ရွေးကောက်ပွဲမတိုင်မီ ခြေဆင်းအနေအထား အရပ်အရပ်မှာ လက်ရှိ အာဏာရ နေပြည်တော်အစိုးရနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အဖို့ မျက်နှာမလှ၊ တာထွက်မကောင်းဘဲ ရှိနေသည်။ ရွေးကောက်ပွဲ အတွက် မဲစာရင်းက လူအများ စိတ်ကုန်ရသည်အထိ အလွဲစာရင်း ဖြစ်နေရသောကြောင့် ဖြစ်သည်။ ထို့အပြင် တပ်မတော်အဖို့လည်း မျက်နှာမလှ ဇာတိပြသလို ဖြစ်သွားသည်မှာ ပုဒ်မ ၄၃၆ အဆို လွှတ်တော်၌မဲခွဲရာတွင် ကန့်ကွက်မဲပေးခဲ့ကြပြီး ဣန္ဒြေပျက်လောက်သည့်အထိ ဝမ်းပမ်းတသာ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြသောကြောင့် ဖြစ်သည်။
ယင်းဖြစ်ရပ်နှစ်ခုက လာမည့်ရွေးကောက်ပွဲနှင့် ယင်းအလွန် မြန်မာ့ နိုင်ငံရေး အခြေအနေမှာ ဒီမိုကရေစီရေး အပြောင်းအလဲအတွက် အားရလောက်သော မျှော်လင့်ချက် ရှိမည်မဟုတ်ဟု ညွှန်ပြနေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ အတွက် မဲခွဲရာတွင် ထောက်ခံမဲ ၆၇ ရာခိုင်နှုန်း ရသည်ဆိုသော်လည်း သတ်မှတ်သည့် ၇၅ ရာခိုင်နှုန်း မပြည့်ဟုဆိုကာ ရှုံးခဲ့ရလေရာ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လက်ရှိအနေအထားအရ မဖြစ်နိုင်ကြောင်း၊ တပ်မတော်အနေဖြင့် လွှတ်တော်ထဲတွင် ဝင်ထိုင်နေခြင်းအားဖြင့် နိုင်ငံရေးတွင် ဆက်လက် ပါဝင်နေမည် ဖြစ်ကြောင်းနှင့် နောက်သမ္မတ သက်တမ်းတခုအထိ အာဏာရ ကြံ့ခိုင်ရေးပါတီက အာဏာလက်လွှတ်လိုခြင်း မရှိကြောင်း ပြသရာရောက်သည်ဟု သုံးသပ်ရသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပိတ်ဆို့ထားခြင်း၏ နောက်ဆက်တွဲ ဂယက် အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသားများနှင့် အပစ်ရပ် ငြိမ်းချမ်းရေးတွင်ပါ ထိခိုက်မှုများရှိလာသည်မှာ အထင်အရှားဖြစ်သည်။
လွတ်လပ်ပြီး တရားမျှတသော၊ အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာမှု ရှိသော ရွေးကောက်ပွဲ ဖြစ်လာနိုင်မည်လားဟူသည့် မျှော်လင့်ချက်မှာလည်း စတင်ဝေဝါးစ ပြုနေသည်။ မဲစာရင်း အငြင်းပွားဖွယ် အလွဲလွဲအချော်ချော် ဖြစ်မှုနှင့် ယင်းကိစ္စအတွက် တာဝန်ခံမှု နည်းနေခြင်းကလည်း ရွေးကောက်ပွဲ မှန်ကန်မျှတစွာ ကျင်းပရေးနှင့် အားလုံးမျှော်လင့်သည့် ရွေးကောက်ပွဲ ပုံစံမျိုး အမှန်တကယ် ဖြစ်ပေါ်လာရေးကို သံသယဖြစ်စေသည်။ ထို့အပြင် ရွေးကောက်ပွဲကို တနည်းတဖုံအားဖြင့် အချိန်ဆွဲရာ ရောက်နေသည်ဟူသော ဝေဖန်မှုများလည်း စတင်ထွက်ပေါ်လာပြီ ဖြစ်သည်။
