ပြည်သူဖွံ့ဖြိုးရေးထက် အစိုးရ အရာရှိ တချို့နှင့် ဆက်နွှယ်သည့် ခရိုနီများ၏ အမြတ်အစွန်းများ ပိုမိုရနိုင်သည့် စီမံကိန်းများနှင့် ပတ်သက်သည့် အဆိုများ၊ အစိုးရ ဘက်တော်သား လွှတ်တော် ကိုယ်စားလှယ်များ လက်ရှောင် ကြသည့် ပြည်သူ့ဝေဖန်မှုများစွာ ဖြစ်နေသော စီမံကိန်းများနှင့် ပတ်သက်သည့် အဆိုများ စသည့် အဆိုများစွာကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒိုင်ခံ တင်သွင်းသူ၊ အသံ အမြည်ဟိန်းဆုံး အမတ်ကို ပြပါဟု ဆိုလာလျှင် တသီးပုဂ္ဂလ လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကို ညွှန်းဆိုရမည် ဖြစ်သည်။
သူသည် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တဦးသာ ဖြစ်သော်လည်း ပြည်သူအတွက်ဟု ဆိုလျှင် လွှတ်တော်ထဲတွင် လက်ရှိ တာဝန်ယူထားသည့် အစိုးရတင်မက လွှတ်တော် ကိုယ်စားလှယ် များကိုလည်း ရဲဝံ့စွာ ဝေဖန်ထောက်ပြရဲသူ ဖြစ်သည့်အတွက် လွှတ်တော်အတွင်း အမတ်များစွာ၏ ငြိုငြင်မှုများကို ခံရသလို၊ လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေးမှုများစွာ ခံရသူ တဦးလည်း ဖြစ်သည်။
ဒေါက်တာ ညိုညိုသင်းသည် ယခင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်ပါတီဝင် တဦးအဖြစ်လည်း လှုပ်ရှားခဲ့ဖူးသူ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းလွှတ်တော် ကိုယ်စားလှယ် အမတ်တဦး ဖြစ်လာခဲ့သည်။
သူသည် ဒီမိုကရက်တစ် ပါတီ (မြန်မာ) တွင် တနှစ်ခွဲခန့် ပါတီဝင်အဖြစ် ရှိနေခဲ့ပြီး နောက်ပိုင်းတွင် ပါတီတွင်း မူဝါဒ ပြောင်းလဲမှုတချို့ ရှိခဲ့သည့်အတွက် သဘောထားခြင်း မတိုက်ဆိုင်တော့သည့် အတွက် ပါတီနှင့် လက်တွဲဖြုတ်ခဲ့ကာ တသီးပုဂ္ဂလ အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။
ဒေါက်တာ ညိုညိုသင်းသည် ဂျပန်နိုင်ငံ အပါအဝင် ၎င်းသွားရောက်ခဲ့ဖုးသည့် ဒီမိုကရေစီ ထွန်းကားသော နိုင်ငံတချို့နှင့် နှိုင်းယှဉ်ကာ မြန်မာပြည်သူများအတွက် လူ့အခွင့်အရေး အပြည့်အဝ ရရှိနိုင်ရန် တဘက်တလမ်းမှ ကြိုးပမ်းဆောင်ရွက်မည် ဆိုသည့် ရည်ရွယ်ချက်နှင့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။
“ကျမအနေနဲ့ ၂၀၁၂ ခုနှစ်လောက် ကတည်းက တသီးပုဂ္ဂလ အနေနဲ့ လွှတ်တော်ထဲမှာ ရပ်တည်ခဲ့တယ်။ ကျမ ရွေးကောက်ပွဲ ဝင်ရတဲ့ ရည်ရွယ်ချက်ကိုက ကျမတို့ နိုင်ငံက ပြည်သူ၊ ပြည်သားတွေကို ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အခွင့်အရေးတွေ ရဖို့ ရည်ရွယ်ချက် ရှိခဲ့တယ်” ဟု သူက ဆိုသည်။
၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းမှာ သူ၏ နိုင်ငံရေးခရီး အစဟု ဆိုရမည် ဖြစ်ကာ၊ ၁၉၉၀ ရွေးကောက်ပွဲမကျင်းပမီ NLD ပါတီအတွင်း လူငယ်တာဝန်ခံ တဦးအနေဖြင့် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။
