ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတနှင့် ဖျာပုံခရိုင်အတွင်းရှိ မြိ့နယ်များ၌ လက်ရှိ သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း များပြားနေကြောင်း သတင်း ရရှိသည်။
“ဒီနှစ်က ခါတိုင်းထက်ပိုပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များနေတယ်။ လက်ရှိမှာ ကျနော်တို့ ကျန်းမာရေးဌာန အနေနဲ့ သွေးလွန် တုပ်ကွေးအဖြစ်များနေတဲ့ ကျုံပျော်၊ ဟင်္သာတ၊ မြောင်းမြ၊ ဖျာပုံနဲ့ လေးမျက်နှာမြိ့တွေကို ဆင်းပြီး ပညာပေးတယ်။ အောက်ခြေကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး ကုသပေးတယ်။ အဘိတ်ဆေး (ပိုးလောက်လန်း သေသည့်ဆေး) ဖြန်းပေးတာတွေ လုပ်နေပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကြည်ဆွေက ဧရာဝတီကို ပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဧရာဝတီတိုင်း၌ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၄၀၀ ကျော်ရှိ၍ သေဆုံးသူ ၃ ဦးရှိပြီး မြန်မာတနိုင်ငံလုံးတွင် အများဆုံး ဖြစ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ ပြီးခဲ့သည့် မေလက လူပေါင်း ၆၃၄ ဦး ရောဂါဖြစ်ပွားသည့်အတွက် ၁ လအတွင်း သွေးလွန်တုပ်ကွေးဖြစ်သူ ဦးရေ ၂ ဆကျော် တိုးမြင့်လာခြင်း ဖြစ်သည်။
“ဟင်္သာတမှာကတော့ သွေးလွန်တုပ်ကွေးဖြစ်တာ ဆေးရုံတောင် မဆန့်တော့ဘူး။ အသက် ၃ နှစ်လောက်ကနေ ၁၆ နှစ်လောက် အရွယ်တွေအထိ ဖြစ်ကြတယ်။ အဖြစ်များတာက ရွာဘက်က ကလေးတွေ ဖြစ်ကြတာ များတယ်”ဟု ဟင်္သာတမြို့ အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့(HRDP)မှ ကိုသိန်းဇော်မြင့်က ပြောသည်။
လက်ရှိတွင် ပုသိမ်ဆေးရုံကြီး၌ သွေးလွန်တုပ်ကွေးလူနာ ၃၁ ဦး တက်ရောက်ကုသနေပြီး အများစုသည် ပုသိမ်မြိ့နယ်နှင့် ကန်ကြီး ထောင့်မြိ့နယ်တို့မှ ဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ တင်မောင်ညွန့်ကလည်း ပြောပြသည်။
“လက်ရှိ သွေးလွန်တုပ်ကွေးလူနာ ၃၁ ဦးကို ကုသပေးနေတယ်။ အများဆုံးကတော့ ကန်ကြီးထောင့်နဲ့ ပုသိမ်မြို့နယ်ထဲက အဖြစ်များပါတယ်။ အသက် ၃ နှစ်ကနေ ၈ နှစ်အရွယ်တွေအထိဖြစ်သလို လူကြီးပိုင်းတွေလည်း ဖြစ်တာတွေ ရှိတယ်။ ဒါပေမယ့် ရှော့ခ် (သွေးလန့်ခြင်း) ဖြစ်သူ၊ သေဆုံးသူတော့ မရှိပါဘူး”ဟုလည်း ၎င်းက ပြောသည်။
ရေသန့်တွင်ပေါက်ဖွားသော သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် သယ်ဆောင်သည့် အေးဒိစ်ခြင် ကိုက်ခံရခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိကြောင်း၊ ရောဂါဖြစ်ပါက ရက်ရှည်ဖျားခြင်း၊ ကိုယ်ပူသော်လည်း ခြေလက်များ အေးစက်နေခြင်း၊ ကော်ဖီရောင် ရှိသော အရည်များ အန်ခြင်း၊ အသည်းနှင့် အူတို့မှ သွေးယိုစီးခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ မှိန်းပြီး သတိလစ်ခြင်းများ ခံစားရလေ့ရှိပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် သွေးလွန်တုပ်ကွေးဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်၍ ကုသမှုခံယူရန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
“သတိပေးလိုတာတခုက ကလေးဖျားရင် အပြင်ဆိုင်တွေမှာ ဆေးတွဲပေးပါဦးဆိုပြီး မိဘတွေက ဆေးဝယ် တိုက်လေ့ရှိတယ်။ အဲဒါက အရမ်းအန္တရာယ်များတယ်။ ဆိုင်က အဆင်ပြေသလို အကိုက်အခဲပျောက်ဆေးတွေ လျှောက်ထည့်ပေးတော့ ရောဂါက သွေးလွန် တုပ်ကွေးဖြစ်နေရင် အစာအိမ်တို့ အူလမ်းကြောင်းတို့ သွေးယိုတာတွေဖြစ်ပြီး အသက်အန္တရာယ် ဖြစ်တတ်ပါတယ်”ဟု ဆေးရုံ အုပ်ကြီး ဒေါက်တာ တင်မောင်ညွန့်က ပြောသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းအသီးသီး၌ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁ သောင်းကျော်ရှိပြီး သေဆုံးသူ ၄၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ရောဂါဖြစ်ပွားမှုစာရင်းတွင် ဧရာဝတီတိုင်းက ရောဂါဖြစ်ပွားသူ ၂၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး မွန်ပြည်နယ်က လူ ၁၈၀၀ ကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ရန်ကုန်တိုင်းက ရောဂါဖြစ်ပွားသူ ၁၅၀၀ ကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။ သေဆုံးမှုနှုန်းတွင် ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး လူ ၁၁ ဦး သေဆုံးခဲ့သည်။