မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ ‘ဝ’ ပြည် (အထူးဒေသ ၂) တွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်၏ လှုပ်ရှားမှုများကို တရုတ်ဝက်ဘ်ဆိုဒ် weixinyidu တွင် ဖော်ပြထားရာ ဘာသာပြန်ဆို၍ ဖော်ပြလိုက်ပါသည်။
‘ဝ’ ပြည် (အထူးဒေသ ၂) သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းတွင် ရှိသည်။ အုပ်ချုပ်ရေးအရ ရှမ်းပြည်နယ်၏ ပိုင်နက် ဖြစ်သော်လည်း သမိုင်းကြောင်းအရ တရုတ်နိုင်ငံ၏ ပိုင်နက်ဖြစ်ခဲ့ဖူးသည်။ တရုတ်နိုင်ငံ တန်မင်းဆက် (Tang Dynasty) ခေတ်က နန်ချောင် (Nanzhao) ပြည် ဖြစ်ခဲ့ပြီး ဆောင် မင်းဆက် (Song Dynasty) ကာလတွင် တာလီ (Dali) ပြည် ဖြစ်ခဲ့သည်။ ‘ဝ’ ပြည်ကို တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ၂ ပိုင်းခွဲခြားထားပြီး တရုတ်ဘာသာစကားကို အသုံးပြုသည်။ ဧရိယာ စတုရန်း ကီလိုမီတာ ၂၇၀၀ ကျယ်ဝန်းပြီး လူဦးရေ ၅၀၀၀၀၀ ခန့်ရှိသည်။ ‘ဝ’ ပြည်မြောက်ပိုင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး လူဦးရေ ၃၆၀၀၀၀ ခန့်နေထိုင်လျှက်ရှိသည်။ ‘ဝ’ ပြည် တောင်ပိုင်းက ထိုင်းနယ်စပ်တွင် ရှိပြီး လူဦးရေ ၁၀၀၀၀၀ ခန့် ရှိသည်။ မြို့တော်မှာ Wa Tang မြို့ဖြစ်သည်။ ‘ဝ’ ပြည်ခေါင်းဆောင် အများစုမှာ ‘ဝ’ တိုင်းရင်းသားများ ဖြစ်ကြပါသည်။
၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို ဖွဲ့စည်းခဲ့သည်။ မူလအမည်မှာ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army) ဖြစ်ပြီး ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် အခြေအနေအရ အမည်ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။
‘ဝ’ ပြည်တပ်မတော်မှ စစ်သားများသည် တလလျှင် ဆန် ၅၀ ပေါင်နှင့် ရိက္ခာကြေး အဖြစ် တရုတ်ငွေ ယွမ် ၁၀၀ မှ ၂၀၀ အတွင်းသာ ရရှိသော်လည်း စိတ်ဓာတ်ရေးရာအရ မြင့်မားကြသည်။