စစ်တပ်အုပ်ချုပ်ရေး စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို ကူးပြောင်းရာမှာ အပြောင်းအလဲတွေကို ပြင်းပြင်းထန်ထန်နဲ့ လျင်လျင်မြန်မြန် မလုပ်ဆောင်သင့်ပါ။ အကြောင်းကတော့ အစိုးရစနစ် အပြောင်းအလဲကြောင့် အာဏာ လက်လွတ် ဆုံးရှုံးသွားသူတွေ၊ အခွင့်အရေးလက်မဲ့ ဖြစ်သွားသူတွေရဲ့ ဒေါသကို မလိုအပ်ဘဲ ဆွပေးနိုင်တာကြောင့်ပါ။ ညွန့်ပေါင်း တည်ဆောက်တာကို အားပေးတဲ့၊ လက်ခံနိုင်ဖွယ်ရာ အပေးအယူတွေ လုပ်ဆောင်ဖို့ တွန်းအားပေးတဲ့ ဆင့်ကဲဆင့်ကဲ ပြေပြေပြစ်ပြစ် ပြောင်းလဲရေး လမ်းကြောင်းကသာ ပိုပြီးတော့ ဆင်ခြင်တုံတရားနဲ့ ပြည့််စုံပါလိမ့်မယ်။
စစ်တပ်က အာဏာကို စွန့်လွှတ်လိုက်ပြီး နောက်မှာတောင်မှ နိုင်ငံရေး သြဇာအာဏာကို ဆက်ပြီး ကြီးကြီးမားမား ထိန်းထားနိုင်တဲ့ နိုင်ငံတွေမှာ၊ လူထုရဲ့ ကြည်ညိုလေးစားမှုကို ဆက်ပြီး ရယူထားနိုင်ဆဲ နိုင်ငံတွေမှာ စစ်တပ်ရဲ့ လွတ်လပ်စွာ အုပ်ချုပ်နိုင်မှုနဲ့ အထူးအခွင့်အရေးတွေကို ဖယ်ရှားဖို့ ရည်ရွယ်ပြီး ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို မလိုအပ်ဘဲ တက်သုတ်ရိုက် လုပ်ဆောင်မိရင် စစ်တပ်ကို ဒေါသထွက်စေနိုင်တာမို့ ရှောင်ရှားဖို့အထူးပဲ အရေးကြီးပါတယ်။
အပေးအယူလုပ်သင့်တဲ့ အချိန်မှာ နိုင်ငံရေးသမားတွေက မလုပ်ဘဲ ငြင်းဆန်ခြင်း ဒါမှမဟုတ် လုပ်ဆောင်နိုင်စွမ်း မရှိခြင်း၊ အသေးအဖွဲအကြောင်း ကိစ္စတွေမှာ ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံရေးသမားတွေက ဝေဖန်ပြစ်တင်ခြင်းတွေ လုပ်ရင် အရပ်သားတွေ လက်အောက်ကို ဗိုလ်ချုပ်ကြီးတွေက ဝင်လာဖို့ဆိုတာ မဖြစ်နိုင်တော့ပဲ ပိုပြီးတော့ တစိမ်းဆန်သွားတော့မှာ ဖြစ်ပါတယ်။ တကယ်လို့သာ ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းအတိုင်း ပုံမှန်သွားမယ်ဆိုရင် အဆိုပါ ဗိုလ်ချုပ်ကြီးတွေက အရပ်သား ထိန်းချုပ်မှုအောက်ကို ဝင်လာနိုင်ကြပါတယ်။ ဆိုလိုတာကတော့ မဟာဗျူဟာကျတဲ့ အပေးအယူလုပ်မှုတွေ ရှိလာမယ်ဆိုရင် စစ်တပ်ကို အရပ်သားလက်အောက် ထည့်ဖို့နဲ့ ဒီမိုကရေစီ ခိုင်မာအောင် လုပ်ဆောင်ဖို့ အလားအလာတွေက ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။
ကာကွယ်ရေးနဲ့ လုံခြုံရေးရာ ကိစ္စတွေမှာ ဥပဒေပြုလွှတ်တော်က တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာခြင်းနဲ့ ဒီမိုကရေစီနည်းကျ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေး ပေါ်ထွန်းလာခြင်းကြားမှာ တိုက်ရိုက် အပြန်အလှန် ဆက်နွယ်မှုတွေ ရှိနေပါတယ်။ ဥပဒေပြုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုးမြှင့်ပေးခြင်း (လွှတ်တော်တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့များ ကော်မတီ လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ပေးခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကြားနာမှုတွေ စဉ်စားဆုံးဖြတ်မှုတွေမှာ ဥပဒေပြုလွှတ်တော် ထိထိရောက်ရောက် ပါဝင်ဖို့ တိုက်တွန်းအားပေးခြင်း ဒါမှမဟုတ် မဖြစ်မနေ ပါဝင်ရမယ်လို့ သတ်မှတ်ထားခြင်း) ကလည်း ဒီမိုကရေစီသမားတွေ ရည်မှန်းထားသင့်တဲ့ ဦးစားပေး လုပ်ငန်းတခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အလျှော့အတင်း မလုပ်မိစေဖို့ သတိထားရမယ့် အရာတခုတော့ ရှိပါတယ်။ အဲဒါကတော့ လွှတ်တော်အတွင်း စစ်သားကိုယ်စားလှယ်တွေ အတွက်ပေးထားတဲ့ နေရာတွေကို ဖျက်သိမ်းရေးဆိုတဲ့ ရည်မှန်းချက်ပါ။ ဒါပေမယ့် စစ်တပ်အပေါ် ထိန်းချုပ်တဲ့ လုပ်ပိုင်ခွင့်အာဏာကို ဥပေဒေပြုလွှတ်တော်မှာ ပေးထားတာ အလွန်အကျွံ ဖြစ်သွားရင်လည်း အင်စတီကျူးရှင်းတွေကြားမှာ ဟန်ချက်မညီ ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းမျိုး ဖြစ်ပေါ်မလာအောင် အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတော်ကို အချိန်အခါမရွေး စွမ်းစွမ်းတမံ ကာကွယ်ရသူဆိုတဲ့ စစ်တပ်ရဲ့ ပင်မလုပ်ငန်းစဉ်တွေကိုလည်း အားနည်းသွားစေနိုင်ပါတယ်။ နိုင်ငံခြားစစ်တပ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့တွေမှာ တက်တက်ကြွကြွ မပါဝင်နိုင်အောင်လည်း တားမြစ်သလို ဖြစ်သွားပါလိမ့်မယ်။
လွတ်လပ်တဲ့ စစ်ဖက်ရေးရာ ကျွမ်းကျင်သူ အရပ်သားတွေ၊ NGO တွေ၊ ဂျာနယ်လစ်တွေကလည်း လုံခြုံရေးရာ ကိစ္စတွေကို အာရုံစိုက်လေ့လာနေကြရင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ခံ နိုင်ငံရေးသမားတွေ ပြည်သူလူထုတွေကို သူတို့က အကြံဉာဏ်တွေ ပေးလာနိုင်ပါတယ်။ အဲဒီလိုကြောင့် လူ့အဖဲ့ွအစည်း၊ နိုင်ငံတော်နဲ့ စစ်တပ်တို့ကြားမှာ ယုံကြည်မှုတွေ ရှိလာအောင်၊ ပွင့်လင်းမြင်သာမှုတွေ ရှိလာအောင် တွန်းအားပေးနိုင်ပါလိမ့်မယ်။
အာမခံချက်ရှိတဲ့ မီဒီယာလွတ်လပ်ခွင့်ဆိုတာ ဒီမိုကရေစီနည်းကျ စစ်ဖက်-အရပ်ဖက်ဆက်ဆံရေးအတွက် လိုအပ်ချက် သက်သက်မျှသာ မဟုတ်ပါ။ မီဒီယာလွတ်လပ်ခွင့်သာ မရှိရင် ဒီမိုကရေစီကိုလည်း ခိုင်မာအောင် တည်ဆောက်နိုင်မယ် မဟုတ်ပါ။ ဒီမိုကရေစီနိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်းမှာ ရှိသင့်ရှိထိုက်တဲ့ စစ်တပ်အခန်းကဏ္ဍ အကြောင်းကို ပုံမှန်ပညာရေး စနစ်အတွင်းမှာရော၊ စစ်ဖက်ကောလိပ်နဲ့ စစ်တက္ကသိုလ်မှာ တက်ရောက်နေသူ ကျောင်းသားတွေ၊ သင်တန်းသားတွေ အရာရှိလောင်းတွေကိုရောပါ ထည့်သွင်း