“ကျမ နိုင်ငံရေး လုပ်နေတုန်းက ခဏ၊ ခဏတော့ အဖမ်းခံရတယ်။ ဒါပေမယ့် အဖမ်းခံရပြီး အချုပ်ထဲ ရောက်ခဲ့ပေမယ့် ကျမကို မိန်းကလေးလည်း ဖြစ်တယ်၊ အသက်လည်း ငယ်သေးတယ်။ ခန္ဓာကိုယ်လေး ကလည်း သေးသေး၊ ပိန်ပိန်လေး ဆိုပြီး ပြန်ပြန် လွတ်လာတယ်” ဟု သူက ပြန်ပြောပြသည်။
၁၉၉၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် နိုင်ငံရေးလောကနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး ဥပဒေ ဘာသာရပ်နှင့် ကျောင်းပြန်တတ်ခဲ့သည်။ ယင်းဘာသာရပ်နှင့်ပင် ဘွဲ့လွန် ဆက်တက်ခဲ့ပြီးနောက် တက္ကသိုလ် ကျောင်းဆရာမအဖြစ် အစိုးရဝန်ထမ်းအလုပ် လုပ်ကိုင်ခဲ့သည်။
ကျောင်းဆရာမအနေနှင့် ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ချိန်တွင် ဂျပန်နိုင်ငံမှ ပေးသည့် ပညာသင်ဆု လျှောက်ထား ရရှိပြီးနောက် ဥပဒေ ဘာသာရပ်နှင့် ဂျပန်နိုင်ငံကို သွားရောက် ကျောင်းတက်ကာ ဒေါက်တာဘွဲ့ ရယူခဲ့သည်။ ယင်း ဒေါက်တာဘွဲ့ ရရှိခဲ့သည့် စာတမ်းကို ကျောင်းအပြီး နောက်တနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ ပညာရှင်ဆုအဖြစ် ရွေးချယ်ပေးအပ်ခြင်း ခံခဲ့ရသည်။
“ကျမ ဆုသွားယူဖို့ ပညာရေး ဝန်ကြီးဌာနကို လျှောက်လွှာတင်တော့ ကုလသမဂ္ဂက ပေးတဲ့ဆု ဖြစ်လို့ အဲဒီတုန်းက သွားယူဖို့ ကျမကို ခွင့်မပြုပေးရဲဘူး။ ကျမအနေနဲ့ ကမ္ဘာ့အဖွဲ့အစည်းက ပေးတဲ့ဆုရတာကို ပညာရေးဝန်ကြီးဌာနက ဂုဏ်ပြုရမယ့်အစား ဆုသွားမယူခိုင်းတာဟာ အခြေခံ လူ့အခွင့်အရေးတခုကို ချိုးဖောက်ခံရတဲ့ သဘော ဖြစ်လာတယ်။ အဲဒါနဲ့ ကျမ သိန်းငါးဆယ် လျော်ပြီး ဝန်ထမ်းအဖြစ်က နုတ်ထွက်ခဲ့ပါတယ်” ဟု သူက ဝန်ထမ်းဘဝ ကုန်ဆုံးခဲ့ရသည့် အဖြစ်အပျက်ကို ပြောပြသည်။
ဒေါက်တာ ညိုညိုသင်းသည် ဝန်ထမ်းဘဝမှ အနားယူပြီးနောက် ကုလသမဂ္ဂမှ ပေးအပ်သည့် ဆုကို သွားရောက် ရယူခဲ့ပြီး ဂျပန်နိုင်ငံတွင်ပင် ဥပဒေပညာရှင် တဦးအဖြစ် မြန်မာနိုင်ငံ အရေးကိစ္စများနှင့် စပ်ဆက်သည့် လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့သည်။
သို့သော် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြ လှုပ်ရှားမှုများကို နိုင်ငံတကာ သတင်းများမှ တဆင့် သိရှိခဲ့ရပြီး ၎င်းကိုယ်တွင်း စီးဆင်းနေသည့် နိုင်ငံရေး ပိုးများ ပြန်လည်ထကြွ ခဲ့ရသည်ဟု သူက ဆိုသည်။
ထို့နောက် ၂၀၀၉ ခုနှစ်တွင် တနိုင်ငံလုံး အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြားသိရသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ တဆင့် နိုင်ငံရေး လောကထဲသို့ တရားဝင် ပြန်လည်ဝင်ရောက်ခဲ့သည်။
