ဂီတလောက Underground မှာ အချိန်အကြာကြီး ကျင်လည်ခဲ့ပြီး တကိုယ်တော်အခွေ ထွက်ရှိမှ ပရိသတ် လက်ခံ အားပေးမှု ရရှိလာတဲ့ အဆိုရှင် မိန်းကလေးတဦး ရှိပါတယ်။ သူ့ရဲ့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ အတွက် ဂီတ အစပိုင်းဟာ လွယ်ကူခဲ့တာ မဟုတ်ဘဲ ဂီတတခုတည်းကို ရူးသွပ်စွာနဲ့ ဖက်တွယ်ထားခဲ့လို့ အောင်မြင်စွာ ရပ်တည်လာနိုင် သူတယောက်လည်း ဖြစ်ပါတယ်။ သူကတော့ တေးသံရှင် ပိုပိုပါ။
ပိုပိုက ပထမဆုံး တကိုယ်တော် ထွက်ရှိခဲ့တဲ့ “ချစ်ဖူးခဲ့သမျှ” အခွေထဲက ကိုယ်တိုင် ရေးစပ်ပြီး သီဆိုခဲ့တဲ့ သီချင်းတိုင်း ကလည်း ပရိသတ် အားပေးမှုတွေ ရရှိခဲ့လို့ အခုလို ဂီတလမ်းမှာ ခိုင်မာစွာ ရပ်တည်လာခဲ့သူ တဦးပါ။ မေလ ၂၉ ရက်နေ့ ကလည်း နောက်ထပ် တကိုယ်တော် တေးစီးရီး အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုကို ဖြန့်ချိခဲ့ပြီ ဖြစ်ပါတယ်။ တက်တူးတွေ ထိုးရတာ သဘောကျတဲ့ ပိုပိုရဲ့ ဂီတလမ်းအစ အပြင် ပိုပု့ိရဲ့ ငယ်ဘဝ ဖြတ်သန်းမှု များကလည်း တမူကွဲပြား နေပါသေးတယ်။ ဒါကြောင့် တေးသံရှင် ပိုပိုရဲ့ အကြောင်းကို ဖော်ပြပေးနိုင်ဖို့ ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်း ထားပါတယ်။
မေး။ ။ ပိုပိုရဲ့ ဂီတသက်တမ်းက ဘယ်လောက်ရှိပြီလဲ။ ပိုပိုလျှောက်လာခဲ့တဲ့ ဂီတလမ်းအကြောင်းကို ပြန်ပြီးတော့ ပြောပြပေးပါဦး။
ဖြေ။ ။ ပိုပိုက ဆယ်တန်းအောင်ပြီးတဲ့ အချိန်ကတည်းက ဂီတာတီးတယ်၊ သီချင်းဆိုတယ်။ အဲဒါက ၂၀၀၆ ခုနှစ် လောက်ကပေါ့။ ၂၀၀၇ ခုနှစ် လောက်မှာတော့ သီချင်းဆို ပြိုင်ပွဲတွေ စဝင်ခဲ့တယ်။ ပြိုင်ပွဲတွေက ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ ခုနှစ် အထိကို ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့တယ်။ အခုဆိုရင်တော့ ပိုပို့ ဂီတသက်တမ်းက ၉ နှစ်လောက် ရှိပြီပေါ့။ အဲဒီ အချိန်မှာလည်း ပိုပို တခြား ဘာအလုပ်မှ မလုပ်ခဲ့ဘူး။ သီချင်းကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တယ်။ သီချင်းတွေ လုပ်လိုက်၊ ပိုက်ဆံ ကုန်သွားလိုက်နဲ့လေ။ လက်စွပ်လေးတွေ ပေါင်လိုက်၊ သီချင်းတွေ ပြန်လုပ်လိုက်၊ ပြီးရင် ပြန်ရွေးလိုက်နဲ့လေ။ ပြီးတော့ မရှိပြန်ရင် ပေါင်လိုက်၊ ရွေးလိုက်နဲ့ ၅ နှစ်၊ ၆ နှစ်လောက်ကို အဲဒီလို အချိန်တွေ ဖြစ်ခဲ့တာ။ စားစရာ မရှိရင်တောင် ပိုပို စိတ်မဝင်စားဘူး။ ပိုပို သီချင်းပဲ လုပ်နေတာ။ ကိုယ့်မုန့်ဖိုးတွေ ကိုယ်စုပြီး Recording တွေ ဝင်တယ်။ ပေးစရာ မရှိရင် အကြွေးတွေ ထားပစ်လိုက်တယ်။ ကိုယ့်မှာ အခက်အခဲတွေ ရှိနေတာ သိတော့ အကုန်လုံးကလည်း ဝိုင်းပြီး ကူညီပေးကြပါတယ်။ ဒါကြောင့် ဟိုးအရင်ထဲက ပိုပို့ကို ကူညီပေးခဲ့ကြတဲ့ သူတွေ အားလုံးကို ပိုပို မမေ့ပါဘူး။ မတွေ့ဖြစ်လို့သာ မတွေ့ဖြစ်ကြမယ်။ အားလုံးကို မမေ့ပါဘူး။ ကျေးဇူးလည်း တင်ပါတယ်လို့ ပြောချင်ပါတယ်။
မေး။ ။ အဲဒီအချိန်တွေတုန်းက စိတ်ဓာတ်ရော ကျခဲ့ဖူးလား။ ဂီတလမ်းကို ဘယ်လိုအင်အားတွေ၊ စိတ်ဓာတ်တွေနဲ့ ဆက်လျှောက် ဖြစ်တယ်ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ရှိပါတယ်။ ဘယ်လိုလဲ ဆိုတော့ ပိုပိ့ုအခွေကို ပရိုဂျုဆာ တယောက်ကို ပြပေးဖို့ အစ်ကိုတယောက်က လုပ်တဲ့အခါ မပြဖြစ်တဲ့ အခြေအနေတခု ဖြစ်လာတော့ ပိုပိုဖုန်းပြောရင်း လမ်းဘေးမှာထိုင်ပြီး ငိုဖူးပါတယ်။ အဲဒီလို ငိုတာ နှစ်ရက်လောက်အထိကို ကြာခဲ့တယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတယ် ပေါ့နော်။ ပြီးတော့ တစ်ကနေ ပြန်စတယ်။ အဲဒီ ပြန်ပေးမယ် ပြောတဲ့ အစ်ကိုကလည်း အမြဲအားပေးတယ်။ သူကလည်း အတွဲခွေ လုပ်မယ် ဆိုတော့ ပါဝင်သီဆိုဖို့ ပြောတယ်။ အားပေးတယ်။ ကိုယ်လည်း အဲဒီမှာ အားတင်းပြီး တစ်ကနေ ပြန်စဖို့ ကြိုးစားခဲ့တယ်။
မေး။ ။ အခု ဒုတိယစီးရီး အခွေ ဖြစ်တဲ့ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယိုမှာ Underground က တချို့ကို သီချင်း တွဲဆိုပြီး ထည့်ပေးထားတာ တွေ့ရတယ်။ တော်တော်များများ ကိုလည်း ခေါ်သုံးတာတွေ့ရတယ်။ အဲဒါက ဘာကြောင့် လဲ။
