မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို ခွဲတမ်းစနစ်ဖြင့် သတ်မှတ်လိုက်ခြင်းဖြင့် မြန်မာ အမျိုးသမီးများကို နိုင်ငံရေး ခေါင်းဆောင်မှုတွင် ပိုမိုပါဝင်လာအောင် တွန်းအားပေးနိုင်ကြောင်း ကျား၊ မ တန်းတူ အခွင့်အရေးဆိုင်ရာ သုတေသန ပညာရှင်များက ဆိုသည်။
မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်တွင် အမျိုးသမီး လူဦးရေသည် အမျိုးသား လူဦးရေထက် ၁ ဒသမ ၈ သန်းခန့် ပိုများနေပြီး အမျိုးသမီးများ စာတတ်မြောက်မှုနှုန်းသည် အမျိုးသားများ စာတတ်မြောက်မှုနှုန်းနှင့် ကွာဟမှုများစွာ မရှိသော်လည်း အမျိုးသမီးများ၏ နိုင်ငံရေး ခေါင်းဆောင်မှုပိုင်းသို့ ရောက်ရှိမှု အနေအထားမှာ အင်မတန် နည်းပါးနေသဖြင့် ယင်းကဲ့သို့ ခွဲတမ်းဖြင့် သတ်မှတ်ထားသင့်ကြောင်း ပညာရှင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ဆိုသည်။
ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ပြုလုပ်သည့် The Gender and Development Initiative – Myanmar ၏ “နိုင်ငံရေး ခေါင်းဆောင်မှုတွင် အမျိုးသမီးများ ကြုံတွေ့ရသည့် အတားအဆီးများနှင့် အခွင့်အလမ်းများအပေါ် လေ့လာတွေ့ရှိချက်များ” သုတေသန စာတမ်း မိတ်ဆက်ပွဲတွင် ယင်းကဲ့သို့ မှတ်ချက်ပြုခဲ့ကြခြင်း ဖြစ်သည်။
GDI – Myanmar မှ နည်းပညာ ပံ့ပိုးမှု တာဝန်ခံ Lahpai Ja Ra က မြန်မာ့လူ့ပတ်ဝန်းကျင်၏ အမျိုးသမီးများအပေါ် နှိမ့်ချဆက်ဆံမှုသည် အချိန်တိုအတွင်း ချေဖျက်နိုင်သည့် ကိစ္စမဟုတ်သည့်အတွက် လွှတ်တော်တွင် အမျိုးသမီး လွှတ်တော်အမတ်များကို ခွဲတမ်းစနစ်ဖြင့် ပြုလုပ်ခြင်းသည် အမျိုးသမီးများကို နိုင်ငံရေး ခေါင်းဆောင်မှုတွင် ပိုမိုပါဝင်လာအောင် တွန်းအားပေးနိုင်သည်ဟု ပြောသည်။
Lahpai Ja Ra က “ယဉ်ကျေးမှုအစွဲ ဘာညာဆိုတာက ရေတိုအတွင်းမှာ ချေဖျက်လိုက်နိုင်တဲ့ကိစ္စ၊ ပပျောက်သွားနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ရေရှည်ကြီး သွားရမှာ။ ဒါပေမယ့် လတ်တလော အနေအထားမှာ ရေရှည်တခုကို တဖြည်းဖြည်းနဲ့ ပညာပေး စနစ်တွေနဲ့ Awareness ပေးရင်းနဲ့ တွန်းထုတ်သွားနေသလိုမျိုး ဒီဘက်မှာ ရေတိုစီမံကိန်း အနေနဲ့လည်း အမျိုးသမီးထုအတွက် ယာယီ အနေနဲ့ အထူးလုပ်ဆောင်ပေးရမှာ အရာက Quota စနစ်တွေ သတ်မှတ်ပြီးတော့ လုပ်ပေးတာမျိုးပေါ့။ ရိုးရိုးလူတွေ နားလည်တဲ့ စကားနဲ့ ပြောရရင် ဒီလိုမျိုးလည်း လုပ်လို့ရတယ်၊ လုပ်နိုင်ပါလားဆိုတဲ့ အသိကလေးကို မြင်ဖန်များတဲ့အခါ သူလုပ်နိုင်ပါတယ်ဆိုတဲ့ အသိကလေးတွေ ဖြစ်လာတဲ့အတွက်တော့ တွန်းအားတခု ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်က မြန်မာ့ လူမှုပတ်ဝန်းကျင်တွင် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အတွေးအခေါ်များအရ ဝတ်စားဆင်ယင်မှု၊ နေပုံထိုင်ပုံနှင့် အလုပ်တာဝန်များတွင် အမျိုးသမီးများကို တဆင့်နှိမ့်၍ ဆက်ဆံမှုများကို မပယ်ဖျက်နိုင်သေးသည့် ကာလတွင် ယင်းကဲ့သို့ ခွဲတမ်းစနစ်ဖြင့် ပြုလုပ်ခြင်းဖြင့် အမျိုးသမီးများ၏ အရည်အချင်းကို လူ့ပတ်ဝန်းကျင်က အားကျ အသိအမှတ်ပြုရန် တွန်းအားတခု ဖြစ်သည်ဟု ဆိုသည်။
ဦးငိုင်ဆာခ့်က “အဲဒီလို ကန့်သတ်ပေးလိုက်လို့ အမျိုးသမီးတွေ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါလာပြီဆိုရင်၊ အဲဒီ ဦးဆောင်မှု အခန်းကဏ္ဍကို သဘောကျ၊ အားကျပြီးတော့ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ အမျိုးသားတွေ အသိအမှတ် ပြုလာပြီးတော့ အမျိုးသမီးတွေ ဒီလောက်တောင် လုပ်နိုင်ပါလားဆိုတဲ့ အမြင်ကို သူတို့ တွေ့လာပြီဆိုရင်၊ သူတို့တွေ သတ်မှတ်တဲ့ အရည်အသွေး ရလာပြီဆိုရင်၊ နောက်ပိုင်းမှာ အငယ်တွေရဲ့ စိတ်ထဲမှာရော အမျိုးသားတွေရဲ့ စိတ်ထဲမှာရော အသိအမှတ်ပြုချင်စိတ်၊ နမူနာယူချင်စိတ် ရှိလာပြီးတော့ အရည်အသွေးပိုင်းကို ဦးစားပေးတဲ့ အပိုင်းကို ရောက်လာလိမ့်မယ်။ အဲဒီအပိုင်းကို ဦးတည်လာမယ်။ အဲဒီအချိန်ကျ အနည်းဆုံး အမျိုးသမီးဦးရေ၊ အမျိုးသမီး အချိုးအစား သတ်မှတ်စရာ မလိုတော့ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော် အဆင့်မှစ၍ ပြည်နယ်နှင့်တိုင်း လွှတ်တော်များအထိ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အရေအတွက်မှာ ၅၃ ဦးသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၄ ဒသမ ၆ ရာခိုင်ခန့်သာ ရှိသဖြင့် မြန်မာအမျိုးသမီးများ၏ နိုင်ငံရေး ခေါင်းဆောင်မှုပိုင်းသို့ ရောက်ရှိမှု အနေအထားသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာ နည်းပါးနေကြောင်း ယင်းသုတေသန စာတမ်းအရ သိရှိရသည်။
GDI – Myanmar ၏ စာတမ်းသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီများတွင် အမျိုးသမီးများ ပါဝင်မှုနှုန်းကို အခြေခံကာ ပြုစုထားခြင်း ဖြစ်ပြီး နိုင်ငံရေး ခေါင်းဆောင်မှုတွင် အမျိုးသမီးများ ကြုံတွေ့ရသည့် အတားအဆီးများအနက် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများမှာ အဓိက အတားအဆီးများ ဖြစ်ကြောင်း ဖော်ပြထားသည်။
