မြန်မာနိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရသေးပါက ထိုင်း – မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို ၎င်းတို့၏ မူလနေရပ်များသို့ အတင်းအကျပ် ပြန်လည်မပို့ဆောင်ရန် လူမှုအဖွဲ့အစည်း တချို့က ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့၌ တောင်းဆိုခဲ့ကြသည်။
“တိုက်ပွဲတွေ မရပ်စဲနိုင်သေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်နေတုန်းပဲ၊ အပစ်အခတ် ရပ်စဲရေး ဆိုတာကလည်း မသေချာ မရေရာသေးတော့ ပြန်ဖို့ အဆင်သင့် မဖြစ်ကြသေးဘူး” ဟု ကရင်အမျိုးသမီး အစည်းအရုံး ( KWO ) ဥက္ကဌ နန်းဒါးအဲ့ကလယ်က ဧရာဝတီကို ပြောသည်။
နယ်စပ်ရှိ ဒုက္ခသည် စခန်းများမှ ဒုက္ခသည်များကို မူလနေရပ်သို့ ပြန်ပို့မည်ဟု သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒုက္ခသည်များအကြား စိုးရိမ်မှုတချို့ ရှိနေကြကြောင်း၊ သို့သော် မြန်မာအစိုးရထံမှ တရားဝင် ပြောဆိုမှုများ မရှိသေးကြောင်း ဒုက္ခသည်စခန်း၏ တာဝန်ရှိသူများက ဧရာဝတီကို ပြောသည်။
ဒုက္ခသည်များအား ၎င်းတို့၏ ဆန္ဒမပါဘဲ နေရပ်ပြန်ရန် အတင်းအကျပ် မလုပ်ဆောင်သင့်ကြောင်း၊ အကယ်၍ ရွေးချယ်စရာလမ်းကြောင်း မရှိတော့သည့် ဒုက္ခသည်များအနေဖြင့် လိုအပ်သည့် အချက်အလက် ပြည့်စုံပါက အမေရိကန်နိုင်ငံက ခေါ်ယူရန် လမ်းဖွင့်ပေးထားသည်ဟု ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတာဝန်ခံ W Patrick Murphy က ပြောဆိုကြောင်း ဘီဘီစီ မြန်မာပိုင်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် သံရုံးတာဝန်ခံ W Patrick Murphy သည် ဇွန်လ ၂၃ ရက်က မယ်လဒုက္ခသည် စခန်းသို့ လာရောက် လည်ပတ်ခဲ့သော်လည်း ဒုက္ခသည် အရေးနှင့်ပတ်သက်၍ ထူးခြားသည့် ဆွေးနွေးမှု မရှိခဲ့ကြောင်း မယ်လဒုက္ခသည် စခန်း ဥက္ကဌ Saw Honest က ဧရာဝတီကို ပြောသည်။
“၂၀၁၅ အတွင်းမှာ ဘာတွေ ပြောင်းလဲသွားပြီလဲ မေးတယ်။ အမေရိကန် အစိုးရ အနေနဲ့တော့ သူတို့ရဲ့ မူဝါဒ အတိုင်းပဲ ဆက်လက် ကူညီသွားမယ် ဆိုတာပဲ ပြောဆိုသွားတယ်။ ထူးခြား ပြောဆိုတာမျိုးတော့ မရှိဘူး” ဟု Saw Honest ဆိုသည်။
တိုင်းရင်းသား ဒေသအများစုတွင် စစ်ပွဲများ မရပ်စဲနိုင်သေးခြင်း၊ နေရပ်ပြန်ကြမည့် ဒုက္ခသည်များအတွက် အခြေခံ လိုအပ်ချက်များဖြစ်သည့် နေအိမ်များ စနစ်တကျ တည်ဆောက်မှု မရှိသေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် စီးပွားရေး စီမံကိန်းများ တည်ဆောက်ခြင်း စသည်တို့အတွက် အစိုးရက ကြိုတင်ပြင်ဆင်မှုများ မရှိသေးကြောင်း လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။
ထို့အပြင် ဒုက္ခသည်များ နေရပ်ပြန်ရေးတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေး ကဏ္ဍသည်လည်း အရေးတကြီး ဆောင်ရွက်ရမည့်ကိစ္စ တခုဖြစ်ကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသူများက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် နှစ်ဘက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို ၂၀၁၁ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ဒုက္ခသည်များအား ပြန်လည် ခေါ်ယူမည်ဟု မြန်မာအစိုးရက ပြောဆိုခဲ့သည်။