တဖက်တွင် UEC ဥက္ကဋ္ဌ ဦးတင်အေးက အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူမည် ဆိုလျှင်လည်း ဂရုစိုက်မည်မဟုတ်၊ အမှားအယွင်း ဖြစ်လျှင် ခံမည်ဟု ကြွေးကြော်နေသော်လည်း အခြေခံအကျဆုံးဖြစ်သည့် မဲစာရင်း ၉ဝ ရာခိုင်နှုန်းအထိ လွဲချော်မှုများမှစ၍ ဝေဖန်ထောက်ပြမှုများ၊ မေးခွန်းထုတ်မှုများကို ခံနေရပြီဖြစ်သည်။ ရွေးကောက်ပွဲအတွက် နိုင်ငံ တကာက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေးထားသော ထောက်ပံ့မှုများ၊ ရွေးကောက်ပွဲအတွက် နိုင်ငံတော်က ချပေးထားသည့် ဘတ်ဂျက်များနှင့် ရွေးကောက်ပွဲမတိုင်မီ ရှိနေသော နှစ်ကာလအချိန်များကို မည်သို့ စီမံခန့်ခွဲခဲ့သည် ဆိုသည်မှာလည်း UEC ကို မေးရမည့် မေးခွန်းဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် နောက်ပြန် မလှည့်သော်လည်း ထင်သလောက် ရှေ့မတိုးခဲ့သော မြန်မာ့နိုင်ငံရေး အကူးအပြောင်းသည် အတိုက်အခံများကို ပြုပြင်ပြောင်းလဲရန်ခက်သည့် အခြေခံဥပဒေဖြင့် ပိတ်ဆို့ထားခြင်း၊ ယင်း အခြေခံဥပဒေကို အကြောင်းပြု၍ တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီက အာဏာခွဲဝေမှုကို အုပ်စီးထားခြင်း၊ အခြေခံ ဥပဒေဖြင့်ပင် အာဏာလက်ကိုင် ရှိခဲ့ဖူးသူများက အကျိုးးစီးပွားအတွက် အကာအကွယ် ယူထားခြင်း၊ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် သံသယဖြစ်ဖွယ် လွဲချော်မှုများ ရှိနေခြင်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အနုတ် လက္ခဏာဘက်သို့ ပြန်လည် သက်ဆင်းနေကြောင်း သက်သေခံနေသည်။
တရားမျှတသော၊ ပွင့်လင်းမြင်သာ ရွေးကောက်ပွဲ ဖြစ်နိုင်ပါမည်လား၊ ဤသို့ဤပုံနှင့် ရွေးကောက်ပွဲအတွက် အလွဲလွဲအချော်ချော် ဖြစ်နေပါလျှင်၊ အစိုးရ၊ အာဏာရပါတီ၊ လွှတ်တော်တို့အတွင်း အာဏာလွန်ဆွဲမှုများ ဖြစ်နေပါလျှင် ရွေးကောက်ပွဲသည် သတ်မှတ်ထားသော အချိန်တွင် ကျင်းပ နိုင်ပါဦးမည်လား။ မြန်မာ့နိုင်ငံရေးသည် လမ်းဆုံလမ်းခွသို့ ရောက်နေပေပြီ။
လက်ရှိအနေအထားမှ နောက်ဆုတ်မသွားဘဲ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ၊ မဲထည့်ပိုင်ခွင့်ရှိသူတိုင်း စိတ်အေးချမ်းသာစွာ မဲထည့်ပိုင်ခွင့်တို့ကို အစိုးရ၊ အာဏာရ ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်တို့က အာမခံမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆက်လက် အကောင်အထည် ပေါ်မည်ဖြစ်သည်။ သို့မှသာ လာအို၊ ကမ္ဘောဒီးယားထက်ပင် ခေတ်နောက်ကျ သွားပြီဖြစ်သော မြန်မာနိုင်ငံကို ပြန်လည် ထူထောင်နိုင်မည်ဖြစ်သည်။