ကချင်ပြည်နယ်၊ ဖားကန့်မြို့အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ရင်း ၆ တို့ အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ ခရီးသည်တင်ယာဉ်တစီး ပစ်ခတ်ခံရပြီး အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
ဖားကန့်မြို့နယ် အတွင်းရှိ ဖားကန့် – မြစ်ကြီးနားလမ်း အနီးတွင် ဇွန်လ ၂၉ ရက်က တပ်မတော်နှင့် KIA တပ်ရင်း ၆ အကြား တိုက်ပွဲဖြစ်ပွားစဉ် ခရီးသည်တင်ယာဉ်တစီးလည်း ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသည့် အရပ်သား ၅ ဦးကို ဆေးရုံ တင်ပို့ထားကြောင်း ကာမိုင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ် ထွန်းအောင်က ဧရာဝတီကို ပြောသည်။
“အရပ်သားတွေ ထိတာနဲ့ ပတ်သက်ပြီး အမှုဖွင့်တာ မရှိဘူး။ ပစ်တာကလည်း ဘယ်ဘက်က ပစ်တယ်ဆိုတာ အတည် ပြုလို့ မရဘူး။ ထိသွားတဲ့ အရပ်သား ၅ ယောက်လုံးကိုတော့ မိုးကောင်းဆေးရုံကို လွဲထားပါတယ်။ သူတို့ အခြေ အနေ လည်း အတိအကျ မသိရဘူး” ဟု ဒုရဲအုပ် ထွန်းအောင်က ဆိုသည်။
KIA တပ်ရင်း ၆ မှ ဗိုလ်မှူး တန်ဆိုင်းကမူ “ ကားလမ်းမပေါ်မှာ ပြည်သူတွေထိတာ သူတို့ပစ်လို့ ထိတာပါ ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ဒီမနက်တောင် ကာမိုင်း၊ မိုးကောင်းကြားက မန်ဒိန်ရွာ အနားမှာ မနက် ၆ နာရီ ၄၅ မိနစ်လောက်က အနည်း အကျဉ်း ပစ်ကြတယ်၊ အခု သူတို့ဘက်က ကာမိုင်းဘက်မှာ နေရာယူထားတယ်၊ ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ ပစ်တယ်၊ သူတို့လည်း ပစ်တယ်၊ ဒီပုံစံတိုင်းဆို တိုက်ပွဲ ဆက်ဖြစ်မှာပဲ ၊ ကျနော်တို့နယ်ထဲ သူတို့ဝင်လာတာလေ” ဟု ပြောဆိုသည်။
လက်ရှိတွင် တပ်မတော်နှင့် KIA တပ်များသည် ဖားကန့် – မြစ်ကြီးနား လမ်းတလျှောက်တွင် တပ်အင်အားများ တိုးချဲ့ ချထားပြီး တိုက်ပွဲဖြစ်ပွားနေသော ထိုနယ်မြေတွင် ကျေးရွာပေါင်း ၂၀ ခန့် တည်ရှိနေသည်ဟု သိရှိရသည်။
တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းရှိ ခွမ်ဆိုင်ဇွပ် ကျေးရွာ၊ တံတားညီနောင် ကျေးရွာနှင့် ဂေါ့လူယန် ကျေးရွာတို့မှ ဒေ
သခံ ၈စ ကျော်သည် ဇွန်လ ၃၀ ရက်တွင် နမ့်ယားသို့ပြောင်းရွှေ့လာကြပြီး လက်ရှိတွင် နမ့်ယားရှိ ဘုရားကျောင်းနှင့် စာသင် ကျောင်းများတွင် ယာယီဒုက္ခသည် စခန်းများဖွင့်ပြီး နေထိုင်နေရသည်ဟုလည်း သိရသည်။
ခွမ်ဆိုင်ဇွပ် ကျေးရွာမှ ဒေသခံ ကျောင်းဆရာ ဘရန်ဆိုင်းက “ကျနော်တို့ကို ရွှေ့ ပေးဖို့ တပ်ဘက်က (တပ်မတော်) က လာပြောတယ်။ အခု တံတားညီနောင်ရွာရယ်၊ ကျနော် တို့ရယ်၊ ဂေါ့လူယန်ရွာလည်း ပါတယ်။ တချို့ကတော့ ဆွေမျိုးရှိတဲ့ တခြားကို ပြောင်းကြတယ်” ဟု ဧရာဝတီကို ပြောသည် ။
ဖားကန့်ဒေသအတွင်း တပ်မတော်နှင့် KIA တပ်ရင်း (၆) တို့အကြား ဇွန်လအစောပိုင်းမှ စတင်ပြီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။