မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် သေနတ်များ၊ ဆက်သွယ်ရေးစက်များနှင့် မူးယစ်ဆေးဝါး တချို့ တရားမဝင် လက်ဝယ်ထားရှိမှုဖြင့် ဖမ်းဆီးထားသူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အရာရှိတဦးက ပြောသည်။
“သေနတ်တွေနဲ့ ပတ်သက်တဲ့ ကိစ္စကို သက်သေအခိုင်အလုံ မပြနိုင်ရင်တော့ နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲမှာပါ။ ဒီလက်နက်တွေဟာ ဘာသာရေးကိစ္စနဲ့ ဆက်နွယ်နေသလား၊ လက်နက်အရောင်းအဝယ် လုပ်သလား စသည်ဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်ပြီး စစ်ဆေးနေတုန်းပဲ။ အမဲလိုက်တယ်ဆိုရင်လည်း သာမန်အားဖြင့်က ၂ လက်၊ ၃ လက်ကို လိုင်စင်နဲ့ပေါ့။ အခုက အရေအတွက်အားဖြင့် သံသယဖြစ်စရာ ရှိနေတယ်” ဟု မန္တလေးတိုင်း အဆိုပါ အရာရှိက ဧရာဝတီကို ပြောဆိုသည်။
ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့ ညီအစ်ကို အပါအဝင် ဆက်စပ်သူများဖြစ်သည့် စိုးသူအောင်၊ သက်ဦးမောင်နှင့် မင်းမင်းတို့ ၅ ဦးကို စဉ့်ကူး – ရွှေဘို ကားလမ်းပေါ်တွင် အမဲပစ်သေနတ်၊ စကားပြောစက်၊ မူးယစ်ဆေးဝါး တချို့နှင့်အတူ ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်စုံစမ်းမှုအရ ဇွန် ၂၇ ရက်တွင် ၎င်းတို့၏နေအိမ်၌ သေနတ်များ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း လက်နက် အလက် ၄၀ ကျော် ရှိသည့်အတွက် လက်နက် ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ ဆက်သွယ်ရေး စက်ကိရိယာ တရားမဝင် ကိုင်ဆောင်မှုနှင့် သာမန်လက်နက်မှု စသည့် ပုဒ်မ ၁၉ (က)၊ ၂၂ (ခ)၊ ၁၉ (ခ)၊ ၁၉ (င) အပါအဝင် ပုဒ် ၅ ခုဖြင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများ ဖြစ်သည့် အောင်ကျော်မိုးနှင့် အောင်ဇော်မိုးတို့၏ ဖခင်ဖြစ်သူသည် ဒုရဲမှူး (အငြိမ်းစား) တဦးဖြစ်ပြီး ဖမ်းမိထားသည့် လက်နက်အများစုသည် ၎င်းတို့ဖခင် ရှိစဉ်ကာလက အမဲလိုက်ရာတွင် အသုံးပြုခဲ့သည့် လက်နက်များ ဖြစ်ကြောင်းနှင့် ၎င်းတို့ကိုယ်တိုင်လည်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မဟာမြိုင် တောဘက်သို့ အမဲပစ် ထွက်လေ့ရှိကြောင်း ထိုလက်နက်များ သိမ်းဆည်းထားခြင်းသည် တခြားရည်ရွယ်ချက် မရှိပါဟု ထွက်ဆိုချက် ပေးထားကြောင်း သိရသည်။
ထို့အပြင် ဇွန် ၃၀ ရက်တွင် အောင်ဇော်မိုး၏ ဇနီးဖြစ်သူက ၎င်း၏သဘောဆန္ဒအရ အမဲပစ်ရိုင်ဖယ်၊ ပစ္စတို၊ ခြောက်လုံးပြုးသေနတ် အပါအဝင် သေနတ် ၁၉ လက်ကို မန္တလေး စီအိုင်ဒီ (CID) တပ်ဖွဲ့သို့ လာရောက် အပ်နှံခဲ့သေးသည်ဟု မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ပြောဆိုသည်။
မန္တလေးတိုင်း ဒေသကြီးအတွင်း ထိုသို့လက်နက်များ ဖမ်းဆီးရမိခဲ့သည့်အပေါ် လူမှုမီဒီယာများတွင် သတင်းအမျိုးမျိုး ထွက်ပေါ် ပျံ့နှံ့နေသည့် အတွက်ကြောင့် အမှုဖြစ်စဉ် အမှန်ကို မကြာခင် ထုတ်ပြန်သွားမည်ဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စီအိုင်ဒီ (CID)၊ စရဖ (စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့) တို့ ပူးပေါင်းပြီး စိစစ်လျက်ရှိကြောင်း အမည်မဖော်လိုသူ အရာရှိက ပြောသည်။
“နယ်စပ်ဘက်မှာ ကိုးကန့်တို့ ဘာတို့တွေက စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတော့ မိုးကုတ်ဘက်ကနေ မန္တလေးဘက်ကို ဝင်လာမှာ စိုးရိမ်လို့ စဉ့်ကူးတို့၊ တန့်ဆည်တို့ စတဲ့ နေရာတွေမှာ တပ်မတော်နဲ့ ရဲနဲ့ ပူးပေါင်းပြီး ပိတ်ဆို့ရှာဖွေမှုတွေ လုပ်တယ်။ သတင်းအရရော ဒီအတိုင်း (ပုံမှန်စစ်ဆေးတာ) ရောပေါ့ ” ဟု ၎င်းက ဆိုသည်။
အလားတူး ဇွန် ၃၀ ရက်က စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တန့်ဆည်မြို့နယ် ကဒူးမရွာနေ ဒေသခံဖြစ်သူ ဦးကြည်ဆွေထံမှ ပွိုင့် ၂၂ နှစ်လက် သိမ်းဆည်းမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။