လက်ရှိ အစိုးရ တတ်လာပြီးနောက် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် စတင်ကတည်းက ယခုအချိန်ထိ လွှတ်တော်တွင်း အရေးကြီး အဆိုများ အပါအဝင် အဆိုပေါင်း ၃၅ ခု နီးပါး တင်သွင်းခဲ့ပြီး နှစ် ၂၀ ချေးငွေနှင့် တန်ဖိုးနည်း အိမ်ယာ ဝယ်ခွင့်ပြုရေးအဆို၊ လက်ရှိအစိုးရ လက်ထက်တွင် ရွှေတိဂုံဘုရားအနီး တည်ဆောက်မည့် ဒဂုံစီးတီး အဆင့်မြင့် အိမ်ရာ စီမံကိန်း ရပ်ဆိုင်းရေး အဆို စသည့် ၎င်းတင်သွင်းသည့် အဆိုများစွာသည် လွှတ်တော်ထဲတွင် ဆွေးနွေးခွင့် မရခဲ့ပေ။
အစိုးရ၏ ဘက်ဂျက်ငွေ တောင်းခံမှု၊ အစိုးရဘက်က စာရင်းတင်ပြရန် နောက်ကျလေ့ရှိသည့် စီမံကိန်းများအပေါ် စနစ်တကျ မေးခွန်းထုတ်လေ့ရှိပြီး အစိုးရ၏ ဘဏ္ဍာငွေ ကျော်လွန်သုံးစွဲမှုများကိုလည်း စေ့စေ့စပ်စပ် မေးခွန်းထုတ် ဝေဖန်ထောက်ပြသူ၊ အစိုးရကို ဘေးကျပ်နံကျပ် ဖြစ်လောက်သည့် မေးခွန်းများစွာကို မေးမြန်းခဲ့သူ အဖြစ်လည်း ဒေါက်တာ ညိုညိုသင်းက ထင်ရှားသည်။
သူသည် လက်ရှိတွင် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တွင် ကိုယ်စားလှယ် တဦးအနေဖြင့် ပါဝင်ထားပြီး ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် သပိတ်မှောက် ဆန္ဒပြ ခဲ့သည့် ကျောင်းသားကျောင်းသူများကို တစိုက်မတ်မတ် အားပေးကူညီခဲ့သူ တဦးလည်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ် တဦးအနေဖြင့် တာဝန်ယူ တတ်ရောက်ခဲ့ရသော်လည်း ဒေါက်တာညိုညိုသင်းသည် အမျိုးသမီး တဦး ဖြစ်သည်က တကြောင်း၊ အတိုက်အခံကိုယ်စားလှယ် ဖြစ်သည်က တကြောင်းတို့ကြောင့် အဘက်ဘက်တွင် ဖိနှိပ်မှုများ၊ ငြိုငြင်မှုများ အပြင် ခြိမ်းခြောက်မှုများကိုလည်း ခံခဲ့ရသည်ဟု ဆိုသည်။
“မိန်းကလေး ဖြစ်တဲ့အတွက်ကြောင့် ပိုပြီး အထင်တသေးနဲ့ ခွဲခြားဆက်ဆံတာတွေ တွေ့ရတယ်။ တခါတရံမှာ ဖုန်းနဲ့ အသက် အန္တရာယ်ကို ခြိမ်းခြောက်တာတွေ ရှိတယ်။ တခါတရံဆို ဗြောင်ကို ခြိမ်းခြောက်တာတွေ ရှိတယ်။ ဘယ်လိုမျိုးလည်း ဆိုရင် ခင်ဗျား ဒီကိစ္စကို မီဒီယာကို ပြောပြလို့ မီဒီယာတွေက ကျနော်တို့ကို လာမေးတဲ့အခါမှာ ဒီကိစ္စ မပြောခဲ့ပါဘူးလို့ ပြောရင် ခင်ဗျား ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတောင် အပြောခံရတယ်။ မင်းလောက်တော့ မိုင်နာပါ ဆိုတဲ့ ပုံစံမျိုးတွေ လုပ်ကြတယ်” ဟု ၎င်းက ပြောသည်။
ဒေါက်တာ ညိုညိုသင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တခါ ကျင်းပလျှင် ၎င်းအတွက် တခါ စိတ်ဓာတ် ကျဆင်းမှုများ ကြုံတွေ့ရကြောင်း၊ လွှတ်တော်တွင်း ကြံ့ကြံ့ခံနိုင်အောင် အားဖြစ်စေခဲ့သည့် အကြောင်းများထဲတွင် ကိုယ်စားလှယ် တချို့၏ အားပေးထောက်ခံမှုများ ရရှိခဲ့ကြောင်း ဖြစ်ကြောင်းလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။