ဖြေ။ ။ အဲဒါနဲ့ပတ်သတ်လို့ ပိုပိ့ုမှာ ခံစားချက် ရှိတယ်။ ကိုယ်တိုင်လည်း Underground မှာ အချိန် အကြာကြီး ကြိုးစားခဲ့ရတယ်။ ကိုယ့်အလှည့်တုန်းက ကိုယ့်ကို ဆွဲခေါ်မယ့်သူ မရှိခဲ့ဘူး။ ကိုယ့်ဘာသာ ကြိုးစားခဲ့ရတာ။ အခု ပိုပို့ အခွေမှာ သုံးထားတဲ့ ဆုစန္ဒီထွန်း၊ ရွယ်ရွယ်ရယ်၊ သူတို့ ဆိုရင် တော်တယ်။ သီချင်းတပုဒ်ကို ဖန်တီးတဲ့နေရာမှာ နာမည်ကြီး တဲ့ အဆိုတော် မလိုပါဘူး။ အသံကောင်းတဲ့ သူပဲ လိုတယ်။ တကယ်တော်တဲ့ သူပဲ လိုတယ်။ ဒါကြောင့် ပိုပိုက Underground က တကယ်တော်တဲ့ အစ်မတွေ၊ ညီမတွေကို အကူအညီ တောင်းပြီးတော့ လုပ်ဖြစ်တာပါ။
မေး။ ။ ဒါဆိုရင် ပိုပိုက Underground က တကယ်တော်တဲ့ သူ၊ အရည်အချင်းရှိတဲ့သူ တွေကိုလည်း အမြဲ စောင့်ကြည့်နေတယ် လို့ ဆိုလိုတာပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။ ဆုစန္ဒီထွန်းဆိုရင်လည်း သူ သီချင်း မရေးတတ်ပေမယ့် သူသီချင်းဆိုတာ တကယ် တော်တယ်။ I Will Go ဆိုတဲ့ Rap သီချင်းတပုဒ် ထွက်ထားတာ သူ့ကို တော်တော် ကြိုက်ကြတယ်။ နောက် မရွယ် ဆိုရင်လည်း သူ့သီချင်းတွေက အပြင်မှာ ပေါက်တယ်။ သူ့ကိုလည်း သဘောကျတယ်။ ဒါကြောင့်သူတို့ကို အခု ပိုပို့ အခွေမှာ ပါဖို့ အကူအညီတောင်း ဖြစ်တယ်။
မေး။ ။ ကိုယ့်ဂီတ အပေါ် ပေးဆပ်ပြီး လုပ်ခဲ့ရတာနဲ့ အခု ဒီလိုအချိန်မှာ ကိုယ်ရောက်နေတဲ့ နေရာနဲ့ ယှဉ်ရင် တန်တယ် လို့ရော ခံစားမိလား။ ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ရောက်နေတဲ့ နေရာကို ပျော်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကြိုးစားခဲ့ရတဲ့ အတွက် ဒီလိုနေရာကို ရလာတာလေ။ ဒါပေမယ့် ပိုပို ဒီထက်ပိုပြီး ကြိုးစားရဦးမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီထက် အောင်မြင်ဖို့ အတွက်ပေါ့။ ဒီထက် အောင်မြင်ဖို့ အတွက်ကလည်း ပိုပို အများကြီး ကြိုးစားရဦးမှာ ပါ။ ကြိုးစားခဲ့တဲ့ အတွက်လည်း အောင်မြင် ခဲ့တယ်။
မေး။ ။ ဂီတက ကိုယ့်အပေါ် လွှမ်းမိုးမှု ဘယ်လောက်အထိ ရှိနေတာလဲ။
