တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ အနေဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကဏ္ဍတွင် လက်နက် ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည်ပေါင်းစည်းရေး ဆိုသည့်(DDR) လုပ်ငန်းစဉ် ကို လက်ခံကြရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang တို့ ဇွန်လ ၂၉ ရက်က နေပြည်တော် ဘုရင့်နောင် ဧည့်ရိပ်သာ၌ တွေ့ဆုံစဉ် ပြောဆိုခြင်း ဖြစ်ကြောင်း တပ်မတော်အာဘော် မြဝတီ အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
H.E. Mr. Sun Guoxiang သည် ယခုလဆန်းပိုင်းက ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ၌ ပြုလုပ် သော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သူ ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးရာ တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် DDR လုပ်ငန်းစဉ်ကို လက်ခံဖို့အရေးကြီးကြောင်း ပြောဆိုသည်ဟု ဆိုသည်။
နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေး ဆွေးနွေးမှုများတွင် ကျင့်သုံးလေ့ရှိသော DDR (Disarmament၊ Demobilization၊ Reintegration) ဆိုသည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် လက်နက်ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည် ပေါင်းစည်းရေး မူဝါဒများ ပါဝင်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အတူ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများဖြစ်သည့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြကြောင်းလည်း သိရသည်။
နိုင်ငံတနိုင်ငံတွင် တပ်မတော်တခုတည်းသာ ရှိရမည်ဆိုသည့်မူကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လက်ခံ သော် လည်း လက်ရှိတပ်မတော်၏ အနေအထားနှင့် နှစ်ပေါင်း ၆၀ ကျော်အတွေ့အကြုံများအရ တိုင်းရင်းသား တပ်များအနေဖြင့် ဖျက် သိမ်းရမည့် အခြေအနေမျိုး မဖြစ်သင့်သေးကြောင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ခေါင်း ဆောင် နိုင်ဟံသာ က ပြောသည်။
“တို့ဘက်ကတော့ တို့ရဲ့ တပ်တွေကို ပြည်နယ်လုံခြုံရေး တပ်တွေသဘောမျိုးနဲ့ပေါ့ဗျာ၊ အဲဒီလိုထားပြီးတော့မှ တနိုင်ငံလုံးရဲ့ တပ် မတော် ဦးဆောင်မှုရဲ့ အောက်မှာ နေသွားမယ်။ အဲဒီပုံစံမျိုး ဖြစ်သင့်တယ်။ ဒါက တပ်တွေကို ဒီလိုခွဲထားခြင်းအားဖြင့် စစ်တပ် က အာဏာသိမ်းတဲ့ပုံစံမျိုးလုပ်ဖို့ အကာအကွယ်ပေးပြီးသား ဖြစ်သွားမယ်။ တဖက်ကလည်း ယုံကြည်မှုမရှိတဲ့ အတွေ့အကြုံအရပေါ့ဗျာ။ နှစ်ဖက်စလုံးက အာမခံချက်ရှိဖို့ကတော့ အဲသလို နေဖို့ သင့်တယ်လို့ တို့ဘက်ကတော့ ခံယူတယ်ဗျ”ဟု နိုင်ဟံသာ က ဧရာဝတီ ကို ပြောပြသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ Mr. Sun Guoxiang နှင့် ဆွေးနွေးရာတွင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် ဥပဒေနှင့်အညီ သွားရမည် ဆိုသည့် စိတ်ဓာတ်မျိုး၊ စည်းကမ်းကို လိုက်နာရမည် ဆိုသည့် စိတ်ဓာတ်မျိုးနှင့် တစ်ဦးနှင့် တစ်ဦး ယုံကြည်မှုရှိသည့် စိတ်ဓာတ်မျိုး ရှိရန်လိုကြောင်းလည်း ပြောဆိုခဲ့သည်။
“မိမိတို့သွားနေသည်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေခြင်းဖြစ်၍ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို တရားဥပဒေနှင့် အညီသာ လိုက်ပါဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ တရားဥပဒေနှင့်အညီ ပေါင်းစည်းရေးကိုသွားဖို့ ခံယူချက် ရှိရန်လိုကြောင်း၊ ဖြစ်နိုင်သည့် တောင်းဆိုချက်များသာ ဖြစ်စေလိုကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်ဟုလည်း မြဝတီ အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် တပ်မတော်က၂၀၀၈ ဖွဲ့စည်းပုံအောက် ဆွဲသွင်းလိုသကဲ့သို့ အဓိပ္ပာယ်အမျိုးမျိုးဆွဲနိုင်သည့် “ဥပဒေနှင့်အညီ” ဆိုသော စကားရပ်သည် တိုင်းရင်းသားများအပေါ် လိုသလို အသုံးပြုနိုင်ကြောင်း နိုင်ဟံသာက ပြောသည်။
“သူ့လွတ်လပ်ခွင့်နဲ့ သူ့အနေအထားနဲ့သူ ရှိရမှာပေါ့။ အဲဒါကို တဘက်က အားလုံး ငါ့လက်အောက်မှာလာနေ ဆိုတဲ့ ပုံစံမျိုးနဲ့ ကိုယ့် ဥပဒေနဲ့ကိုယ် ချုပ်ကိုင်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ ဖြစ်ဖို့ မသင့်ဘူးပေါ့”ဟုလည်း နိုင်ဟံသာ က ဆိုသည်။
တပ်မတော်အစိုးရက စိတ်ကြိုက်ရေးဆွဲပြဌာန်းထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များသာမက နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပရှိ အတိုက်အခံအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများက ထောက်ခံမှုမရှိပေ။
ထို့ကြောင့် ယခုလ ၂၅ ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးပါသည့် ပုဒ်မ ၄၃၆ ပြင်ဆင် ရေး ကြိုးပမ်းခဲ့ကြသည်။ သို့သော်လည်း တပ်မတော်ဘက်က ကန့်ကွက်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့သည်။