ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ပေါ်၌ တရားမဝင် ဖွင့်လှစ်ထားသည့် လောင်းကစား ဂိမ်းဆိုင်တဆိုင်ကို ဖမ်းဆီးရန် ကြိုးစားစဉ် နယ်ထိန်းတဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း မြဝတီမြို့မရဲစခန်းက ပြောသည်။
ဒုတပ်ကြပ် နယ်ထိန်း ကျော်ကျော်ဝင်းသည် မြဝတီမြို့ အမှတ် (၄) ရက်ကွက်၌ ဖွင့်လှစ်ထားသော အဆိုပါ ဂိမ်းဆိုင်အတွင်းသို့ ယမန်နေ့ညပိုင်းက ဝင်ရောက်စဉ် ဆိုင်အတွင်းရှိ သေနတ်သမားက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖမ်းဖို့ ဆိုင်ထဲကိုဝင်ရင်းနဲ့ သေနတ်နဲ့ ပြန်ပစ်ခံလိုက်ရတာပါ။ ဘယ်ဘက်လက်မောင်းကို ထိသွားတာပါ။ လောလောဆယ်တော့ ဆေးရုံတင်ထားပါတယ်။ အခြေအနေမစိုးရိမ်ရပါဘူး” ဟု မြဝတီမြို့မ ရဲစခန်းက ရဲအရာရှိတဦးက ရှင်းပြသည်။
သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အဆိုပါဂိမ်းဆိုင်ကို ပိတ်သိမ်းထားကြောင်း၊ ဒုတပ်ကြပ် နယ်ထိန်း ကျော်ကျော်ဝင်းကို ပစ်ခတ်ခဲ့သည့် သေနက်သမားကိုလည်း အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး မြဝတီမြို့မ ရဲစခန်းက စုံစမ်းနေကြောင်း သိရသည်။
နယ်ထိန်းကို ပစ်ခတ်ခဲ့သည့် သေနတ်သမားနှင့် ဂိမ်းဆိုင်ပိုင်ရှင် အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း အဆိုပါ ဂိမ်းဆိုင်များသည် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်နွယ် ဖွင့်လှစ်ထားသည့် ဆိုင်များဖြစ်သည်ဟု မြို့ခံတချို့က ပြောဆိုနေကြသည်။
မြို့ခံ လုပ်ငန်းရှင်တဦးက “ဒီမှာက ဂိမ်းဆိုင်တွေများတယ်။ တရားဝင်ဖွင့်ခွင့် ပြုထားသလိုမျိုးပဲ။ အာရှလမ်းမကြီးပေါ်မှာတင် ပေါ်ပေါ်တင်တင် ဖွင့်နေကြတာ။ ဖမ်းချင်ရင် အကုန်လုံးဖမ်းတာလည်း မဟုတ်ဘူး။ တဆိုင်တည်း ဝင်ဖမ်းတယ်ဆိုတော့ ဘယ်လိုလဲတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
မြဝတီမြို့ပေါ်တွင် အစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) စသည့် လက်နက်ကိုင်အဖွဲ့များ အခြေစိုက်လျက်ရှိသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီမြို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေး အဓိကလမ်းကြောင်းပေါ်၌ တည်ရှိနေသောမြို့ဖြစ်ပြီး မြို့ပေါ်တွင် တရားမဝင် လောင်းကစားဆိုင်များ၊ လိင်ဖျော်ဖြေရေးရုံများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသည်။
၂၀၁၃ ခုနှစ်က မြို့ပေါ်ရှိ ဂိမ်းဆိုင် ၂၀ ကျော်ကို မြဝတီရဲတပ်ဖွဲ့က ဖမ်းဆီးပိတ်သိမ်းမှုများပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်သည်။