“လွှတ်တော်ထဲမှာ ကျမတို့ အတိုက်အခံ အမတ်က ခုနစ်ယောက်ပဲ ရှိတယ်။ အဲဒီ ခုနစ်ယောက်က များသောအားဖြင့် ကျမကို အစဉ်တစိုက် အားပေးထောက်ခံခဲ့တယ်။ တခါတလေကျရင်လည်း အဲဒီ ခုနစ်ယောက်မဲတောင် အပြည့်အဝ မရဘဲ ပဲ့ထွက်တာတွေလည်း ရှိတယ်။ အဲဒီမှာ ကျမအတွက် အားရှိရတဲ့အချက်ကို ပြောပါဆိုရင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်က ဦးကျော်နဲ့ ဒေါ်စန်းစန်းမြင့်က ကျမကို အစဉ်တစိုက် ထောက်ခံမှုပေးလာတယ်။ နောက်ပြီး အန်ကယ် ဦးမြင့်ကြည်ကို အရမ်း ကျေးဇူးတင်ရပါတယ်” ဟု သူက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် အဆိုတခု တင်သွင်းရာတွင် မတူညီသည့် ပါတီတခုမှ ကိုယ်စားလှယ် တဦး၏ ထောက်ခံမှု ရရှိရန် လိုအပ်သည်။ ဒေါက်တာ ညိုညိုသင်း၏ တင်သမျှ အဆိုများ ဆွေးနွေးခွင့် ရရှိနေခဲ့ခြင်းမှာ ၎င်းတို့ သုံးဦး၏ ထောက်ခံမှုများ ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒေါက်တာ ညိုညိုသင်းအတွက် ၎င်းယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်နိုင်သည့် အချက်ကို ပြောမည် ဆိုလျှင် သူ့အတွက် လွှတ်တော်တွင်း အဆိုပေါင်းများစွာ တင်ပြနိုင်ရန် အားပေးကူညီပေးနေသည့် လူတဦးကို ဖော်ပြရမည် ဖြစ်သည်။
ဒေါက်တာ ညိုညိုသင်း၏ အဆို စာတမ်းများ အပါအဝင် စားရေး သောက်ရေးမှ အစ နေရေး၊ သွားရေးအထိ အသေးစိတ် အစစ၊ အရာရာ လုပ်ကိုင်ဆောင်ရွက်ပေးနေသူမှာ ဒေါက်တာညိုညိုသင်း၏ ခင်ပွန်းပင် ဖြစ်သည်။
၎င်းတို့ နှစ်ဦးတွင် ကျောထောက်နောက်ခံ သားသမီး မရှိသည့်အတွက် ဒေါက်တာညိုညိုသင်း၏ လုပ်ငန်းဆောင်တာ အားလုံးမှန်သမျှအတွက် အချိန်အပြည့်အဝ ပေးနိုင်နေခြင်း ဖြစ်သည်။
“ကျမ နိုင်ငံရေး လုပ်မယ်ဆိုလည်း သူက အားပေးသလို အဆိုစာတမ်းတွေကိုလည်း သူကူညီပေးတယ်။ သူ့ရဲ့ အဓိက ကူညီမှုကို ပြောမယ်ဆိုရင် ကျမက ကိန်းဂဏန်းတွေ နားမလည်ဘူး။ သူက ကောင်းကောင်း နားလည်တယ်။ အဲဒါတွေ အတွက်လည်း အကူအညီ အများကြီးရတယ်” ဟု ဒေါက်တာ ညိုညိုသင်းက ဆိုသည်။
ဒေါက်တာ ညိုညိုသင်းသည် လွှတ်တော်တွင်း ရောက်ရှိလာပြီးနောက် အမျိုးသမီးရေးရာနှင့် အမျိုးသမီး အခွင့်အရေး များကို မကြာခဏ တင်သွင်းလေ့ရှိသည်။ သူ၏ တသီးပုဂ္ဂလ ကြိုးပမ်းချက်များကြောင့် လွှတ်တော်ထဲတွင် တကောင်တည်း ပြေးသည့်မြင်း၊ တကောင်ထဲ ဟိန်းသည့် ခြင်္သေဟု မီဒီယာများက တင်စား ဖော်ပြကြပြီး ၎င်း၏ ကြိုးစား အားထုတ်မှုအပေါ် အသိအမှတ် အပြည့်အဝ ပြုကြသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဒေါက်တာညိုညိုသင်းက ဝင်ရောက်ယှဉ်ပြိုင်ဦးမည် ဖြစ်သည်။ အတိုက်အခံ အမတ်တဦး အနေဖြင့် မြန်မာပြည်သူလူထု ချိုးဖောက်ခံနေရသော အခွင့်အရေးများကို လွှတ်တော်တွင်း အဆိုများစွာ တင်သွင်းရန် ရည်ရွယ်ချက်၊ ပြည်သူလူထု ဘက်က ရပ်တည်ရန် ရည်ရွယ်ချက်တို့ဖြင့် ရွေးကောက်ပွဲကို ဝင်မည် ဖြစ်ကြောင်း အထူးပြောရန် လိုအပ်မည် မဟုတ်ပါ။