သင်ကြားပေးသင့်ပါတယ်။ စစ်တပ်ရဲ့တာဝန်က နိုင်ငံခြားရန်တွေကို ကာကွယ်ဖို့ဆိုတာရယ်၊ သဘာဝဘေးအန္တရယ်တွေ ပေါ်ပေါက်လာရင် ကယ်ဆယ်ကူညီဖို့ဆိုတာရယ်၊ (ဖြစ်နိုင်ရင်) နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းတွေမှာ ပါဝင်ဖို့ဆိုတာပဲ ဖြစ်တယ်လို့ ပုံမှန်ပညာရေး စနစ် အစောပိုင်းကာလတည်းကစပြီး နိုင်ငံသားတွေအတွက် သင်ကြားပေးနိုင်ဖို့ နိုင်ငံတော်အစိုးရကိုယ်တိုင်က အားထုတ်ကြိုးပမ်းပေးသင့်ပါတယ်။
ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းတွေကို စစ်တပ်အနေနဲ့ လိုက်နာပြီး ပူးပေါင်းဆောင်ရွက်စေဖို့ဆိုရင် စစ်တပ် ပြုပြင်ပြောင်းလဲရေးကို သေချာစဉ်းစား ပြင်ဆင်ပြီး လုပ်ဆောင်ဖို့က အလွန်တရာ အရေးကြီးပါတယ်။ ပြုပြင်ပြောင်းလဲရေးမှာ ပါတဲ့ အသေးစိတ် အချက်အလက်တွေ၊ လုပ်ငန်းစဉ် အဆင့်ဆင့်တွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီစိတ်ရှိသူ ဒီမိုကရေစီ လိုလားသူ ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေနဲ့ တိုင်ပင် ဆွေးနွေးမယ်ဆိုရင် စစ်တပ်ရဲ့ အမြင်ဆန္ဒကို အစိုးရကလည်း ထည့်သွင်း စဉ်စားပေးချင်တယ် ဆိုတဲ့သဘော ပေါ်လွင်သွားပါလိမ့်မယ်။ အင်စတီကျူးရှင်းတွေ တခုနဲ့တခုကြား သမမျှတတဲ့ ဆက်ဆံရေးကို အစိုးရက တည်ဆောက်ပေးမယ်လို့ မျှော်လင့်နိုင်ပါလိမ့်မယ်။ သူတို့ကို တိုင်ပင်ဆွေးနွေး အကြံဉာဏ် တောင်းခံလာတာကြောင့် ပြုပြင်ပြောင်းလဲရေးတွေက သူတို့နဲ့လည်း သက်ဆိုင်တယ် ဆိုတဲ့ခံစားမှုတွေ ဗိုလ်ချုပ်ကြီးတွေမှာလည်း ပိုဖြစ်လာနိုင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အစိတ်အပိုင်းတိုင်းကို သဘောမတူ လက်မခံ နိုင်ရင်တောင် ယေဘုယျအားဖြင့် လိုက်ပါလုပ်ဆောင်ဖို့ များပါတယ်။ တိုင်ပင်ဆွေးနွေးတာ မခံရတဲ့ စစ်သားတွေကတော့ အဲဒီလို လုပ်မယ် မဟုတ်ပါ။ စစ်တပ်အတွင်း ထိပ်ပိုင်းအကျဆုံး ဗိုလ်ချုပ်ကြီးတွေကို ရာထူးတိုးမြှင့်ခြင်း ကိစ္စတွေမှာတော့ နိုင်ငံတော်က ကြီးကြပ်ပေးသင့်ပါတယ်။ ဒါပေမယ့် အောက်ခြေအဆင့်က သာမန်ရာထူးတိုး ခန့်အပ်ခြင်း ကိစ္စရပ်တွေမှာတော့ နိုင်ငံရေးသမားတွေ ဝင်မစွက်မိအောင် ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် စစ်သင်တန်းကျောင်းတွေမှာ သင်ကြားတဲ့ ဘာသာရပ်တွေ၊ လေ့ကျင့်မှုတွေနဲ့ ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေက ဒီမိုကရေစီတန်ဖိုးတွေနဲ့ ဝိရောဓိမဖြစ်သရွေ့ ကြားဝင်စွက်ဖက်တာ မလုပ်သင့်ပါ။