ဒုက္ခသည်များ နေထိုင်လုပ်ကိုင် စားသောက်ရန်အတွက် စက်မှုဇုံများ တည်ဆောက်ပေးသွားမည်ဟု အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုထားသော်လည်း ယနေ့အထိ လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဟု ဒုက္ခသည်များကို ကူညီထောက်ပံပေးနေသည့် လူမှုအဖွဲ့အစည်းများက ဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား ဆွေးနွေးညှိနှိုင်းနေကြသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ( NCA ) ကို ဇွန်လ သို့မဟုတ် ဇူလိုင်လတွင် လက်မှတ် ရေးထိုးနိုင်မည်ဟု နှစ်ဘက်စလုံးက ပြောဆိုခဲ့ကြသော်လည်း ညှိနှိုင်းမရသေးသည့် အချက်တချို့ကြောင့် ကြန့်ကြာမှု ဖြစ်ပေါ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရအကြား တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ဒုက္ခသည်များ အိမ်ပြန်ရေးကို နိုင်ငံတကာ အဖွဲ့များကပါ တိုက်တွန်းမှု ရှိလာပြီး၊ ထိုင်းအစိုးရ အာဏာပိုင်များကလည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖိအားပေးမှုများ ရှိနေကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်သူများက ပြောသည်။
ထို့အပြင် ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံတကာ ကူညီထောင်ပံ့ရေး အဖွဲ့များသည် စားနပ်ရိက္ခာများအား တဖြည်းဖြည်း လျော့ချလာနေသည်ဟု ဒုက္ခသည်အရေး ဆောင်ရွက်သူများက ဆိုသည်။
လက်ရှိတွင် စားနပ်ရိက္ခာအတွက် အခက်အခဲ မရှိသေးသော်လည်း လာမည့်သြဂုတ်လတွင် အကူအညီများ ထပ်မံ ဖြတ်တောက်မည့် အစီအစဉ် ရှိနေသဖြင့် အခက်အခဲများ ရှိလာနိုင်ကြောင်း မယ်လစခန်း ဥက္ကဌ Saw Honest က ပြောသည်။
“စခန်းထဲမှာ လူ ၄ သောင်းကျော်မှာ ၃ သောင်းကျော်က ရိက္ခာယူတဲ့ သူတွေပါ၊ သြဂုတ်လမှာ ရိက္ခာဖြတ်မယ်လို့ ပြောထားတော့ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ အပြင်ထွက်ပြီး အလုပ်လုပ်ရရင်တော့ အဆင်ပြေနိုင်မယ်” ဟု ၎င်းက ဆိုသည်။
မယ်လ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် စုစုပေါင်း ၄ သောင်းကျော် ရှိပြီး၊ ဒုက္ခသည် တချို့သည် အပြင်ထွက်၍ အလုပ် လုပ်ကိုင်ကြသည့်အတွက် ဒုက္ခသည် ၃ သောင်း ၉ ထောင်ကျော်သာ ရိက္ခာယူကြကြောင်း၊ သို့သော် စခန်း ပြင်ပသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရှိ၍ အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ရန် အခက်အခဲများရှိနေကြောင်း ဒုက္ခသည်အချို့က ပြောသည်။
မယ်လ စခန်းသည် ဒုက္ခသည် စခန်းများအနက် အကြီးဆုံးလည်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် စခန်းများ၌ အဝင်အထွက် တင်းကျပ်ထားကြောင်း မယ်လစခန်း ဥက္ကဌက ပြောသည်။ ထိုင်း – မြန်မာ နယ်စပ်တလျှောက်၌ ဒုက္ခသည် စခန်း ၉ ခု ရှိပြီး၊ ဒုက္ခသည် စုစုပေါင်း တသိန်း ၃ သောင်းကျော် ရှိသည်။
