ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အတွင်းရှိ ရတနာရောင်ခြည် ကုမ္ပဏီပိုင် ကျောက်မှော်တခုတွင် ယနေ့ နံနက်ပိုင်းက မြေဇာပုံ ပြိုကျပြီး နောက်ဆုံးသိရသည့် သတင်းများအရ ရေမဆေးကျောက် ရှာဖွေသူ ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး ပျောက်ဆုံးနေသူများ ရှိနေကြောင်း ဖားကန့်မြို့နယ် လုံးခင်းရဲစခန်းက ပြောသည်။
“မြေစာပုံက တော်တော်ကြီးတယ်။ ပြိုကျတဲ့ အသံကြီးက တော်တော်ကျယ်တယ်။ လောလောဆယ်တော့ ၄ ယောက်သေ၊ ၆ ဦး ဒဏ်ရာရတယ် ဆိုတာတော့ အတည်ပြုပါတယ်။ အမျိုးသားတွေချည်းပဲ” ဟု လုံးခင်းရဲစခန်းမှ ဒုရဲအုပ် ဇော်ဖုန်းကြွယ်က ဧရာဝတီကို ပြောသည်။
ပေ၂၀၀ ခန့်မြင့်သော မြေစာပုံသည် ယနေ့ နံနက် ၈ နာရီခွဲချိန်ခန့်က ပြိုကျခဲ့ခြင်း ဖြစ်ပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ကျန် ၂ ဦးသည် ဆေးရုံရောက်မှ သေဆုံးသွားကြောင်းနှင့် ဒဏ်ရာရရှိထားသူ ၆ ဦးကို ဖားကန့်ဆေးရုံကြီးတွင် ဆေးကုသမှု ပေးနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ရတနာရောင်ခြည် ကုမ္ပဏီသည် မိုးရာသီကာလတွင် အလုပ်ရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း ရေမဆေးကျောက် ရှာဖွေသူများ ဝင်ရောက်၍ ကျောက်ရှာဖွေနေစဉ် ယခုကဲ့သို့ မြေစာပုံ ပြိုကျခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုစဉ်က မိုးရွာသွန်းနေချိန်လည်း ဖြစ်ကြောင်း လုံခင်းရဲတပ်ဖွဲ့က ပြောသည်။
ပျောက်ဆုံးနေသူများ အရေအတွက်နှင့် ပတ်သက်ပြီး ဒုရဲအုပ် ဇော်ဖုန်းကြွယ်က “အဲဒါတော့ မသိရသေးဘူးဗျ။ ဖော်ကြည့်မှပဲ သိမှာ။ အခုကလည်း ဖော်ဖို့ကို အနားကပ်လို့ မရသေးဘူး။ မြေက ပြိုတုန်းလေ” ဟု ပြောဆိုသည်။
အဆိုပါ မြေစာပုံတွင် ရေမဆေးကျောက် ရှာဖွေသူ လုပ်သားများအနက်မှ ပျောက်ဆုံးသူ ၄၀ ကျော်ခန့် ရှိသည်ဟု ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သည့် မြို့ခံ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။
“ဖြစ်တဲ့နေရာ ကျနော်သွားကြည့်တဲ့အခါ ပျောက်နေတာ ၄၀ ကျော်တယ်လို့ ပြောတယ်။ အနီးနား ကပ်လို့မရဘူး။ အဲဒီအနားမှာ ဘက်ဖိုး (မြေတူးစက်) တစီးတော့ ရှိတယ်။ အပေါ်က ထပ်ပြိုနေတဲ့ အခါကျတော့ သူလည်း ကပ်လို့ မရဘူး ဖြစ်နေတယ်” ဟု ထိုဘာသာရေး ခေါင်းဆောင်က ဧရာဝတီကို ပြောသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်မှော်များတွင် နှစ်စဉ် ရေကြီးမြေပြိုမှုများ ဖြစ်ပွားလေ့ရှိပြီး ဒေသခံများနှင့် ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးလေ့ ရှိသည်။
“အဲဒီမှော်က ကျောက်ကြီးတွေ ထွက်တယ် ပြောတယ်။ မိုးရွာရင် ကျောက်ပေါ်တော့ ရှာဖွေကြတယ်နဲ့ တူပါတယ်” ဟု ဒုရဲအုပ် ဇော်ဖုန်းကြွယ်က ဆိုသည်။
ကျောက်တွင်းတူးဖော်ရေး လုပ်နေကြသည့် ကုမ္ပဏီများ အနေဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိသဖြင့် ထိုသို့ အခြေအနေများ ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု ဖားကန့်ဒေသခံများက ပြောဆိုနေကြသည်။