စစ်ဖက်ဆိုင်ရာ အခမ်းအနားတွေကို တက်ရောက်ခြင်း၊ ဆုတံဆိပ်တွေ ချီးမြှင့်ခြင်း၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ အမြင့်မြတ်ဆုံး ဂုဏ်တွေကို ဆောင်နိုင်သူတွေအဖြစ် ဥပမာထား ချီးကျူးပြောဆိုခြင်းတွေ လုပ်ပြီး စစ်တပ်ကို သဘောကျ နှစ်သက်ကြောင်း ပြခြင်းအားဖြင့် အရပ်သား နိုင်ငံရေးသမားတွေက စစ်တပ်ကို ပညာသားပါပါနဲ့ ကိုင်တွယ် ဆက်ဆံနိုင်ရပါမယ်။ စစ်တပ်တွေကို ထောက်ပံ့ပေးထား ထိန်းသိမ်းပေးထားနိုင်ဖို့ နိုင်ငံတွေနဲ့ လူ့အဖွဲ့အစည်းတွေက အနစ်နာခံ စွန့်လွှတ်မှုတွေကိုလည်း လုပ်ဆောင်ရပါမယ်။ ကာကွယ်ရေး၊ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ ပတ်သက်လာရင် စစ်သားတွေရဲ့ အကြံဉာဏ်ကို တောင်းခံမှုမလုပ်ဘဲ သူတို့ကို ဝိုင်းပယ်ထားတယ် ဆိုရင်လည်း ပြည်သူလူထုရဲ့ အရင်းအမြစ်တွေကို တာဝန်မဲ့စွာနဲ့ အချည်းအနှီး ဖြုန်းတီးပစ်လိုက်တာပါပဲ။ နိုင်ငံတော်ကို ပြည်ပရန်ကနေ ကာကွယ်ခြင်းအပြင် တခြားအရေးကြီးတဲ့ တာဝန်တွေ တော်တော်များများကိုလည်း စစ်တပ်တွေက ထမ်းဆောင်နိုင်ပါတယ်။ အဆိုပါ တာဝန်တွေကတော့ တိုင်းပြည်ရဲ့ ဝေဟင်နဲ့ ကမ်းလွန်ရေပြင်တွေကို စောင့်ကြည့် ထိန်းချုပ်ခြင်း၊ ပြည်တွင်းသဘာ၀ ဘေးအန္တရယ်တွေ ဖြစ်ပေါ်လာရင် ကူညီထောက်ပံ့ခြင်း၊ ပြည်ပ တိုင်းပြည်တွေမှာ ဘေးအန္တရာယ်တွေ ကြုံလာရင် လူသားချင်း စာနာတဲ့ ကူညီမှုတွေ ထောက်ပံ့ခြင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း ဆိုတာတွေပါပဲ။ အဲဒီလို လုပ်ဆောင်မှုတွေကြောင့် စစ်သားတွေစိတ်ထဲမှာ ငါတို့ဟာ တိုင်းပြည်အတွက် အသုံးဝင်ပါလားဆိုတဲ့ ခံစားမှုမျိုး ဝင်ရောက်လာနိုင်ပါတယ်။ ပြည်သူတွေရဲ့ အမြင်မှာလည်း တင့်တယ်သွားစေပါတယ်။
မြန်မာနိုင်ငံမှာတော့ ခက်ဦးမယ်
မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဒီနေ့ ရင်ဆိုင်နေရတဲ့ အခက်အခဲက ကိုရီးယား၊ ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ဒီမိုကရေစီသမားတွေ ရင်ဆိုင်ရခဲ့တာထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲပါတယ်။ အာဏာကို မြန်မာစစ်တပ် “တပ်မတော်” ချုပ်ကိုင်ထားခဲ့ချိန်က အဆိုပါ ၃ နိုင်ငံမှာထက် ပိုကြာမြင့်ခဲ့ပါတယ် (၁၉၆၂ တည်းက)။ နိုင်ငံရေးနဲ့ အရပ်ဖက်ကိစ္စတွေမှာ စစ်တပ် လွှမ်းမိုးထားမှုက သူတို့ ၃ နိုင်ငံမှာထက် ပိုပြီး ခိုင်မာအားကောင်းနေပါတယ်။ နိုင်ငံတော် စီးပွားရေးမှာ စစ်တပ် စိမ့်ဝင်ထိုးဖောက်ထားမှုနဲ့ လူ့အဖွဲ့အစည်းကို ထိန်းချုပ်ထားမှုက အခု ဆောင်းပါးထဲမှာ ဖော်ပြထားတဲ့ ၃ နိုင်ငံမှာထက် ပိုပြီးပြင်းထန်ပါတယ်။
