မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Andrew Patrick သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး နယ်မြို့များရှိ ပြည်သူများ၏ အခြေအနေကို လေ့လာရန် ခရီးစဉ် စတင်ခြင်းအနေနှင့် ပဲခူးတိုင်း ပဲခူးမြို့နှင့် ပြည်မြို့သို့ ဇွန်လ ၂၅ ရက်က ရောက် ရှိ လာသည်ကို တွေ့ရသည်။
ထိုခရီးစဉ်အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် တွေ့ဆုံခဲ့ပြီး လတ်တလော၌ အခြေခံ မဲစာရင်းမှားယွင်းမှုနှင့် လွတ် လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် ဗြိတိန် အစိုးရက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အနီးကပ် ဆောင်ရွက် နေကြောင်း ဗြိတိန် သံအမတ်ကြီးက ပြောဆိုသည်။
“ပြည်မြို့ကို လာရောက်ရတဲ့ အရေးအကြီးဆုံး အချက်က ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသမျှကို ရန်ကုန်နဲ့ နေပြည် တော် မြို့တွေရဲ့ အပြင်ကို ကိုယ်တိုင် ထွက်ကြည့်ချင်တယ်၊ နောက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့လည်း ထွက်ပြီး လေ့လာ သင့်ပါတယ်။ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိဆိုတာကို၊ သေချာတာကတော့ တကမ္ဘာလုံးက စောင့်ကြည့်နေမှာပါ”ဟု သံအမတ်ကြီး Andrew Patrick က NLD နှင့် တွေ့ဆုံပွဲတွင် ပြောသည်။
တွေ့ဆုံပွဲသို့ တက်ရောက်ကြသူများက ပြည်ခရိုင်အတွင်း အခြေခံမဲစာရင်းတွင် ပါဝင်သူများ၏မွေးနေ့ ကိုယ်ရေး အချက်အလက်များ မှားယွင်းခြင်း၊ သေဆုံးသူများ၏ အမည်များ ပါဝင်နေခြင်းနှင့် မဲစာရင်း မပါဝင်သူများ ရှိနေကြောင်း ပြောဆိုကြရာ သံအမတ်ကြီး က သွားရောက်လေ့လာခဲ့သည့် တခြားမြို့များတွင်လည်း ယခုကဲ့သို့ ပြဿနာများ ရှိနေသည်ဟု ပြန်လည်ပြောပြသည်။
“တခြားသွားခဲ့တဲ့ မြို့တွေနဲ့ အတူတူပါပဲ။ အဓိက အကျဆုံး သုံးချက်က (၁) အမှားပြင်ဆင်တဲ့ လျှောက်လွှာတွေ မလုံလောက်တာ ရယ်၊ (၂) အဆင့်ဆင့် ဝန်ထမ်းတွေ ကျွမ်းကျင်မှု မရှိတာရယ်၊ (၃) မဲပေးခွင့် ရသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ မှားယွင်းနေ တာ၊ ပြင်ဆင်ဖို့လိုတာ နေရာတိုင်းလိုလိုပါပဲ”ဟု ဗြိတိန်သံအမတ်ကြီးက ပြောသည်။
ဗြိတိန်သံ အမတ်ကြီးသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ခရီးစဉ်အဖြစ် ပဲခူးမြို့နှင့် ပြည်မြို့များအပြင် မော်လမြိုင်မြို့သို့ပါ သွားရောက်လေ့လာခဲ့ကြောင်းနှင့် ဇွန်လ ၂၆ ရက်တွင် မကွေးမြို့နှင့် မိတ္ထီလာမြို့များသို့ သွားရောက်မည် ဖြစ်ပြီး သြဂုတ်လတွင် ကယားပြည်နယ်သို့ သွားရောက် လေ့လာရန် စီစဉ်ထားကြောင်း သိရသည်။