ISIS အဖွဲ့က မွတ်စလင်တို့၏ ရာမာဒန်ဥပုသ်လကို “ဘေးအန္တရာယ် ကျရောက်စေသည့် လ” တလ အဖြစ် ပြောင်းလဲရန် ၎င်းတို့ကို ထောက်ခံသူများအား တိုက်တွန်းခဲ့ပြီး ရက်အနည်းငယ် အကြာ ဇွန်လ ၂၆ ရက်နေ့က ကမ္ဘာပေါ်ရှိ တိုက်ကြီး ၃ တိုက်၌ ကြောက်မက်ဖွယ်ရာ အကြမ်းဖက် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့သည်။
ဇွန်လ ၂၆ ရက်နေ့က ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဓာတ်ငွေ့စက်ရုံ တရုံကို အစ္စလာမ်မစ်လှုပ်ရှားမှုနှင့် ဆက်စပ်သူ တဦးက တိုက်ခိုက်သည့်အချိန်တွင် လူတဦး ခေါင်းဖြတ်ခံခဲ့ရသည်။ ကူဝိတ်နိုင်ငံရှိ Imam al-Sadeq ဗလီတွင် ဝတ်ပြု နေသူများကို လူငယ်တဦးက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် လူ ၂၅ ဦးသေဆုံး၍ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ တူနီးရှားနိုင်ငံမှ အပန်းဖြေကမ်းခြေတခုတွင် လူငယ်တယောက်က သေနတ်နှင့် ပစ်ခတ်ခဲ့သည့် အတွက် လူ ၃၈ ဦး သေဆုံးခဲ့ပြီး အများစုမှာ နိုင်ငံသားများ ဖြစ်သည်။
ကူဝိတ် ဗုံးခွဲမှုနှင့် တူနီးရှားမှ တိုက်ခိုက်မှုတို့ အတွက် ISIS အဖွဲ့က ၎င်းတို့နှင့် ပတ်သက်ကြောင်း ကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံမှ တိုက်ခိုက်မှုကို ထုတ်ဖော်ဝန်ခံသည့် အဖွဲ့အစည်း မရှိသေးပါ။
နိုင်ငံတကာ အစိုးရများကလည်း အကြမ်းဖက် တိုက်ခိုက်မှုများကို ပြစ်တင်ဝေဖန်ခဲ့ပြီး သတိပေးမှုများလည်း ပြုလုပ်ခဲ့ ကြသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တိုက်ခိုက်မှုများကို ရှုတ်ချကြောင်းနှင့် သေဆုံးရသူများ အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။
ကူဝိတ်တွင် ဗလီကို အသေခံ ဗုံးဖောက်ခွဲခဲ့သူမှာ အသက် ၂၃ နှစ်အရွယ် ဆော်ဒီအာရေးဗီးယား နိုင်ငံသား လူငယ် တဦး ဖြစ်သည်။ အဆိုပါလူငယ်၏ အမည်မှာ Fahd Suliman Abdul-Muhsen al-Qabaa ဖြစ်ပြီး အသေခံ ဗုံးခွဲမှု မပြုလုပ်မီ နာရီ အနည်းငယ် အလိုတွင်မှ ကူဝိတ်လေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်ဟု ကူဝိတ်ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုသည်။ ဆော်ဒီအာရေးဗီးယား နိုင်ငံ ပြည်ထဲရေးဌာနက ၎င်းသည် လုံခြုံရေး ဆိုင်ရာ ဌာနများတွင် မှတ်တမ်းရှိသူ မဟုတ်ကြောင်းနှင့် ဇွန်လ ၂၅ ရက်နေ့တွင် ဆော်ဒီနိုင်ငံမှ ဘာရိန်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွား ခဲ့ကြောင်း ပြောကြားခဲ့သည်။
ကူဝိတ်သို့ သူရောက်ရှိလာသည့် အချိန်တွင် သူ့ထံ၌ ကွန်ရက်တခု ရှိနှင့်ပြီး ဖြစ်သည်ဟု ယူဆထားပြီး ကူညီခဲ့သူများ၊ ပူးပေါင်း ဆောင်ရွက်သူများကို ရှာဖွေလျှက်ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Adel Hashash က ကူဝိတ်နိုင်ငံပိုင် ရုပ်သံဌာနသို့ ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံတွင်မှု ဇွန်လ ၂၆ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ကုန်ပစ္စည်း ပို့ဆောင်ရေးလုပ်ငန်းမှ ကားတစီးက ပြင်သစ် အရှေ့တောင်ပိုင်းမှ အမေရိကန်ပိုင် ဓာတ်ငွေ့ စက်ရုံမှ ဓာတ်ငွေ့အိုးများ ထားရှိသည့်နေရာကို ဝင်တိုက်ခဲ့သည့် အတွက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်ခဲ့သူသည် ယခင်ကလည်း ထိုစက်ရုံသို့ ပစ္စည်းများ လာရောက် ပို့ဆောင်ခဲ့ဖူးသူ ဖြစ်သည်ဟု ပါရီမှ အစိုးရ ရှေ့နေတဦး ဖြစ်သည့် Francois Molins က ထိုနေ့ ညနေပိုင်း တွင် ပြောကြားခဲ့သည်။ လုံခြုံရေး ကင်မရာ မှတ်တမ်းများ အရ ဓာတ်ငွေ့များသို လှောင်ထားသည့် နေရာသို့ အရှိန်ပြင်းစွာ မောင်းဝင်သွားခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် ဟုလည်း သူက ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားပြီး ၅ မိနစ်ကြာ၍ မီးသတ်အဖွဲ့များ ရောက်ရှိလာသည့် အချိန်တွင် အသက် ၃၅ နှစ် ရှိပြီဖြစ်သော အဆိုပါ တိုက်ခိုက်သူကို တွေ့ရှိခဲ့ရသည်။ သူက သူ့ကိုယ်သူ မည်သူ ဖြစ်သည် ဟု ပြောပြရန် ငြင်းဆန်ခဲ့သော်လည်း စက်ရုံဝန်ထမ်းများက သူ့ကို သိနေကြသည်။ နောက် များမကြာမီ အချိန်တွင် ခေါင်းပြတ်နေသည့် အလောင်းတခုနှင့် ဓားတချောင်းကို တွေ့ရှိခဲ့ရသည်။ သေဆုံးသူ၏ ဦးခေါင်းကို စက်ရုံ ဂိတ်ဝအနီးတွင် တွေ့ရှိခဲ့ရပြီး ဦးခေါင်းကို “အလ္လာအရှင် မှလွဲ၍ တခြား ဘုရား မရှိ၊ မိုဟာမက်သည် သူ၏ တမန်တော် ဖြစ်သည်” ဟူသော စာသားများ ရေးသားထားသည် အလံ ၂ ခုဖြင့် ပတ်ထားဟု ဆိုသည်။
တိုက်ခိုက်ခဲ့သူ၏ အမည်မှာ Yassine Salhi ဖြစ်သည် ဟု ပြင်သစ်ရဲအရာရှိ တဦးက AP သတင်းဌာနသို့ ပြောကြား ခဲ့သည်။ ခေါင်းဖြတ်ခံခဲ့ရသူမှာ သူနှင့်အတူ ပစ္စည်း ပို့ဆောင်ရေး ကုမ္ပဏီတွင် အလုပ်လုပ်နေသူ ဖြစ်သည် ဟု ရဲအရာရှိများက ပြောကြားခဲ့သော်လည်း အမည်ကို ထုတ်ပြန်ပေးခဲ့ခြင်း မရှိပါ။
ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က Yassine Salhi သည် ယခင် ကတည်းက အစွန်းရောက် လှုပ်ရှားမှုများနှင့် ဆက်သွယ်မှု ရှိသည်ဟု သံသယ ရှိသဖြင့် သက်ဆိုင်ရာမှ စောင့်ကြည့် စုံစမ်းခြင်း ခံခဲ့ရသူတဦး ဖြစ်သော်လည်း ၂၀၀၈ ခုနှစ်တွင် ၎င်းကို စောင့်ကြည့်မှုများ ရုပ်သိမ်းခဲ့သည်ဟု သတင်းထောက်များကို ပြောကြား ခဲ့သည်။
ထိုနည်းတူ ဇွန်လ ၂၆ ရက်နေ့တွင် တူနီးရှားနိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြသည့် ကမ်းခြေတခုတွင် Seifeddine Rezgui အမည်ရှိ တူနီးရှား ကျောင်းသားတယောက်က သေနတ်နှင့် ပစ်သတ်ခဲ့သည့် အတွက် အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ရသည်။ Seifeddine Rezgui က ထီးကြီး တလက်အတွင်းမှ AK-47 မောင်းပြန် သေနတ်ကို ဆွဲထုတ်ပြီး အားလပ်ရက် အပန်းဖြေရန် ကမ်းခြေသို့ ရောက်ရှိလာသူများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေး ဌာနများက Seifeddine Rezgui ကို ယခင်က မသိခဲ့ကြပါ။ သို့သော်လည်း အဆိုပါဖြစ်ရပ်၏ နောက်ကွယ် တွင် ၎င်းတို့ ရှိနေကြောင်း Islamic State (IS) အဖွဲ့က ပြောကြားခဲ့ပြီး Seifeddine Rezgui ၏ အမည်ကိုလည်း Abu Yahya al-Qayrawani ဟု ရည်ညွှန်းသုံးနှုန်းခဲ့သည်။ Seifeddine Rezgui သည် ဆီးရီးယား သို့မဟုတ် အီရတ်တွင် တိုက်ခိုက် နေကြသော စစ်သွေးကြွများနှင့် သွားရောက် ပူးပေါင်းခဲ့ကြောင်း မတွေ့ရသည့်သူ ဖြစ်သည်။