ဖြေ။ ။ ပိုပို စိတ်တွေ ညစ်လာပြီ ဆိုရင် ဘာကြောင့်စိတ်ညစ်လဲ ဆိုတာကို မစဉ်းစားတတ်ဘူး။ ဒါပေမယ့် တခုရှိတယ်၊ သီချင်းတွေ နားထောင်လိုက်ပြီ ဆိုရင် စိတ်က အလိုလို ပျော်သွားရော။ သီချင်းနား မထောင်ရရင် ပိုစိတ်ညစ်တယ်။ အလုပ်တွေ ရှုပ်နေတဲ့ အခါ၊ များနေတဲ့ အခါကျရင် ပိုပို သီချင်းတွေ နားမထောင်ဖြစ်ဘူး။ အဲဒီအခါ ကျရင် စိတ်တွေ ညစ်လာရော၊ သီချင်းပြန်နားထောင် လိုက်ရင်တော့ စိတ်က ပြန်ပြီး ပျော်လာရော၊ စိတ် မညစ်တော့ ဘူး။ အဲဒါက ဂီတက ပိုပ့ိုအပေါ် လွှမ်းမိုးမှု ဘယ်လောက်ရှိ၊ မရှိဆိုတာပဲ။
မေး။ ။ ပိုပိုက တက်တူးထိုးရတာ နှစ်သက်တယ် နော်။ အခုလည်း ပိုပို အဘွားပုံ တက်တူးထိုးမယ် သိရတယ်။ အဘွားနဲ့ ပတ်သတ်ပြီး ခံစားချက်က ဘယ်လိုရှိလို့လဲ။
ဖြေ။ ။ ပိုပို ၁၀ လ သမီးလေး ကတည်းက အဖေနဲ့ အမေက ကွဲသွားတဲ့ အခါကျတော့ အဘွားနဲ့ပဲ နေခဲ့ရတာကိုး။ အဘွားက ပိုပို့ကို စိတ်ဆိုးတဲ့အခါ အမြဲပြောတယ်။ နင့်ကို ငါက ရှေးဟောင်းဒင်္ဂါးပြားတွေ ရောင်းပြီး နို့ဘူးဝယ်တိုက် ခဲ့ရတာတဲ့၊ ငါနှမျောတယ် တဲ့၊ အခု နင့်ကို ပြောလို့ မရတော့ဘူး ဆိုပြီးလေ။ သူစိတ်ဆိုးတဲ့ အခါတိုင်း အဲဒီလို ပြောပေမယ့် အရမ်း ချစ်ဖို့ကောင်းပါတယ်။ အဘွားက ပိုပိုငယ်ငယ်မှာပဲ ကျန်းမာရေးကြောင့် ခြေထောက်တချောင်း ဖြတ်လိုက်ရတယ်။
နောက် ပိုပို ဆယ်တန်းရောက်တဲ့ အချိန်မှာပဲ နောက်ခြေထောက် တချောင်း ထပ်ဖြတ်လိုက်ရတယ်။ အဲဒီလို အချိန်မှာ ပိုပိုလည်း အဘွားကို ချေး၊ သေးက အစ ပြုစုခဲ့တယ်။ အဘွားနဲ့ ပိုပိုနှစ်ယောက်၊ မြေးအဘွား နှစ်ယောက်တည်း မိသားစုမှာ ရှိတယ်လို့ တွေးခဲ့တယ်။ သူ မရှိတော့တဲ့ အချိန်မှာ ပိုပ့ို ဘဝတခုလုံး မရှိတော့ သလိုပဲ ခံစားရတယ်။ ပိုပို့ကို ဂီတနဲ့ ပတ်သက်ပြီး မလုပ်နဲ့လို့တော့ သူ မပြောခဲ့ဘူး။ ဂစ်တာ တီးနေတဲ့ အချိန်မှာတော့ နားငြီးတယ် လို့တော့ ပြောခဲ့တယ်။