“ကျနော်တို့တွေလည်း ဒုက္ခသည် စခန်းထဲမှာ နေလာရတာ နှစ်ပေါင်း ၂၀ ကျော်လို့ ၃၀ ပြည့်တော့မယ်ဆိုတော့ ကိုယ့်အိမ်ကိုယ် ပြန်ချင်ကြတာပေါ့၊ ပြန်ဖို့လည်း စဉ်းစားသင့်တယ်” ဟု မယ်လစခန်း ဥက္ကဌ Saw Honest က ဆိုသည်။
ယခင်က ဒုက္ခသည် တဦးအတွက် တလလျှင် ဆန် ၁၂ ကီလို ပေးခဲ့ပြီး၊ ယခုအခါ ၈ ကီလိုသာ ပေးကြောင်း၊ ထို့အတူ တခြားလိုအပ်သည့် စားသောက်ဖွယ်ရာများကိုပါ လျော့ချသည့်အပြင် အိမ်ဆောက်ပစ္စည်းများကိုလည်း အလုံအလောက် မပေးတော့ကြောင်း KWO အဖွဲ့က ပြောသည်။
“ကျောင်းတွေမှာ ဆိုရင်လည်း ဆရာ၊ ဆရာမတွေကို ကျောင်းသားဦးရေ အချိုးအစားနဲ့ပဲ ထားတော့တယ်၊ ကျန်းမာရေးအတွက် ဖွင့်ထားတဲ့ နေရာတချို့လည်း ဖျက်သိမ်းမယ်လို့ ကြားနေရတယ်။ အဲဒီလို လုပ်တဲ့အရာတွေဟာ စခန်းထဲက လူတွေကို အပြင်ရောက်သွားအောင် လုပ်တယ်လို့ပဲ ခံစားရတယ်” ဟု KWO ဥက္ကဌ နန်းဒါးအဲ့ကလယ် က ဆိုသည်။
ဒုက္ခသည် အများစုသည် မိမိတို့ မူလနေရပ်သို့ ပြန်ကြလိုသော်လည်း တချို့မှာ စခန်းထဲ၌ပင် ဆက်လက် နေထိုင်လိုကြပြီး၊ တချို့မှာ တတိယနိုင်ငံ တခုခုသို့ သွားရောက်၍ နေထိုင်လိုကြကြောင်း သိရသည်။
မယ်လစခန်းတွင် နေထိုင်နေသည့် ဒုက္ခသည်ဖြစ်သူ မမိုးအေးက ၎င်းတို့ မိသားစုအနေဖြင့် ဒုက္ခသည် စခန်းတွင် ဆက်လက် နေထိုင်လိုကြကြောင်း၊ ၎င်းတွင် ကျောင်းတက်နေသည့် သားတဦးရှိပြီး ကလေးငယ်၏ ပညာရေးအတွက် ဒုက္ခသည် စခန်း၌ ပိုမိုအဆင်ပြေမည်ဟု ယူဆကြောင်း၊ မိမိ၏ မူလဒေသသို့ ပြန်လိုသော်လည်း စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဧရာဝတီကို ပြောသည်။
“တတိယ နိုင်ငံကိုတော့ သွားချင်တဲ့ဆန္ဒ မရှိပါဘူး၊ ကိုယ့်ဒေသမှာလည်း ဘာမှအဆင်သင့် မဖြစ်သေးတော့ မပြန်ချင်သေးပါဘူး၊ အထူးသဖြင့် ကျမကလေးရဲ့ ပညာရေးက ဒုက္ခသည် စခန်းမှာ ပိုပြီးတော့ အဆင်ပြေမယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဒုက္ခသည်များ အိမ်ပြန်သင့်သည့် အချိန်သည် တိုင်းရင်းသား ဒေသအားလုံး၌ တိုက်ပွဲများ လုံးဝရပ်ဆိုင်းသွားပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ချုပ်ငြိမ်းရန်လိုကြာင်း၊ ထိုအရာများ မချုပ်ငြိမ်းသေးပါက ခြိမ်းခြောက်မှုများကို ခံစားရမည်ဖြစ်သည်ဟု KWO ဥက္ကဌ နန်းဒါးအဲ့ကလယ်က ပြောသည်။
ဒုက္ခသည်များအား ပြန်လည်ခေါ်ယူမည် ဆိုပါက စစ်ပွဲများ လုံးဝရပ်စဲရန် လိုအပ်သည့်အပြင် ဒုက္ခသည်များ ရေရှည် အခြေချ နေထိုင်နိုင်မည့် စီးပွားရေး စီမံကိန်းများ၊ လူနေအိမ်များကို တည်ဆောက်ပေးရမည် ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး ( KNU ) ၏ ဗဟိုအဖွဲ့ဝင် တဦးက ဧရာဝတီကို ပြောသည်။
KNU ခေါင်းဆောင်များ အနေဖြင့် ဒုက္ခသည်များအား ပြန်လည်ခေါ်ယူရန် အစီအစဉ် ရှိသော်လည်း အချိန်အတိအကျကို ပြောဆိုရန် ခက်ခဲကြောင်း၊ ဒုက္ခသည်များအား ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများကို စနစ်တကျ ဆောင်ရွက်သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး ( KNU ) ၏ ဗဟိုအဖွဲ့ဝင် တဦးက ဆိုသည်။