လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ရှုံးနိမ့်သွားသည့် ဆုံးဖြတ်ချက်အပေါ် ကျောင်းသားများက ယမန် နေ့ က ရန်ကုန်မြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ယင်းသို့ ဆန္ဒပြသည့် ကျောင်းသားခေါင်းဆောင် ၅ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်းရရှိသည်။
ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးအနီးမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်ရှေ့အထိ ကျောင်း သား များက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၊ လွှတ်တော် တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း မပါဝင်ရေး ကျောင်းသား ၂၀ ကျော် က လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ဇူလိုင်လ ၁ ရက်နေ့တွင် ကျောင်းသားခေါင်းဆောင် ၅ ဦးကို ကျောက်တံတား မြို့နယ် ရဲစခန်းနှင့် ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပန်းဘဲတန်း မြို့နယ်နဲ့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ လက်ရှိမှာတော့ ပုဒ်မ ၁၈ တခုတည်းနဲ့ ဖွင့်ထားတယ်။ ဇေယျာလွင်၊ ပိုင်ရဲသူနဲ့ အဖွဲ့ဆိုပြီး အမှုဖွင့်ထားတယ်။ မနေ့ကတည်းက အမှုဖွင့်ထားတယ်” ဟု အနောက် ပိုင်း ခရိုင် ဒုရဲမှူးကြီး ကျော်ထွဋ်က ဧရာဝတီသို့ ပြောသည်။
ဆန္ဒပြကျောင်းသားများကမူ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားမှုကို မသိရှိကြောင်း၊ ရဲစခန်းများက တရားဝင် ဆက်သွယ်လာ ခြင်း မရှိသေးဟု ဆိုကြသည်။
“ ဘယ်သူတွေကို အမှုဖွင့်ထားတယ်ဆိုတာ ကျနော်တို့ ကျောင်းသားတွေ အခုထိ မသိရသေးပါဘူး။ ကျနော်တို့လည်း တတ်လာတဲ့ သတင်းတွေကြောင့် အမှုဖွင့်ထားတယ်ဆိုတာပဲ သိရပါတယ်” ဟု ကျောင်းသားကိုယ်စားလှယ် တဦး ဖြစ်သူ ကိုဖိုးသားက ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၂၅ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆(က) ၊ ပုဒ်မ ၄၃၆ (ခ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၆၀ (ဂ)၊ ပုဒ်မ ၅၉ (စ) (ဃ) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လွှတ်တော် အတွင်း မဲခွဲဆုံးဖြတ် ခဲ့ရာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် မရရှိသဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။