အဘွားက ပိုပို့ကို ဖြစ်စေချင်ခဲ့တာက ကျောင်းဆရာမလေ။ ကျောင်းဆရာမလေး လုပ်ပါလား၊ ငြိမ်ငြိမ်သက်သက် လေးနဲ့လေ။ နင်အခုတော့ ယောက်ျားလိုလို၊ မိန်းမလိုလို ဖြစ်နေပြီ၊ ဘယ်လို လုပ်မလဲ၊ နင်က နင့်အဖေလိုပဲ ဆိုပြီး အမြဲတမ်း ပြောလေ့ ရှိတယ်။ အဲဒီလိုပြောပေမယ့် ပိုပို့အတွက် အရမ်းချစ်ဖို့ ကောင်းတယ်။ သူခြေထောက် တဘက် ဖြတ်တုန်းကတော့ သူထိုင်လို့ ရသေးတယ်လေ။ လက်တွေ လှုပ်ရှားလို့ ရသေးတယ်။ အဲဒီတုန်းက ဆိုရင် ပိုပိ့ုကို စိတ်တိုရင် တွေ့သမျှအရာနဲ့ ကောက်ပေါက်တယ်။ အရမ်းလည်းစိတ်က ဆိုးတတ်တယ်လေ။
နောက်ခြေထောက် တချောင်း ဖြတ်ပြီးတဲ့ အချိန်ကျတော့ လက်တွေပါ လှုပ်လို့ မရတော့ဘူး။ အဘွားက ဆီးချိုရောဂါ ကြောင့် အနာဖြစ်ရင်းနဲ့ ခြေထောက်တွေ ဖြတ်ပစ်ရတာပါ။ အဲဒီအခါ ဘာမှ လှုပ်လို့မရတော့ဘဲ ပါးစပ်တခုပဲ ပြောလို့ ရတော့တယ်။ အဲဒီ ၆ နှစ် တိတိ ပိုပို အဘွားကို ပြုစုခွင့် ရခဲ့ပါတယ်။ အဘွားနဲ့ ပတ်သတ်ပြီး တက်တူးကလည်း ပိုပို အေးအေးဆေးဆေးမှပဲ ထိုးဖြစ်မှာပါ။ အဘွားရဲ့မျက်နှာပုံကို ထိုးမှာပါ။ အဘွားရဲ့ပုံတူပေါ့။
မေး။ ။ အဘွားက ပိုပု့ိအတွက် ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်ခဲ့တာလဲ။
ဖြေ။ ။ အဘွားကလေ ပိုပိုကို စာကျက်ပါလို့လည်း မပြောဘူး။ နောက်ပြီး မုန့်ကျွေးရင်လည်း သူများက တခုဆိုရင် ပိုပိုက နှစ်ခု အမြဲစားရတယ်။ မြေးထဲမှာ အချစ်ဆုံးပေါ့။ တခြားဘာတွေ မလုပ်နဲ့လို့ ကန့်သတ်တာမျိုးလည်း မရှိဘူး။ ပိုပိုကလည်း ကိုယ့်ဘာသာ ရပ်တည်ရင်းနဲ့ ကြီးလာတာ၊ နောက်ပြီး အဘွားက စည်းကမ်းတော့ အရမ်းရှိတယ်။ ရှေးအဘွား ဆိုတော့လေ။ ဖိနပ်ပြတ်ရင်တောင် အဲဒီဖိနပ်ကို မလွှင့်ပစ်ခိုင်းဘူး။ လွှင့်ပစ်တာ မကြိုက်ဘူး။ သရေကြိုးကို ဝယ်၊ ပြီးရင် ပြန်ထိုးပြီး စီးခိုင်းတဲ့ အဘွားလေ။
နောက်ပြီး အဘွားက လမ်းမှာ အုန်းလက်တွေ တွေ့ရင် ဆွဲခိုင်းတယ်။ ပိုပိုတို့ငယ်ငယ်က အုန်းလက်တွေ သိပ်ဆွဲ ရတယ်။ အိမ်ရောက်ရင် အုန်းလက်တွေကို မီးရှို့ပြီး ထင်းဆိုက်တာလေ။ အဘွားက ရှေးဟောင်း အဘွားတယောက် ပေါ့။ ပြောရင်လည်း ပွစိပွစိနဲ့ ပြောတတ်တယ်။ သူ အဲဒီလို ပြောတဲ့အသံ မကြားတော့ ကိုယ်က အရမ်းစိတ်ပူသွားတာ။ သူ နေမကောင်းရင် မပြောတော့ဘူး လေ။ သူအဲဒီလို ပြန်ပြောမှ သူနေကောင်းပြီ ဆိုတာ သိတယ်။ အဘွားနဲ့ ပတ်သက်ရင် ပိုပိ့ုအတွက်တော့ ပြောလို့ မကုန်ပါဘူး။
