အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် စစ်ဘက်ယာဉ်တန်းတခု ခြုံခိုတိုက်ခိုက်ခံရသည့်အတွက် တပ်သား၂၀ ခန့် ကျဆုံးခဲ့ ရပြီး ရက်အနည်းငယ် အကြာ အိန္ဒိယ စစ်တပ်က မြန်မာနိုင်ငံအတွင်းရှိ ရန်သူစခန်းများကို နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးသည် စိတ်စင်စားဖွယ် ဒေသတွင်း စစ်ရေးနှင့် နိုင်ငံရေး သတင်းဖြစ်လာခဲ့သည်။
ဇွန်လ ၄ ရက်နေ့က မဏိပူရ်ပြည်နယ်၊ ချန်ဒဲလ်ခရိုင်တွင် ခြုံခိုတိုက်ခိုက်မှုကြောင့် အိန္ဒိယ စစ်သား အနည်း ဆုံး ၂၀ ဦးခန့် သေဆုံး ၍ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့သည်။ တိုက်ခိုက်ပြီးသည့်နောက် သူပုန်များက မြန်မာ နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်သွားကြသည်ဟု သတင်းများကဆိုသည်။ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းတွင်မူ အိန္ဒိယ လေထီး ကွန်မန်ဒိုများက နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ကာ အိန္ဒိယ သူပုန်များ၏ စခန်းတခုကို တိုက်ခိုက်ခဲ့သည်။
မြန်မာဘက်က ပထမတွင် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟု သမ္မတရုံးက ပြောဆိုခဲ့ပြီး နောက်ပိုင်း အိန္ဒိယစစ်တပ်သည် မြန်မာပိုင်နက်ထဲ မဝင်ရောက်ဟုလည်းကောင်း၊ မြန်မာနိုင်ငံအတွင်း မည်သည့်လက်နက်ကိုင်ကိုမှ လက်သင့်မခံဟုလည်းကောင်း မြန်မာ့တပ်မတော်က ကြေညာချက် ထုတ်ပြန်သည်။
မည်သို့ဆိုစေ ယင်းတိုက်ခိုက်မှုသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် သူပုန်အဖွဲ့များ ပူးပေါင်း၍ မဟာမိတ်အဖွဲ့တခု တည်ထောင်ခဲ့သည့် နောက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် အိန္ဒိယ တပ်များကို တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာခြင်း ဖြစ်သည်။
သတင်းစကား
ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ၏ ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုဖြစ်သည်ဟု အိန္ဒိယ ပြန်ကြားရေးဝန်ကြီး ဌာနမှ အငယ်တန်း ဝန်ကြီး Rajyavardhan Singh Rathore က ရုပ်သံဌာနများသို့ ပြောကြားခဲ့သည်။
“အိန္ဒိယ နိုင်ငံသားတွေကို တိုက်ခိုက်တာက လက်ခံနိုင်စရာ မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေကို လက်ခံထားတဲ့ ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေ အတွက်လည်း သတင်းစကားတခု ဖြစ်ပါတယ်” ဟု Rajyavardhan Singh Rathore က နျူးကလီးယား လက်နက်ပိုင်ဆိုင်ထားသည့် ပြိုင်ဖက် ပါကစ္စတန်နိုင်ငံကို သွယ်ဝိုက်ရည်ညွှန်း ပြောဆိုသွားခဲ့သည်။
