ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး က ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ-AAPP)ရုံး ၊ မယ်တော်ဆေးခန်းနှင့် မယ်လ ဒုက္ခသည်စခန်းတို့ကို ကွင်းဆင်း လေ့လာ ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ ယာယီတာဝန်ခံ Mr W Patrick Murphy ဦးဆောင်သည့် သံရုံးအဖွဲ့ဝင်များသည် ဇွန် လ ၂၄ ရက်နေ့က ကွင်းဆင်းခဲ့ခြင်းဖြစ်ပြီး AAPP နှင့် တွေ့ဆုံစဉ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျဉ်းသား အခြေ အနေ များ နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ စိုးရိမ်မှုများကို ဆွေးနွေးခဲ့ကြောင်း၊ ဘာသာရေးအစွန်း ရောက် အုပ်စုများ အား ကောင်း လာခြင်းအပေါ် မြန်မာအစိုးရအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် ရန် လိုအပ်ကြောင်းနှင့် သာယာဝတီ အကျဉ်း ထောင် ထဲတွင် ကျောင်းသားလှုပ်ရှားမှုဖြင့် ထိန်းသိမ်းခံထားရသူများ လုံလောက် သည့် ကျန်းမာရေး စောင့် ရှောက် မှုများ မရရှိဘဲ ဖြစ်နေသည့် အခြေအနေများကိုလည်း ဆွေးနွေး ဖြစ် ကြောင်းဟု သိရှိရသည်။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည် က “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့စိုးရိမ်စိတ်တွေရှိတယ်။ မဲစာရင်း တွေ အမှားများနေတဲ့ ကိစ္စတွေအပါအဝင် ကိုကိုကြီး (၈၈) တို့လို ရွေးကောက်ပွဲဝင်ရွေးမယ့်သူတွေကို ပုဒ်မ အမျိုးမျိုး တပ် နေတာတွေ ရှိတယ်။ နောက်နိုင်ငံရေးအကျဉ်းသား အရေအတွက်ပိုများလာတဲ့ကိစ္စတွေ ဆွေးနွေးဖြစ်တယ်” ဟု ဧရာဝတီ သို့ ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း နိုင်ငံရေးအကျဉ်းသား အရေအတွက် ပြန်လည် တိုးမြင်လာပြီး လက်ရှိ တွင် ဖမ်းဆီးထောင်ချခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၇၀ ခန့်ရှိပြီး အမှုရင်ဆိုင်နေသူ ၄၀၀ ကျော်ရှိကြောင်း ကိုဘိုကြည် က ပြောသည်။
Mr W Patrick Murphy သည် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၊ ပြည်တွင်းက ငွေကြေးချို့တဲ့သူများနှင့် လူမျိုး ဘာသာ မရွေး အခမဲ့ဆေးကုသပေးနေသော မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ၏ မယ်တော်ဆေးခန်း (ကျောင်းသား ဆေးခန်း) ကိုလည်း သွားရောက်ပြီး ဆေးကုသ၊ စောင့်ရှောက်ပေးနေမှုများကိုလည်း လေ့လာကြောင်း သိရှိရ သည်။
နယ်စပ်ဒေသရှိ မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးအခြေအနေများအပြင် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး အခြေ အနေ ၊ နိုင်ငံရေး အကျဉ်းသားများအခြေအနေ၊ မြန်မာလူထု ကြုံတွေ့နေကြရသည့် စားဝတ်နေရေးနှင့် မြေယာ ပြဿနာ များ၊ တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသအခြေအနေများနှင့် ရွေးကောက်ပွဲဆိုင်ရာ အခြေအနေများအပေါ် ဆွေးနွေး ဖြစ်ခဲ့ ကြကြောင်းသိရသည်။
“လူထုတွေရဲ့ စားဝတ်နေရေးနဲ့ မြေယာကိစ္စတွေ အပါအဝင် တချိန်တည်းမှာဘဲ တိုက်ပွဲ ဖြစ်ပွားနေတဲ့ တချို့ဒေသတွေရဲ့ အခြေ အနေတွေ လက်ရှိပြောင်းလဲမှု အခြေအနေထဲမှာ လူထုအနေနဲ့ အားရမှုတွေ မရှိသေး ဘဲ၊ စိုးရိမ်ကြောင့် ကြမှု တွေရှိနေသေးတယ် ဆိုတာ ကျမတို့ ဆွေးနွေးဖြစ်ကြပါတယ်” ဟု ဒေါက်တာ စင်သီယာမောင် က ဧရာဝတီသို့ပြောသည်။
Mr. W Patrick Murphyသည် ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်သည့် မယ်လ ဒုက္ခသည် စခန်း ကိုလည်း သွားရောက်လေ့လာခဲ့ပြီး ၎င်း သွားရောက် လည်ပတ်ချိန်သည် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်များကို နေရပ်ရင်း ပြန်ပို့မည်ဟု သတင်းများ ထွက်ပေါ်နေ၍ စစ်ဘေးရှောင်ဒုက္ခသည်များ စိုးရိမ်းမကင်းဖြစ်နေကြရသည့် အချိန် နှင့်လည်း တိုက်ဆိုင်နေကာ အမေရိကန်အစိုးရ၏ မူဝါဒသည် မြန်မာနိုင်ငံအတွင်း အခြေအနေများ တည်ငြိမ်၍ ပြန်နိုင် သည့် အခြေအနေ ရောက် လျှင်ပင် ဒုက္ခသည်များ၏ ဆန္ဒဖြင့် ပြန်သည့်အနေအထားပင်ဖြစ်ရမည်ဖြစ်ကြောင်း Mr. W Patrick Murphy က ဘီဘီစီသတင်းဌာန( မြန်မာပိုင်း)သို့ ပြောဆိုခဲ့သည်။
မြန်မာဒုက္ခသည်များ အမေရိကန် နိုင်ငံတွင် ပြန်လည် နေရာချထားရေး အစီအစဉ်ကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပြီး လိုအပ်သည့် အချက်အလက်များနှင့် ပြည့်စုံသူများ အမေရိကန်သို့ သွားနိုင်ဆဲဖြစ်ကြောင်း၊ ဒုက္ခသည်များအတွက် အမေရိကန်က တံခါးဖွင့်ထားဆဲဖြစ်သည်ဟု Mr. W Patrick Murphy က ပြောဆိုကြောင်း ဘီဘီစီသတင်းတွင် ဆက်လက် ဖော်ပြထားသည်။