မေး။ ။ ပိုပို ဒီနေ့ အဆိုတော် တယောက်အနေနဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်တဲ့ အချိန်မှာ ကျောင်းဆရာမ ဖြစ်စေချင်တဲ့ အဘွားက ဘယ်လိုပြောမယ် လို့ ထင်လဲ။
ဖြေ။ ။ ပြောရရင် အဘွားက ပိုပို ပထမအခွေ မထွက်ခင်ကတည်းက ဆုံးသွားတာလေ။ အခွေ မထွက်ခင် တနှစ်လောက် ကတည်းက ဆုံးသွားတာ ဆိုတော့ ပိုပိုဒီနေ့ ဒီလိုဖြစ်တာလည်း အဘွားက ဘာမှ မသိလိုက်ဘူးပေါ့။ အဘွားလည်း သိပါလိမ့်မယ်။ သူ့ အတွက်လည်း ပိုပို အမြဲတမ်း အလှူတွေ လုပ်ပေးနေတယ်။ တမလွန် ဘဝကနေ အဘွား သိနေမှာပါ။ အဘွားကို အမြဲတမ်း အိပ်မက်ထဲမှာလည်း တွေ့ဖြစ်နေတာပဲ လေ။
မေး။ ။ မွေးနေ့မှာ မိဘမဲ့ကလေးတွေကို အလှူအတန်း ကျွေးမွေးဖြစ်တယ်။ တခြား အလှူတွေ၊ ပရဟိတတွေလည်း အများကြီး လုပ်ခဲ့တယ် ဆိုတော့ ပရဟိတ ဆိုတာကို ပိုပို ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ ပရဟိတလုပ်တယ် ဆိုတာ ဘယ်လိုခံစားချက်နဲ့လဲ ဆိုတော့ အရင်က ပိုပိုခံစားခဲ့ရတဲ့ အတိုင်း သူများတွေကို မခံစားစေချင် တာလည်း ပါတယ်။ ပိုပို့ အလှည့်တုန်းက ရှင်းရှင်းပြောရရင် အဘွားဆုံးပြီးတဲ့အချိန်မှာ ပိုပိ့ု အတွက် အရမ်း ခက်ခဲတယ်။ ကိုယ့်ကို ဘယ်သူကမှ ဘေးနားမှာ ကာဗာလုပ်ပေးမယ့်သူ မရှိတော့ဘူး။ ခက်ခဲတယ် ဆိုတာ တခါတလေကျရင် မုန့်စားဖို့လည်း ပိုက်ဆံမရှိဘူး။ ထမင်းစားဖို့တောင်မှ ကိုယ့်ရတဲ့ မုန့်ဖိုးလေးနဲ့ မျှအောင် စားခဲ့ရတာ ဆိုတော့ ဘယ်သူမှ မသိကြဘူး။ အဲဒီတုန်းက ကိုယ်ခံစားခဲ့ရသလို သူများတွေလည်း အဲဒီလိုခံစားရမှာ သိပ်ကြောက် တာ။ သူတို့မှာ ပိုက်ဆံမရှိဘဲ သူတို့လည်း စားချင်တယ် ဆိုရင် …၊ အဲဒီလို တွေးမိရင် အရမ်း စိတ်မကောင်း ဖြစ်တာပဲ။ အဘိုးကြီးတွေ၊ အဘွားကြီးတွေ ထိုင်ပြီး ပိုက်ဆံတောင်း နေရင်လည်း မကြည့်နိုင်ဘူး။ ပိုပို ပိုက်ဆံ သွားသွား ပေးဖြစ် တယ်။ အမြဲလှူဖြစ်တယ်။ သူတို့ပိုက်ဆံ မရှိဘဲ ထိုင်နေတာကို ကြည့်ပြီး ကိုယ်လည်း စိတ်မကောင်း ဖြစ်တယ် ပေါ့။ ကိုယ့် အလှည့်တုန်းက လည်း အဲဒီလိုခံစားဖူးတော့ ပရဟိတ လုပ်ဖြစ်တယ်။ မိဘမဲ့ကလေးတွေ ကျတော့ ကိုယ်က လည်း မိဘမဲ့တယောက်ဖြစ်တော့ ကိုယ်ချင်းစာ တယ်။ အဲဒါကြောင့် လှူဖြစ်တာ ပေါ့။