ပါကစ္စတန်ကမူ မိမိတို့သည် မြန်မာကဲ့သို့ မဟုတ်ဘဲ အိန္ဒိယအနေဖြင့် နယ်စပ်ဖြတ်ကျော် တိုက်ခိုက်လာပါက အချုပ်အခြာ အာဏာကို ထိပါးခြင်းဖြစ်သောကြောင့် လက်သင့်မခံကြောင်း တင်းတင်းမာမာ ပြောဆိုလာရာ အမေရိကန်ပြည်ထောင်စုက စိတ်အေးအေးထား ဖြေရှင်းကြရန် ကြားဝင်တိုက်တွန်းခဲ့ရသည်။
အိန္ဒိယ နိုင်ငံမှ နာဂလန်း၊ မဏိပူရ်နှင့် အရွန်နချယ် ပရာဒေ့ ပြည်နယ်များနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်း အတွင်းမှ တောတောင်များတွင် အခြေချနေကြသော သူပုန်များကို နှင်ထုတ်ပစ်ရန် မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံက စည်းရုံးနေခဲ့သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုအချိန်အထိ အောင်မြင်မှု မရရှိသေးပါ။
ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများက အဆိုပါ သူပုန်အများအပြားကကို တိုက်ထုတ်ခဲ့ပြီး သုတ်သင်ခြင်း၊ ဖမ်းဆီးခြင်းများ ပြု လုပ်ခဲ့သည့် အချိန်တွင် မြန်မာနိုင်ငံက ကချင်၊ ကိုးကန့် နှင့် ကရင် ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုက်ပွဲကြီးများ တိုက်ခိုက်နေရသည့် အတွက် ထိုနည်းအတိုင်း ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဇွန်လ ၉ ရက်နေ့ က မဏိပူရ်ပြည်နယ်တွင် ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်သား ၂၀ ခန့် ကျဆုံးခဲ့ ပြီးနောက်တွင် ပြန်လည် တိုက်ခိုက်ရန် အိန္ဒိယ အစိုးရက ဆုံးဖြတ်ခဲ့သည်။
“အိန္ဒိယ-မြန်မာ နယ်စပ်က သူပုန်စခန်းတွေကို တိုက်ခိုက်မှုက သူတို့ဖက်က တိုက်ခိုက်မှုတွေပိုလုပ်လာမယ်ဆိုတဲ့ တိကျ သေချာတဲ့ သတင်းကြောင့် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ သူပုန်တွေ အများကြီးကျဆုံးသွားအောင် ကျနော်တို့ တိုက်ခိုက်ခဲ့ ပါတယ်” ဟု အိန္ဒိယ စစ်တပ်မှ ဗိုလ်ချုပ် Ranbir Singh ကပြောသည်။
စစ်တပ် ကွန်မန်ဒိုများက တိုက်ခိုက်မှု အနည်းဆုံး ၂ ကြိမ်ခန့်ပြုလုပ်ခဲ့သည်ဟု အိန္ဒိယ စစ်ဘက်အရာရှိများက ဆိုသည်။ တကြိမ်မှာ နာဂလန်း ပြည်နယ်အတွင်းမှ နာဂသူပုန်များ၏ စခန်းတခုကို တိုက်ခိုက်ခြင်း ဖြစ်ပြီး နောက်တကြိမ်မှာ မဏိပူရ် ပြည်နယ်ရှိ Chassad တွင်ဖြစ်သည်။
တတိယမြောက် အဖြစ် မြန်မာနိုင်ငံအတွင်းမှ Onzia ရှိ နာဂနှင့် မဏိပူရ်သူပုန်များ၏ ပူးပေါင်း စခန်းတခုကိုလည်း တိုက် ခိုက်ခဲ့သည်ဟု ထောက်လှမ်းရေးအရာရှိများကပြောသည်။
မေးခွန်း
တိုက်ခိုက်မှုများ ကြောင့် သူပုန် ၃၀ မှ ၅၀ အတွင်း သေဆုံးခဲ့သည်ဟု စစ်ဘက်အရာရှိများ ကပြောကြားပြီး အိန္ဒိယ အစိုးရက စီးနင်းတိုက်ခိုက်မှုကို အဓိက အောင်မြင်မှုတခု အဖြစ် သရုပ်ဖော်ခဲ့ခြင်း နှင့် ပတ်သက်၍ မဏိပူရ် ပြည်နယ်တွင် နေထိုင်သူများက မေးခွန်းထုတ်နေကြသည်။