သို့သော်လည်း Seifeddine Rezgui နှင့် သက်ဆိုင်သည်ဟု ယူဆရသည့် လူမှုကွန်ရက် စာမျက်နှာများတွင် Rap သီချင်းများနှင့် စပိန်နိုင်ငံမှ ရီးရယ်မက်ဒရစ် ဘောလုံးအသင်း အကြောင်းများနှင့် အတူ IS အဖွဲ့ကို ထောက်ခံကြောင်း ရေးသားချက်များ၊ IS အဖွဲ့၏ ဝါဒဖြန့် ဗီဒီယိုများ တင်ထားသည်ကို တွေ့ရှိရကြောင်း Telegraph သတင်းစာက ဆိုသည်။ သူ့ကို သိကျွမ်းသူများကမူ Seifeddine Rezgui သည် ယဉ်ကျေး သိမ်မွေ့သူ၊ ဒေါသ မထွက်တတ်သူ၊ ရန်မဖြစ် တတ်သူ၊ ဘရိတ်ဒန့်စ် ကခြင်းကို နှစ်သက်သူ တဦး ဖြစ်ကြောင်း ဘီဘီစီ သတင်းဌာနသို့ ပြောခဲ့ကြသည်။
Seifeddine Rezgui က ဗလီတခု အနီးမှ တိုက်ခန်းတခုတွင် အခြားလူငယ် ၄ ယောက်နှင့် အတူ နေထိုင်လျှက် ရှိသော်လည်း အဆိုပါဗလီသည် သဘောထား အလယ်အလတ် ကျလွန်းသည့် အတွက် သူက အကြိုက်မတွေ့ဘဲ ပို၍ ပြင်းထန်သည့် အစ္စလမ်တရားများ ဟောသည့် ဆင်းရဲသားရပ်ကွက် တခုမှ ဗလီသို့ သွားရောက် ဝတ်ပြုလေ့ ရှိသည် ဟုလည်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။
လတ်တလော ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများ ကြားတွင် ဆက်သွယ်မှု ရှိသည်ဟု သက်သေပြနိုင်စရာ အထောက်အထား နည်းပါးသော်လည်း ISIS ၏ ပြောရေးဆိုခွင့်ရှိသူ Abu Mohammad al-Adnani က သူတို့ကို ထောက်ခံသူများက လှုပ်ရှားမှုများကို အရှိန်မြှင့် ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး များမကြာမီမှာပင် ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပြုခဲ့ကြသည်။
“နေရာတိုင်းတွင် ရှိကြသော မူဂျာဟစ်ဒင် အပေါင်းတို့ ရာမာဒန်ဥပုသ်လကို “ဘေးအန္တရာယ် ကျရောက်စေမည့် လ” တလအဖြစ် ပြောင်းလဲရန် ထကြွလှုပ်ရှားကြပါ” ဟု သူက ဇွန်လ ၂၃ ရက်နေ့တွင် ပြောခဲ့သည်။ ဂျီဟတ်ဒ် အတွက် အဆောတလျှင် လှုပ်ရှားကြရန်လည်း တိုက်တွန်းခဲ့သည်။
လန်ဒန်အခြေစိုက် အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့အစည်း တခုဖြစ်သည့် Quilliam Foundation မှ Charlie Winter က “ဒီတိုက်ခိုက်မှုတွေ ကြားမှာ ဆက်သွယ်မှု ရှိ မရှိ ဆိုတာ မသိရပေမယ့် သူတို့ဟာ တူညီတဲ့ သဘောတရားတခုက လှုံ့ဆော်ခြင်း ခံခဲ့ရတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
နိုင်ငံတကာ စီးပွားရေး နည်းဗျူဟာ အကြံပေး လုပ်ငန်းတခု ဖြစ်သည့် ISIS Global Strat မှ လုံခြုံရေး လေ့လာသုံးသပ်သူ Olivier Guitta က “အကြမ်းဖက်သမားတွေ၊ အစ္စလာမ်မစ် ဝါဒီတွေက အာရပ်နွေဦးကို ဖြတ်သန်းခဲ့ပြီး အဆင်ပြေနေ တဲ့ နိုင်ငံတွေကို ပစ်မှတ်ထားချင် ကြတယ်။ အနောက်တိုင်းက လူတွေ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ အတွက် စိုးရိမ် ကြောက်လန့်မှုတွေ ဖြစ်လာဖို့က သူတို့အတွက် အရေးကြီးပါတယ်” ဟု ဆိုသည်။
ဇွန်လ ၂၆ ရက်နေ့က တိုက်ခိုက်မှုများက ISIS သည် တိုက်ရိုက်ဆက်သွယ်မှု မရှိလျှင်ပင် သူ့ကို ထောက်ခံသူများကို တိုက်ခိုက်မှုများ ပြုလုပ်လာအောင် လှုံ့ဆော်နိုင်စွမ်း ရှိနေကြောင်း ပြသနေခြင်း ဖြစ်သည်ဟု သူက ထပ်ပြောသည်။ “သူတို့မှာ ISIS အဖွဲ့ဝင် မဟုတ်တဲ့ နောက်လိုက်တွေ ရှိတယ်။ သူတို့ရဲ့ လှုံ့ဆော်ပေးမှုတွေကို နားထောင်ရာကနေ ဒီလူတွေဟာ ရုတ်တရက် ထပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ ဖြစ်လာကြတယ်” ဟုလည်း Olivier Guitta က ဆိုသည်။
REF: BBC, Reuters, NBC News