မေး။ ။ အောက်ခြေကနေ စလာတဲ့ သူတယောက်အနေနဲ့ တခြားသူတွေနဲ့ စာရင် အောင်မြင်မှု ရရှိလာတဲ့အခါ ဘာတွေ ကွာခြားမှု ရှိတယ် လို့ မြင်မိလဲ။
ဖြေ။ ။ ပိုပိုက အောက်ခြေက တက်လာတဲ့ အတွက် ပြောစရာ စကားတွေ ပိုရှိတာ ပေါ့။ သူတို့ ကတော့ ပိုပို့ လောက်တော့ ပြောစရာ စကားရှိချင်မှ ရှိပေမယ့် အကုန်လုံးကတော့ သူ့ဟာနဲ့သူ ရပ်တည် နေနိုင်ကြတာပါပဲ။
မေး။ ။ ပိုပိုကလည်း သီချင်းတွေကိုလည်း ကိုယ်တိုင်ပဲ ရေးပြီး ဆိုတော့ သီချင်းရေးတဲ့ ဖန်တီးမှုအပိုင်းကို သိချင် ပါတယ်။ စာသား မထပ်အောင်၊ ပရိသတ်လည်း ကြိုက်နှစ်သက်အောင် ဘယ်လိုများ ဖန်တီးယူပါလဲ။
ဖြေ။ ။ ပိုပို သီချင်းရေးရင် နံပါတ် (၁)၊ တွေးထားတာက စာသား မထပ်အောင် ကြိုတင်စီစဉ်ပြီး တွေးထား တတ်တယ်။ Music တခုကို ဖန်တီးပြီးရင်၊ ရေးလိုက်ပြီးရင် အဲဒီဟာကို မေ့လိုက်ပြီး နောက်ဖန်တီးမယ့် Music ကိုပဲ စိတ်ထဲ ထည့်လိုက်တဲ့ အကျင့် ရှိတယ်။ နောက်ပြီးတော့ သီချင်းရေးရင် ပိုပို တကယ်ခံစားနေရတဲ့ အချိန်ရေးတယ်။
မေး။ ။ နောက်ပိုင်းရော အခု ဖန်တီးနေတဲ့ ဂီတပုံစံနဲ့ မတူတဲ့၊ ကွဲပြားတဲ့ ဂီတ ပုံစံသစ်ကို ကူးပြောင်းဖို့ ရှိမလား။ ကိုယ့်ရဲ့ ဂီတ ပုံစံအတိုင်းပဲ ဆက်လုပ်ဖြစ် မလား။
ဖြေ။ ။ ပိုပိုရဲ့ နောက်တခွေ ကျရင် အခုပုံစံနဲ့ မတူတဲ့ ပုံစံလေးတော့ ပြောင်းမှာပါ။ အဲဒီအခါ ကျရင်လည်း ပရိသတ်က အားပေးကြပါဦး။ အခု အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို အခွေမှာလည်း အမှန်အတိုင်း ပြောရရင် ပြောင်းထားတယ်။ နားထောင်ကြည့်ရင် အရှေ့အခွေနဲ့ မတူတာ တော်တော်များများကို တွေ့ရလိမ့်မယ်။ တတိယအခွေ ကျရင်လည်း ဒီအခွေနဲ့ မတူအောင် ထပ်ပြောင်းဦးမှာ ပါ။ အမြဲတမ်း ပိုပိုကတော့ ပြောင်းလဲမှုတွေ လုပ်နေဦးမှာပါ။ ဘာကြောင့်လဲ ဆိုတော့ လူတွေက အပြောင်းအလဲ ကိုပဲ ကြိုက်ကြတာ။ အမြဲတမ်း ဒီအတိုင်း ရိုးနေတာကြီး ဆိုရင် ပိုပိုလည်း မကြိုက်ဘူး။