“ရန်သူ စခန်းတွေ ထိခိုက်ပျက်စီးမှု အတိုင်းအတာ ဒါမှမဟုတ် ရန်သူ့အလောင်းတွေကို ဖော်ပြတဲ့ ဓာတ်ပုံတွေ ထုတ်ပြန် ပေးတာမျိုး မရှိသေးဘူး” ဟု လူငယ်တယောက်က BBC ကိုပြောသည်။
“သူပုန်အများစုရဲ့ မိသားစုတွေက မဏိပူရ်မှာ ရှိတယ်။ တကယ်လို့ သေဆုံးတဲ့သူတွေများမယ်ဆိုရင် သတင်းတွေ ကြားရမှာပဲ။ အခု အဲဒါမျိုး မကြားရသေးဘူး” ဟုလည်း သူကပြောသည်။
ယခုအခါ သတင်းများက တိုက်ခိုက်မှုသည် နယ်စပ်အနီးရှိ စခေန်းငယ် အချို့ ကို တိုက်ခိုက်ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဖော် ပြ နေကြသည်။
အရွယ်အစား များစွာ အရေးမပါလှသည့် သာမန်စစ်ဆင်ရေးတခု ဖြစ်သည်ဟု နယူးဒေလီမြို့ အခြေစိုက် Institute of Conflict Management မှ ဒေါက်တာ Ajai Sahni ကပြောသည်။
“ကျနော်တို့က မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ခိုင်မာတဲ့ ပစ်မှတ်တခုကို ရွေးခဲ့သင့်တယ်။ ပြီးတော့ ခေါင်းဆောင်ပိုင်းက ကေဒါ အချို့ကို တိုက်ခိုက်ရမယ်” ဟု သူက ပြောသည်။
“အဲဒီလို လုပ်မယ့် အစား ကျနော်တို့က အင်အားနည်းပြီး အနီးကပ်ဆုံးဖြစ်တဲ့ စခန်းတွေကို တိုက်ခိုက်ခဲ့တယ်။ ဒါကြောင့် ဒီ လက်တုန့်ပြန်တိုက်ခိုက်မှုမှာ အိန္ဒိယဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့တာဖြစ်ပါတယ်” ဟုလည်း Ajai Sahni က ဆိုသည်။
စစ်ရေးအရ ဆောင်ရွက်မှုများ ပိုမိုပြုလုပ်ရန် ပြောဆိုမှုများလည်း ရှိနေသော်လည်း လေသံလျှော့ချရန် နှင့် အေးချမ်းစွာ ဖြေရှင်းမှုများပြုလုပ်ရန် အိန္ဒိယ အစိုးရ အပေါ်ဖိအားပေးမှုများလည်း ရှိနေသည်။
ပူးပေါင်းဆောင်ရွက်မှု သမိုင်း
နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံက မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်ဟု ဗိုလ်ချုပ် Ranbir Singh ကပြောသည်။ “ကျနော်တို့ ၂ နိုင်ငံစစ်တပ်တွေကြားမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိပါတယ်” ဟု သူက ထပ်ပြောသည်။
ဗိုလ်ချုပ် Ranbir Singh မှန်ပါသည်။
မြန်မာ အစိုးရတပ်ဖွဲ့များသည်လည်း ချင်းနှင့် ရခိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လိုက်လံတိုက်ခိုက်ရင်း အိန္ဒိယနိုင်ငံမှ မီဇိုရမ်နှင့် မဏိပူရ်ပြည်နယ်များ အတွင်းသို့ အခါအားလျော်စွာ ဖြတ်ကျော် ဝင်ရောက်ခြင်းများ ရှိခဲ့ သည်။ ထိုအချိန်များတွင် အိန္ဒိယ နိုင်ငံက မသိယောင်ဆောင်နေခဲ့သည်။