ဦးငိုင်ဆာခ့်က နိုင်ငံရေး ဦးဆောင်မှု ကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်နိုင်ခြင်းအားဖြင့် အမျိုးသမီး လုံခြုံရေးကိစ္စများ၊ နစ်နာမှုများနှင့် အမျိုးသမီးထု၏ အကျိုးအတွက် ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု ဆိုသည်။
ဦးငိုင်ဆာခ့်က “အမျိုးသမီး အကြမ်းဖက်မှုတွေကို ကာကွယ်တဲ့နေရာမှာ၊ အမျိုးသမီး ရပိုင်ခွင့်တွေကို ပိုပြီးတော့ ကွက်ကွက်ကွင်းကွင်းနဲ့ ဖော်ထုတ် မြှင့်တင်နိုင်တဲ့နေရာ၊ အမျိုးသမီးတွေအတွက် အာမခံချက်ရှိဖို့ ဥပဒေ ပြဌာန်းတဲ့ နေရာတွေမှာတော့ အမျိုးသမီးတွေ ကိုယ်တိုင်က ခံစားထိတွေ့မှု၊ ကြုံတွေ့မှု ရှိတဲ့အတွက်ကြောင့် အမျိုးသားတွေထက် တင်ပြမှု အပိုင်းမှာ ပိုပြီးတော့ စိတ်အားထက်သန်မယ်။ ပိုပြီးတော့လည်း တစိုက်မတ်မတ်လည်း လုပ်နိုင်လိမ့်မယ်” ဟု ဆိုသည်။
Lahpai Ja Ra က နိုင်ငံရေး ခေါင်းဆောင်မှု အပိုင်းတွင် အမျိုးသား၊ အမျိုးသမီး ဦးရေ နှစ်ခု အချိုးတူညီမျှ ပါဝင်ခြင်းအားဖြင့် မတူကွဲပြားသော အမြင်များဖြင့် ပိုကောင်းသော ပြောင်းလဲမှုများကို အထောက်အပံ့ ပေးနိုင်ပြီး အမျိုးသမီးထုများ၏ လိုအပ်ချက်ကို ပိုမို ကိုယ်စားပြုလာနိုင်လိမ့်မည်ဟု ပြောသည်။
GDI – Myanmar မှ အမှုဆောင် ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က အမျိုးသမီးများ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပိုမို ပါဝင်လာအောင် ယင်းကဲ့သို့ ခွဲတမ်း သတ်မှတ်ခြင်းကို ကျား၊ မ တန်းတူအခွင့်အရေး ရှိလာသည့်အချိန်အထိ သတ်မှတ်ထားရန် လိုအပ်သည်ဟု ဆိုသည်။
GDI – Myanmar အနေဖြင့် ယခုနှစ် ၂၀၁၅ ရွေးကောက်ပွဲအတွက် ဝေးလံသော ဒေသများရှိ အမျိုးသမီးများကို မဲမှန်ကန်စွာ ထည့်တတ်ရေး၊ အမျိုးသမီး အချင်းချင်း ထောက်ခံ အားပေးတတ်စေရေးနှင့် ရွေးကောက်ပွဲ ဝင်မည့် အမျိုးသမီးများကို မဲဆွယ်စည်းရုံးရေးနှင့် ဆိုင်သော လေ့ကျင့်ရေးများ ပြုလုပ်ပေးသွားရန်လည်း ရှိသည်ဟု သိရှိရသည်။
မြန်မာနိုင်ငံတွင် ဝန်ကြီးအရေအတွက် ၃၆ ဦးအနက် အမျိုးသမီးဝန်ကြီး ၂ ဦး၊ ဒုဝန်ကြီး ၅၇ ဦးတွင် အမျိုးသမီး ဒုဝန်ကြီး ၆ ဦး ရှိကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၈၇ နိုင်ငံ၏ ကျား၊ မ ခွဲခြားဆက်ဆံခံရမှု နှုန်းထား (Gender Inequality Index) စစ်တမ်းအရ မြန်မာနိုင်ငံက အဆင့် ၈၃ တွင် ရှိကြောင်း GDI – Myanmar ၏ သုတေသနတွင် ဖော်ပြထားသည်။