ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်၏ တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအောင်ခမ်းနှင့် အထွေထွေ အတွင်း ရေးမှူး ဦးအောင်ဆားတို့ကို ဇွန်လ ၁၉ ရက်က လက်နက်ကိုင် အဖွဲ့တခုက ဖမ်းဆီးထိန်းသိမ်းသွားကြောင်း ပါတီ ဗဟိုတွဲဖက်အထွေထွေ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ပြောသည်။
“ကျနော်တို့ သိရသလောက်တော့ အဲ့ဒီဒေသမှာ လှုပ်ရှားနေတဲ့ RCSS/SSA က ဖမ်းသွားတာ ဖြစ်ပါတယ်။ သူတို့ ပြန်လွတ် ရေးအတွက် ညှိနှိုင်းဖို့ ကျနော်တို့ ဒီနေ့ပဲ သွားမှာပါ” ဟု ပါတီဗဟို တွဲဖက်အထွေထွေ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်က ဧရာဝတီသို့ ပြောသည်။
တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့သည် မိုင်းကိုင်မြို့၌ ပါတီစည်းရုံးရေး လုပ်ငန်း များ ဆောင်ရွက်စဉ် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် ယနေအထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း တအာင်း(ပလောင်) အမျိုးသား ပါတီဗဟိုမှ စုံစမ်းသိရသည်။
မိုင်းကိုင်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်း ခရိုင်အတွင်း တည်ရှိပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ထိန်းချုပ်လှုပ်ရှားရာ နယ်မြေတခုဖြစ်ကြောင်းနှင့် ထိုဒေသ အခြေစိုက်သည့် RCSS/SSA လက်အောက်ရှိ အမှတ် (၃၃၇) တပ်က ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု မိုင်းအုဏ်းခိုင်က ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ RCSS/SSA ဘက်က ငြင်းဆိုခဲ့ပြီး ထိုတပ်ရင်းနံပါတ် မရှိကြောင်းနှင့် ထိုသို့ ဖမ်းဆီးထိန်း သိမ်းထားခြင်းကိုလည်း မသိရသေးကြောင်း RCSS/SSA အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက ဧရာဝတီကို ပြောသည်။
“အထောက်အထား မရှိဘဲ ပြောဆိုနေကြတာပါ။ ကျနော်တို့ကို စွပ်စွဲမယ်ဆို ခိုင်လုံတဲ့ သက်သေတွေ ရှိဖို့လိုပါတယ်။ ဗဟိုကလည်း ဒါကိုမှန်မမှန် ဆက်လက် စစ်ဆေးနေပါတယ်”ဟု ဗိုလ်မှူးကြီး စိုင်းလှက ဆိုသည်။
တအာင်း(ပလောင်) အမျိုးသားပါတီ ဥက္ကဌနှင့် အထွေထွေ အတွင်းရေးမှူးတို့အား ထိုသို့ ဖမ်းဆီး ထိန်းသိမ်းခံထားရခြင်း အပေါ် အမှန်အတိုင်း ဖြစ်စေရေး အတွက် RCSS/SSA က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
တအာင်း (ပလောင်) အမျိုးသားပါတီ ဗဟိုမှ တာဝန်ရှိသူများက ဖမ်းဆီးခံရမှုဖြစ်စဉ် အသေးစိတ် သိရှိနိုင်ရေးအတွက် မိုင်းကိုင် မြို့သို့ သွားရောက်မည်ဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး မိုင်းအုဏ်းခိုင်၏ အဆိုအရ သိရှိရသည်။