အကျင့်ပျက်ခြစားမှုတွေက မြန်မာနိုင်ငံမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်ထားပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွာရေးအရ အပြန်အလှန် ကူးလူးဆက်ဆံ အပေးအယူလုပ်ကြရာ အဆင့်တိုင်းမှာ အကျင့်ပျက်ခြစားမှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်တတ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း အကျင့်ပျက် ခြစားမှုတွေကို နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ကြီးက နိုင်ငံတွေ အားလုံးအတွက် အညွန်းကိန်းနဲ့ အကဲဖြတ်ရာ နိုင်ငံပေါင်း ၁၇၅ ခုထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၅၆ နေရာနဲ့ ရပ်တည်နေပါတယ်။
ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်း များစွာကြအောင် ပြင်ပလောကနဲ့ လုံးဝနီးပါး အဆက်ဖြတ်ထားခဲ့တာမို့ နိုင်ငံခြား ကုမ္ပဏီတွေ၊ NGO တွေ၊ အစိုးရတွေက အကူအညီ အထောက်အပံ့တွေ ပေးတဲ့အခါ အခက်အခဲတွေ အများကြီး ဖြစ်စေခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာနဲ့ ၂၀၀၇ ခုနှစ်မှာ အစိုးရဆန့်ကျင်ရေး အုံကြွမှုကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဆီကနေ ကြီးကြီးမားမား လိုက်လျောမှု အလျှော့ပေးမှုတွေ တခုကိုမှ မရယူနိုင်ခဲ့ဘဲ အတိုက်အခံတွေ အတွင်းမှာ စိတ်ဝမ်းကွဲပြားသွားတာပဲ ပေါ်လွင်ခဲ့ပါတယ်။
အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုကို စစ်အစိုးရက ဆယ်စုနှစ်ပေါင်း များစွာကြာအောင် ရက်ရက်စက်စက် ဖိနှိပ်ထားခဲ့တာကလည်း အတိုက်အခံတွေ မအောင်မမြင်ရခြင်းမှာ တစိတ်တပိုင်း ပါဝင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံက ပြထားသလိုပါပဲ၊ အတိုက်အခံတွေသာ စည်းလုံးညီညွတ်မှုရှိရင် ပြုပြင်ပြောင်းလဲရေး ဖိအားကို ဗိုလ်ချုပ်ကြီးတွေ မတွန်းလှန်နိုင်အောင် အတိုင်းအတာ တော်တော်များများ ပေးထားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ မြန်မာ့အတိုက်အခံတွေက မြို့နေပညာတတ် အီလစ်တွေ၊ အစဉ်အလာအတိုင်း လုပ်နေကြတဲ့ လူမှုတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလှုပ်ရှားသူတွေ၊ တိုင်းရင်းသား လူမျိုးအလိုက်၊ ဘာသာရေး အမှတ်လက္ခဏာအလိုက် နိုင်ငံရေးလုပ်ကြသူတွေ စသည်ဖြင့် အချင်းချင်းကြား ကွဲပြားနေပါတယ်။
၂၀၁၀ ပြည့်နှစ်ကစပြီး မြန်မာစစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အကန့်အသတ်နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရ ထောက်ခံသူတွေ အဆိုအရတော့ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတခုကို တည်ဆောက်ပေးဖို့ အများပြည်သူကို အလေးအနက် ကတိပေးထား” ပါတယ်။ ဒါပေမယ့် အခုထိ လုပ်ဆောင်ထားတဲ့ အပြောင်းအလဲတွေက နိုင်ငံခြားအစိုးရတွေ ချမှတ်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့နဲ့ အထီးကျန်ဖြစ်အောင် ပစ်ပယ်ထားမှုကို ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီ အရေးအတွက် စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ဆောင်တာ မဟုတ်လို့ အလွယ်တကူပဲ နောက်ကြောင်း ပြန်လှည့်သွားနိုင်ကြောင်း တက်ကြွလှုပ်ရှားသူတွေ ပြောတာ မှန်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ တခုတည်းသော လက်တွေ့ကျတဲ့ နည်းကတော့ တကွဲတပြားစီ ဖြစ်နေတဲ့ အတိုက်အခံ အုပ်စုတွေကို ပထမဆုံး စုစည်းဖို့ပါ။ ပြီးရင် စည်းအပြင် ရောက်နေတဲ့ တိုင်းရင်းသား အုပ်စုတွေ ဘာသာရေး အုပ်စုတွေကိုပါခေါ်ပြီး ခိုင်မာတဲ့ မဟာမိတ်ကို ဖွဲ့စည်းဖို့ပါ။ ပြီးရင်တော့ တိုင်းပြည်ရဲ့ နိုင်ငံရေး အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်တဲ့ လွတ်လပ်တရားမျှတ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တဲ့အထိ ဗိုလ်ချုပ်ကြီးတွေကို စိတ်ရှည်လက်ရှည်နဲ့ မှန်မှန်တိုက်တွန်း ဖိအားပေးသွားဖို့ပါပဲ။
ဒီမိုကရေစီ ဖောင်ဆောင်ရေး လုပ်ငန်းစဉ်ထဲကို ရောက်နေတာ ၄ နှစ် ကြာနေတဲ့အထိ စစ်တပ်က မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးကို ဆက်လက် လွှမ်းမိုးထားဆဲပါ။ ဒါ့အပြင် အာဏာ လက်ဝါးကြီး အုပ်ထားမှုကို စွန့်လွှတ်မဲ့ အရိပ်လက္ခဏာ တွေလည်း မြင်တွေဖိ့ု ခဲယဉ်းနေပါသေးတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အကန့်အသတ်နဲ့ ဖွင့်ပေးလိုက်ပြီးရင် ရလာမယ့် အပေါ်ယံတရားဝင် အသိအမှတ်ပြုမှုနဲ့ တိုင်းပြည်ကို ဆက်ပြီး ဦးဆောင် အုပ်ချုပ်နိုင်မယ်၊ အသစ်ရေးထားတဲ့ အခြေခံ ဥပဒေကလည်း နိုင်ငံရေးမှာ စစ်သားတွေရဲ့ အခန်းကဏ္ဍကို အာမခံ ထည့်သွင်းပေးထားမယ် ဆိုတာက ဗိုလ်ချုပ်ကြီးတွေရဲ့ အစီအစဉ်ပါ။ အဆိုပါ အစီအစဉ်က အခုအထိတော့ ကောင်းကောင်းကြီး အလုပ် ဖြစ်နေသေးတာကြောင့် အဓိကကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်သေးဘဲ လက်ရှောင်ထားနိုင်ပါတယ်။
အဲဒီလို လက်ရှောင်ထားတဲ့အတွက် မြန်မာအစိုးရကို နိုင်ငံတကာ အသိုက်အဝန်းက အနည်းအကျဉ်း ဝေဖန်ပြစ်တင် တာကလွဲပြီး ဘာမျှ ထိထိရောက်ရောက် မလုပ်ကြပါ။ အတိတ်က မှားယွင်းလုပ်ဆောင်မှုတွေ ချိုးဖောက်မှုတွေအတွက် စစ်တပ်အနေနဲ့ တာဝန်မခံရစေအောင် ၂၀၀၈ အခြေခံဥပဒေက အကာအကွယ် ပေးထားပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ရာထူးနေရာအတွက် ဝင်ရောက်ရွေးချယ် မခံနိုင်အောင် တားမြစ်ထားပါတယ်။
ဥပဒေပြုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေအတွက် ၂၅ ရာခိုင်နှုန်း ဖယ်ပေးထားပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ချက်တွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုကို လိုအပ်တယ်လို့ ပြောထားတာကြောင့် ၂၅ ရာခိုင်နှုန်းဆိုတာ စစ်သားတွေအတွက် “အခြေခံဥပဒေထဲက ဘန်ကာ” ပါပဲ။ (ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံကို အုပ်ချုပ်ခဲ့ဖူးတဲ့ စစ်အစိုးရတွေလည်း အလားတူ သဘောမျိုး စစ်သားကိုယ်စားလှယ်တွေကို ဥပဒေပြုလွှတ်တော်ထဲမှာ သီးသန့်နေရာပေး ခန့်အပ်တာတွေ ရှိခဲ့တယ်ဆိုတာ မှတ်သားသင့်ပါတယ်။ တောင်ကိုရီးယား နိုင်ငံမှာတော့ မရှိခဲ့ပါ။)
မြန်မာ အတိုက်အခံတွေအတွက် “သန်း” နိုင်စရာ မျှော်လင့်ချက်ရောင်ခြည် တခုကတော့ အစိုးရအဖွဲ့အတွင်း ထိပ်တန်းခေါင်းဆောင် ၃ ယောက်ကြားမှာ သဘောထားကွဲမှုတွေ ဖြစ်ပေါ်လာတာပါ။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကြား ဖြစ်ပေါ်လာတဲ့ သဘောထားကွဲမှုပါ။ စစ်တပ် အကျိုးစီးပွားတွေကို ကာကွယ်စောင့်ကြပ်ဖို့ စစ်တပ် ကျောထောက်နောက်ခံ ပေးထားပြီး ဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အားကိုးနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး သူတို့ ၃ ယောက်ကြားမှာ သဘောထားတွေ ကွဲကြပါတယ်။
သမ္မတ ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေနောက်ကို မင်းအောင်လှိုင်က လိုက်ပါ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားတွေ တင်းမာလာပါတယ်။ အထူးသဖြင့်တော့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ လုပ်ဆောင်တဲ့ အပစ်ရပ် ဆွေးနွေးပွဲတွေအပေါ် သဘောထား တင်းမာတာပါ။ လွှတ်တော် အတွင်း စစ်သားတွေကို ပေးထားတဲ့ အမတ်နေရာတွေကို လျှော့ချဖို့ မြန်မာနိုင်ငံက “အဆင့်သင့်မဖြစ်” သေးဘူးဆိုတာကို သမ္မတ ဦးသိန်းစိန်နဲ့ တပ်ချုပ် မင်းအောင်လှိုင်တို့ သဘောတူပါတယ်။
၂၀၁၅ ခုနှစ်နှောင်းပိုင်းမှာ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရဖို့ ဖြစ်နိုင်ခြေ အားကောင်းသူ ၃ ယောက် ရှိပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်က နောက်တကြိမ် သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်ဦးမယ်လို့ ဆုံးဖြတ်လာနိုင်ပါတယ်။ သူရဦးရွှေမန်းကတော့ သမ္မတဖြစ်ရေး ကြိုးစားမယ်ဆိုတာ ပြောထားတာ ကြာပါပြီ။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ သမ္မတရာထူးအတွက် ယတိပြတ် မငြင်းနိုင်ဘူးလို့ အင်တာဗျူးတွေမှာ မကြာသေးခင်က ပြောထားပါတယ်။
