စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ယနေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဓိက ကျသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပုဒ်မများ မပြင်ဆင်နိုင်တော့ဘဲ ရှုံးနိမ့် သွားခဲ့သော်လည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောဆိုလိုက်သည်။
ဇွန်လ ၂၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ၊ ပုဒ်မ ၄၃၆ (ခ) ၊ပုဒ်မ ၄၁၈ (ခ) ၊ ပုဒ်မ ၆၀ (ဂ) ၊ ပုဒ်မ ၅၉ (စ) (ဃ) ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ မဲပေးခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၅၈၃ ဦး ရှိသည့်အနက် ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးအတွက် ထောက်ခံမဲ ၃၇၁ မဲ၊ ပုဒ်မ ၆၀(ဂ)အတွက် ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၁၈(ခ) အတွက် ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၃၆(က) အတွက် ထောက်ခံမဲ ၃၈၈ မဲ၊ ပုဒ်မ ၄၃၆(ခ) အတွက် ထောက်ခံမဲ ၃၈၈ မဲသာ ရရှိပြီး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်မရရှိသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင် ရေး အရေးနိမ့်သွားခဲ့ရကြောင်း သိရှိရသည်။
သို့ရာတွင် ပုဒ်မ ၅၉(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့် အမြင် များရှိရမည်ဆိုသော ပြဋ္ဌာန်းချက်တွင် စစ်ရေး အစား ကာကွယ်ရေး ဆိုသော စကားရပ် ဖြင့် အစားထိုး ပြင်ဆင်ခြင်းသည် ထောက်ခံသည့်မဲအရေအတွက် ၅၅၆ မဲရရှိခဲ့သည့်အတွက် ၇၅ ရာခိုင်နှုန်းကျော်ခဲ့ရရှိကာ ပြင်ဆင်နိုင်ခဲ့ ကြောင်း သိရှိရ သည်။
ရှုံးနိမ့်သွားသည့် ပုဒ်မ ၄၃၆(က)နှင့် (ခ)မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အရေးကြီးသည့် ပုဒ်မများ ဖြစ်ပြီး ပုဒ်မ ၅၉(စ) မှာလည်း ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်တားမြစ်ထားသည့်ပုဒ်မဖြစ်သည်။
“ဒါက အံ့သြစရာရလဒ်တော့မဟုတ်ဘူး။ မျှော်လင့်ထားပြီးသားပါ။ ရှေ့ဆက်ပြီး ရွေးကောက်ပွဲကိုလည်း ဝင်သွားမယ်။ ကြံ့ခိုင် ရေး က တင်သွင်းတဲ့ဥပဒေကြမ်းက လုံလောက်မှုမရှိပါဘူး။ ဒီလိုမထိရောက်တာကိုတောင်မပြင်ချင်ရင် ပြုပြင် ပြောင်းလဲရေးဆိုတဲ့မူကိုတောင် လက်မခံဘူးလို့ပြောရမှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ၆ ပွင့်ဆိုင် တွေ့ဆုံရေးကိုလည်း စိတ်မဝင်စားတော့ဘဲ အချိန်ကုန်သည်သာ အဖတ် တင် ကြောင်း၊ ယနေ့ လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲမှု ရှုံးနိမ့်သွားခြင်းကြောင့် ပြည်သူများ စိတ်ဓာတ် မကျရန် လိုကြောင်း၊ ယနေ့ လွှတ်တော်တွင်း မဲခွဲလိုက်မှုကြောင့် ပြည်သူများအနေဖြင့် မည်သူကို ထောက်ခံရမည်ကို ရှင်းရှင်း လင်းလင်း သိသာစေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။