“အခု ကိစ္စမှာလည်း မြန်မာနိုင်ငံက ဒီလိုပဲလုပ်မယ့် ပုံရှိပါတယ်” ဟု အိန္ဒိယ စစ်တပ်မှ အငြိမ်းစား အရာရှိတဦး ဖြစ်သည့် Gaganjit Singh ကပြောသည်။ သူက အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် စစ်တိုင်းတခုကို ကွပ်ကဲခဲ့ရသူလည်း ဖြစ်ပါသည်။
“ကျနော်တို့နဲ့ မြန်မာနိုင်ငံကြားမှာ ကောင်းမွန်တဲ့ စစ်တပ်ချင်းပူးပေါင်း ဆောင်ရွက်မှုရှိပါတယ်။ တယောက်ရဲ့တာဝန်ကို တယောက်က အပြန်အလှန် နားလည်ကြပါတယ်။ သူတို့ (မြန်မာနိုင်ငံ) မှာ တိုက်ခိုက်ရမယ့် အင်အားကြီးမားတဲ့ လက် နက်ကိုင် တော်လှန်မှုတွေ ရှိပါတယ်။ ကျနော်တို့ နိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း ဖြေရှင်းရမယ့် လက်နက်ကိုင် သူပုန် တွေရှိနေပါတယ်” ဟု သူကပြောသည်။
၁၉၉၅ ခုနှစ်က ပြုလုပ်ခဲ့သည့် Golden Bird စစ်ဆင်ရေးတွင် မြန်မာ စစ်တပ်က အိန္ဒိယ နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည်။ အဆိုပါ စစ်ဆင်ရေးက အိန္ဒိယ အရှေ့မြောက်ပိုင်းမှ ခွဲထွက်ရေးသမားများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ခွဲထွက်ရေး သမားများက ၎င်းတို့အတွက် လက်နက်များကို ရခိုင်ကမ်းရိုးတန်းမှ တဆင့် သယ်ယူခဲ့ကြခြင်း ဖြစ်သည်။
“ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ အိန္ဒိယ အရှေ့မြောက်ပိုင်းက ခွဲထွက်ရေးသမားတွေကို ဆန့်ကျင်ဖို့ အတွက် သူတို့ သိပ် မလုပ်ခဲ့ကြဘူး” ဟု မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာသူတဦး ဖြစ်သည့် Binoda Mishra ကပြောသည်။
အိန္ဒိယ စစ်တပ်က အိမ်နီးချင်း နိုင်ငံများ၏ နယ်စပ်ကိုဖြတ်ကျော်၍ သူပုန်စခန်းများကို တိုက်ခိုက်ခြင်းကို များစွာပြုလုပ် လေ့ မရှိပါ။
၂၀၀၃ ခုနှစ်က ဟိမဝန္တာဒေသ ဘူတန်နိုင်ငံတွင်းမှ အိန္ဒိယ အရှေ့မြောက်ပိုင်း သူပုန်များ ကို ရှင်းလင်းရာတွင် ဘူတန် စစ်တပ်နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည်။
ဇွန်လ ၉ ရက်နေ့က မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခြင်းသည် အိန္ဒိယ၏ ပြည်တွင်း လက်နက်ကိုင် တော် လှန်မှု ချေမှုန်းရေး ဗျူဟာတွင် အဆင့်သစ်တခုကို စတင်လိုက်ခြင်း ဖြစ်သည်။
“အိန္ဒိယနိုင်ငံက ကျနော်တို့ရဲ့ နယ်စပ်တွေကို ကျော်ဖြတ်ပြီးတော့ တိကျသေချာတဲ့ တိုက်ခိုက်မှုတွေ လုပ်နိုင်စွမ်း ရှိပါ တယ်။ ခုချိန်အထိ တဘက်ကသာတယ် တဘက်က နာတယ်ဆိုတာမျိုးလည်း မရှိသေးပါဘူး ” ဟု Gaganjit Singh က ပြောသည်။
(BBC အွန်လိုင်းပါ Subir Bhaumik ၏ Is Myanmar raid Indian counter-insurgency shift? ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ Subir Bhaumik သည် ကိုလ်ကတ္တား အခြေစိုက် အလွတ်တန်း စာနယ်ဇင်းသမား နှင့် စာရေးဆရာ တဦးဖြစ်ပါသည်။)