မကြာသေးခင် ကာလတွေအတွင်း ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုတွေက မြန်မာစစ်တပ်အတွက် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ၂၀၁၄ ခုနှစ် မေလ ထိုင်းစစ်တပ် အာဏာသိမ်းပြီးနောက် မြို့တော် ဘန်ကောက်ကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အလည်အပတ်သွားတော့ သူက ထိုင်းစစ်တပ် ဗိုလ်ချုပ်ကြီးတွေကို ပွင့်ပွင့်လင်းလင်းပဲ ချီးကျူးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်က လုံး၀ စင်းလုံးချော မဟုတ်ပေမယ့် လက်တွေ့ကျကျ လုပ်ဆောင်ချင်တဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အတွက်တော့ ထည့်သွင်းစဉ်းစားစရာ၊ စိတ်အားတက်ကြွစရာ နမူနကောင်းတခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အင်ဒိုနီးရှား နိုင်ငံမှာတောင်မှပဲ ဒီမိုကရေစီ နောက်ကြောင်းပြန် လှည့်သွားနိုင်မယ့် အန္တရာယ်က ၂၀၁၄ ခုနှစ (ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် စတင်ပြီးနောက် ၁၆ နှစ်အကြာ) သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကာလမှာ တကယ်ကို ထင်ထင်ရှားရှား ပေါ်လာခဲ့သေးတယ် ဆိုတာကို အလေးအနက် မှတ်သားဆင်ခြင်ဖို့ ကောင်းပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံ အခြေအနေက ၁၉၉၈ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ အခြေအနေထက် အများကြီး ပိုခက်ခဲကြမ်းတမ်းပြီး စိန်ခေါ်မှု ကြီးမားတာ အသေအချာပါပဲ။ ဒါကြောင့်မို့ လက်တွေ့ကျကျ စဉ်းစားတတ်တဲ့ မြန်မာ့ဒီမိုကရေစီ သမားတွေက ရေရှည်တိုက်ပွဲ အတွက်ပဲ ပြင်ဆင်ထားသင့်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်း၊ နိုင်ငံရေး စီးပွားရေးမှာ မြန်မာစစ်တပ်က လွှမ်းမိုးထားနိုင်မှု၊ ဒီမိုကရေစီ အတိုက်အခံတွေရဲ့ အားနည်းမှုတွေ စသဖြင့် အားလုံးကို ထည့်သွင်း စဉ်းစားလိုက်ရင် မဝေးလှတဲ့အနာဂတ်မှာ မြန်မာဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးကနေ ထွက်ခွာသွားတော့မယ် ဆိုတဲ့ ပြောဆိုမှုအပေါ် သံသယဖြစ်စရာ အကြောင်းတွေ အများကြီး ရှိနေပါတယ်။
(ပြီး)
ဇိုလ်တန် ဘာရာနီ (Zoltan Barany) သည် တက္ကဆပ်တက္ကသိုလ်၊ အုပ်ချုပ်ရေးပညာ လေ့လာမှုဌာနတွင် Frank C. Erwin, Jr. Centennial Professor ဖြစ်သည်။ The Soldier and the Changing State: Building Democratic Armies in Africa, Asia, Europe, and the Americas အပါအဝင် စာအုပ်များ ရေးသားခဲ့သည်။ ယခုဆောင်းပါးကို Journal of Democracy နှင့် Johns Hopkins University Press တို့၏ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ အဖွဲ့အကြောင်း ပိုမိုသိရှိလိုပါက www.eduinitiatives.org သို့ ဝင်ရောက်လေ့လာနိုင်သည်။