ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့ပေါ်က ဘော်ဒါဆောင်အနီးကို အစိုးရ တပ်မတော်ဘက်က လက်နက်ကြီးဖြင့် ယမန်နေ့ ညနေပိုင်းက ပစ်ခတ်ခဲ့သဖြင့် မြို့ခံများနှင့် ကျောင်းသူ၊ ကျောင်းသားများ စိုးရိမ်ထိတ်လန့်မှုဖြစ်ပွား ခဲ့ရကြောင်း သတင်း ရရှိသည်။
ခါရာတောင်ကုန်းတွင် တပ်စွဲထားသည့် တပ်မတော်ဘက်က ပစ်ခတ်ခြင်းဖြစ်ပြီး သေကျေပျက်စီးမှုများ မရှိခဲ့ကြောင်း ကချင် စစ်ဘေး ဒုက္ခသည် ကူညီစောင့်ရှောက်ရေး ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူး ဇော်ရော် က ဧရာဝတီသို့ ပြောသည်။
“လက်နက်ကြီးကျဉ်ကတော့ ၈၁ မမလို့ ယူဆပါတယ်။ ကျောင်းနားကို ကျတာ။ ထိခိုက်ပျက်စီးမှုတွေ၊ သေဆုံးမှုတွေတော့ မရှိပါဘူး။ ဒါပေမယ့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ မြို့ခံတွေကတော့ စိုးရိမ်ထိတ်လန့်မှုတွေတော့ ဖြစ်တာပေါ့”ဟု ဗိုလ်မှူး ဇော်ရော် က ပြော သည်။
အဆိုပါ ကချင်စစ်ဘေးဒုက္ခသည် ကျောင်းသည် ကျောင်းအိပ်၊ ကျောင်းစား လာတက်ကြသည့် ကျောင်းသူ၊ ကျောင်းသား ၁၀၀၀ ခန့်ရှိပြီး ၆ တန်းမှ ၁၀ တန်းအထိရှိကြောင်း၊ လက်နက်ကြီး ကျမှန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ကျောင်းကို ဆက်လက် ဖွင့်လှစ် ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် နိုဝင်္ဘာလကလည်း လိုင်ဇာရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ်လောင်း သင်တန်းကျောင်းကို တပ်မတော် ဘက်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် သင်တန်းသား ၂၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
ထိုသေဆုံးသင်တန်းသားများထဲတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ၁၁ ဦး ၊ ရက္ခိုင့် တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး(CNF)မှ ၂ ဦး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ၂ ဦး တို့ပါဝင်ကြောင်း သိရသည်။
ယခင်ပစ်ခတ်မှုကို အစိုးရ တပ်မတော်က သတိပေး ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုလာခြင်း မရှိသေးပေ။
ယခုလဆန်းပိုင်းကစ၍ ကချင်ပြည်နယ်အတွင်း KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆)၊ တပ်ရင်း (၁၁) တို့နှင့် တပ် မတော် စစ်ကြောင်းများအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန် က ဧရာဝတီသို့ ပြော သည်။
ဦးလနန်က“တိုက်ပွဲတိုင်းကတော့ အစိုးရစစ်တပ်ကနေပြီးတော့ တပ်ရင်း ၃-၄ ရင်းပေါင်းပြီး အင်အားတွေစုစည်းပြီးတော့ ကျနော် တို့ရဲ့ စစ်စခန်းတွေကို လာပြီးတော့ ရှင်းလင်းတဲ့ ပုံစံကြောင့် ဖြစ်ရတဲ့ တိုက်ပွဲလို့ပဲပြောရမှာပေါ့။ သူတို့က စီမံချက်ရှိရှိနဲ့ လုပ်နေပုံ ရတယ်။ သူတို့ခေါင်းစဉ်ကတော့ ထုံးစံအတိုင်း နယ်မြေရှင်းလင်းရေးပေါ့ဗျာ”ဟု ပြောဆိုသည်။
အစိုးရ တပ်မတော်ဘက်က စွပ်စွဲပြောဆိုသကဲ့သို့ အစိုးရ စစ်ကြောင်းများကို ကြားဖြတ်တိုက်ခိုက်ခြင်း၊ ရဲစခန်းများကို ဗုံးဖောက်ခွဲခြင်း စသည်တို့ကို ၎င်းတို့အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း တပ်မတော်အနေဖြင့် ၎င်းတို့အပေါ် အင်အား ချည့်နဲ့စေရန် ရည်ရွယ်ပြီး နယ်မြေစိုးမိုးရေးလမ်းကြောင်းများကို ဖြတ်တောင်နိုင်ရန် ကြိုးစားနေခြင်းသာဖြစ်ကြောင်း သူကဆက်ပြောသည်။
“တိုက်ပွဲတွေက ရှိနေသေးသလို သေနတ်သံတွေကလည်း မငြိမ်သေးဘူးလို့ပဲပြောရမှာပဲ”ဟုလည်း ဦးလနန်က ပြောဆိုသည်။
KIA နှင့်တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားမှု လျော့နည်းသွားစေရေး နှစ်ဖက် တွေ့ဆုံညှိနှိုင်းအဖြေရှာရန် ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့များ ဖွဲ့ခဲ့ကြသော်လည်း ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိပေ။ ယခုနှစ် မေလက တိုက်ပွဲများဖြစ်ပွားမှု လျော့နည်းသွားစေရေး ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ရန် သဘောတူခဲ့ကြသော်လည်း တပ်မတော်ဘက်က ပျက်ကွက်ခဲ့သည်ဟု ဆိုသည်။
KIA နှင့် တပ်မတော်တို့အကြားတွင် အကဲဆတ်သည့် အခြေအနေအများအပြားရှိပြီး တခါတရံ အသေးအမွှားကိစ္စမှတဆင့် ပြဿနာ ကြီးထွားမှုမျိုးကို ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) ၏ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှု ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောပြသည်။
“ဖြစ်တဲ့ပြဿနာတွေကတော့ အသေးလေးတွေကနေပြီးတော့ စဖြစ်ကြတာဗျ။ ဥပမာ သွားရင်းနဲ့ မိုင်းကွဲတယ်ဗျာ။ KIA ကလည်း မိုင်းအဟောင်းလို့ ပြောတာရှိတယ်။ တပ်မတော်ကလည်း မိုင်းဟောင်းမဟုတ်ဘူး အသစ်ထောင်တာလို့ ပြောတာရှိတယ်။ တခါတလေကျတော့ မိုင်းဆွဲတဲ့ဟာမျိုးတွေရှိတယ်။ အဲဒီလိုဟာမျိုးလေးတွေနဲ့ စပြီးတော့ ပြဿနာက ပိုပြီးတော့ စရင်း၊ စရင်းနဲ့ ကြီးသွားတဲ့ ဟာမျိုးတွေလည်း ရှိတာပေါ့”ဟု ဒေါက်တာ မင်းဇော်ဦး က ဧရာဝတီသို့ ပြောသည်။