မေး။ ။ ပိုပိုရဲ့ Daily Lifestyle ကရော ဘယ်လိုရှိလဲ။ ပြောင်းလဲ နေတာပဲလား။
ဖြေ။ ။ အဲဒါလည်း ပြောင်းလဲ နေတာပဲ။ ပိုပို အတွက် မပြောင်းလဲတာ တခုပဲ ရှိတယ်။ အဲဒါကတော့ ဝတာ တခုပဲ။ နောက်ထပ် မပြောင်းလဲတာ တခုလည်း ရှိသေးတယ်။ အဲဒါက စားသောက်တာပဲ။ နေ့တိုင်း အဆီပါတဲ့ မုန့်တွေ စားနေတာလေ။ အဲဒါကလည်း ပိုပို ပြောင်းလဲ လို့ မရတာပေါ့။
မေး။ ။ ဒါကြောင့် ပိုပို ဝိတ်လည်း တက်နေတယ်။ ဝိတ်မလျှော့ တော့ဘူးလား လို့ မေးကြမယ့် ပရိသတ်ကိုရော ဘယ်လို ပြန်ပြောပြမလဲ။
ဖြေ။ ။ ဝိတ်ကလည်း လျှော့နေတာပဲ။ လျှော့နေပေမယ့် သူ့ဘာသာ ထပ်ဝလာတော့လည်း ပိုပိုလည်း ဘာမှတော့ မပြောချင်တော့ ပါဘူး။ နောက်ပြီး ပိုပိုတို့ အမျိုးတွေ အကုန်လုံးကလည်း ဝကြတယ် ဆိုတော့လေ။ ဝတဲ့ အမျိုး ဆိုတော့လည်း … အင်း … တခါတလေကျရင်လည်း ပရိသတ်က ဝတာကို အပြစ်မြင်ကြတယ်။ သူတို့ကို ပိုပို ပြောချင်တာက အစားလျှော့တဲ့ မိန်းကလေးတိုင်း သိပါတယ်။ သူတို့ ကိုယ်ချင်းစာမိမှာပေါ့ နော်။ ဒါကြောင့် ပိန်တဲ့ တခြား ပရိသတ်တွေ ပိုပို့ကို မသနားဘူးလားလို့။ ပိုပို့ကို ချစ်ရင် အစားမကျွေးဘဲနဲ့ နေမှာလားလို့။ ပိုပို့ကို အစားလေး စားခွင့်ပေးပါလို့။ ပိုပို ဝရင်လည်း ချစ်ပေးကြပါလို့ ပြောချင်ပါတယ်။
မေး။ ။ ပိုပို့ အနေနဲ့ ပရိသတ်ကို တခြားဘာများ ပြောပြချင်တာ ရှိမလဲ။
ဖြေ။ ။ ပိုပိုရဲ့ အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို အခွေမှာ ပိုပို အများကြီးလည်း ကြိုးစားထားပါတယ်။ ပိုပို ဘယ်လောက် အထိ ကြိုးစားထားလဲ ဆိုရင် အခွေထွက်ရင် ပရိသတ်သိမှာ ပါ။ ဒါကြောင့် ပိုပိုအခွေလေးကို အချိန်ယူ နားထောင်ပေးပြီး အားပေးကြပါဦး။ ချစ်ဖူးခဲ့သမျှ အခွေမှာတုန်းက ပိုပိုဆိုပြီး ရပ်တည်နိုင်ခဲ့သလို ဒီအခွေနဲ့လည်း ဆက်လက် ရပ်တည် နိုင်ခွင့်ရှိအောင် ပရိသတ်တွေ အားလုံးကလည်း ရပ်တည်ခွင့် ပေးကြပါလို့ ပြောချင်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ် ရှင်။ ။