်ပြန်ကြေညာသွားမည်ဟု သိရသည်။
“ဒီဆွေးနွေးပွဲက အချက်အလက်တွေနဲ့ အသံတွေကို အမျိုးသားအဆင့် ကော်မတီမှာ ချပြသုံးသပ်မယ်။ အဲဒီကမှတဆင့် အဆိုပြု နှုန်းထားတရပ် ထုတ်ပြန်မယ်။ ဒါတွေကို ရက်ပေါင်း ၆၀ အတွင်း ဆွေးနွေးတာ ကန့်ကွက်တာ လုပ်လို့ရမယ်” ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က အနည်းဆုံး လုပ်ခလစာ ဆွေးနွေးပွဲတွင် ပြောဆိုသည်။
အနည်းဆုံး လုပ်ခလစာ ဆွေးနွေးပွဲကို ဇွန်လ ၂၃ ရက်က ရန်ကုန်မြို့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ပြုလုပ်ခဲ့ပြီး အလုပ်ရှင် အများစုက နေ့ကြေး၊ အချိန်ပိုကြေးနှင့် တခြား အထွေထွေစရိတ် အပါအဝင် စုစုပေါင်းလစာကို တလလျှင် ၉ သောင်း ကျပ်ထက် မနည်းသော နှုန်းထားဖြင့်သာ ပေးနိုင်ကြောင်း ထိုဆွေးနွေးပွဲတွင် ပြောဆိုကြသည်။
အလုပ်သမားများက တနေ့လျှင် အနည်းဆုံး လုပ်ခလစာ ၄၀၀၀ ကျပ် ရရှိမှသာ စားဝတ်နေရေး ပြေလည်နိုင်မည်ဟု တောင်းဆိုကြသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမားအကြား အနည်းဆုံး လုပ်ခလစာ နှုန်းထားတရပ် သတ်မှတ်နိုင်ရေးသည် ယနေ့အချိန်ထိ အဖြေရှာ မရသေးကြောင်းဟု အလုပ်သမားရေးရာ ကိုယ်စားလှယ်များက ပြောသည်။
“ကုန်ကျစရိတ်တွေကြောင့် လုပ်ခလစာတွေ မပေးနိုင်ပါဘူး ဆိုတာကို ကျနော်တို့ လက်မခံပါဘူး။ အလုပ်သမားတွေက မျက်ရည်တွေနဲ့ပဲ စကားပြောပါလိမ့်မယ်။ သူတို့ရဲ့ လုပ်ရပ်တွေက မှားချင်မှားနေပါလိမ့်မယ်။ ဒါပေမယ့် စားဝတ်နေရေး အခြေခံ အချက်တွေမှာ လုံလောက်တဲ့ လစာတွေကို တောင်းဆိုရင်းက လက်ထိပ်တန်းလန်းနဲ့ အချုပ်ထဲကို ရောက်နေရတဲ့ ဘဝတွေက သနားစရာ ကောင်းပါတယ်” ဟု အလုပ်သမားရေးရာ ကိုယ်စားလှယ် ဦးအောင်လင်းက ပြောဆိုသည်။
လှိုင်သာယာ စက်မှုဇုန်တွင် လုပ်ကိုင်နေသည့် အထည်ချုပ် အလုပ်သမားတဦးက “ကျမတို့ရဲ့ အခြေခံလစာ နည်းပါးမှုအတွက် စားဝတ်နေရေး အလွန်အခက်အခဲ ဖြစ်ရပါတယ်။ အနည်းဆုံး အခကြေးငွေ အမြန်ဆုံး ပြဌာန်းဖို့ လိုပါတယ်။ အလုပ်သမား ရှားပါးစရိတ်ကိုလည်း လိုအပ်သလို သတ်မှတ်ပေးသင့်ပါတယ်” ဟု ဆိုသည်။
လုပ်ခလစာကို တိုးမြှင့်လိုက်ပါက လုပ်ငန်းလည်ပတ်ရာ၌ ရေရှည်ရပ်တည်ရန် အခက်အခဲရှိပြီး အစိုးရပိုင်း၏ အထောက်အပံ့များ လိုအပ်နေကြောင်းနှင့် အခွန်နှုန်းထားများကို လျော့ပေါ့စဉ်းစားသင့်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
“အဲဒီနှုန်းအတိုင်းသာ ပေးမယ့်ဆိုရင် အစ်မတို့ ရေရှည် ရပ်တည်နိုင်မှာ မဟုတ်ဘူး။ စက်ရုံတခုလုံး ဖြစ်တည်ဖို့ဆိုတာ အရင်းအနှီး အများကြီးလိုတယ်။ ဘဏ်ကချေးတော့လည်း ၁၃ ရာခိုင်နှုန်းလောက် အတိုးနှုန်းရှိတော့ အခြားနိုင်ငံတွေထက် အများကြီး မြင့်တယ်။ အတိုးနှုန်းလည်း သက်သက်သာသာ မရှိဘူး။ အသေးစား အလတ်စားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာကို တခြားနိုင်ငံများနည်းတူ စံနဲ့သတ်မှတ်ရင်တော့ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ဘူး” ဟု ရွှေရည်စံပယ် အထည်ချုပ် စက်ရုံ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်အေးအေးဟန်က ဧရာဝတီကို ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သတ်မှတ်သင့်သည့် အနည်းဆုံး လုပ်ခလစာအပေါ် အလုပ်သမားများနှင့် အလုပ်ရှင်တို့၏ အမြင်နှင့် လုပ်ငန်းခွင်တွင် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲများ၊ စီးပွားရေး လုပ်ငန်းများ၊ အခွင့်အလမ်းများ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့် စသည့် အကြောင်းအရာများကို တက်ရောက်လာကြသူများက ဆွေးနွေးခဲ့ကြသည်။
အထည်ချုပ် လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက “ကျနော်တို့ဘက်က စုစုပေါင်း လစာကို အနိမ့်ဆုံး ၉ သောင်း ဖြစ်စေရမယ်လို့ အဆိုပြုထားတယ်။ စုစုပေါင်းလစာတွေ အရမ်းတက်နေရင် လုပ်ငန်းရှင်တွေ ဘယ်လိုရှင်သန်နိုင်မလဲ” ဟု ဆိုသည်။
အလုပ်သမားရေးရာ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက အလုပ်ရှင်၊ အလုပ်သမားများအတွက် နှစ်ဘက်မျှတသော ဥပဒေများ ရေးဆွဲရန် လိုအပ်ကြောင်း၊ အလုပ်ရှင်များအတွက် နည်းပညာ ပံ့ပိုးမှုများအပေါ် ရင်းနှီးမြှုပ်နှံ ပေးနိုင်မှု၊ အခွန်နှုန်းထားရပ်များ လျှော့ချခြင်း၊ အစိုးရ၊ ပုဂ္ဂလိက လူမှုဖူလုံရေး အစီအစဉ်များ လိုအပ်နေသည်ဟု ထောက်ပြပြောဆိုသည်။
မြန်မာနိုင်ငံတွင် အနည်းဆုံး လုပ်ခလစာ နှုန်းထားတရပ် ပေါ်ထွက်လာရေးကို ၂၀၁၂ ခုနှစ်က အနည်းဆုံး အခကြေးငွေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီး ကတည်းက အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များနှင့် ပညာရှင်များ ဆွေးနွေး အဖြေရှာနေဆဲ ဖြစ်သော်လည်း အလုပ်ရှင်နှင့် အလုပ်သမားအကြား ညှိနှိုင်းပြေလည်မှု မရှိသေးပေ။