ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီးအနီး ရွာသစ်ကုန်းကျေးရွာအနီး၌ အစိုးရတပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့အကြား ယနေ့ မနက် ၅ နာရီခွဲမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
မွန်းတည့်ချိန်ထိ တိုက်ပွဲဖြစ်ပွားနေမှုတွင် နှစ်ဖက်ထိခိုက်သေဆုံးမှု ရှိမရှိ အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ကော့ကရိတ်-မြဝတီ အာရှကားလမ်းမကြီးကို သွားလာနေမှု ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း DKBA နှင့် ကော့ကရိတ်မြို့ခံများက ဧရာဝတီသို့ပြောသည်။
DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလုံ့လုံက “မနက်ဖြန် မြဝတီကို တိုင်းမှူး လာဖို့ရှိတယ်။ အဲဒီခရီးစဉ်အတွက် လမ်းကြောင်း လုံခြုံရေးယူတဲ့ အစိုးရတပ်တွေနဲ့ ကျနော်တို့ တပ်တွေဖြစ်တာ၊ သူတို့လမ်းကြောင်း လုံခြုံရေးအတွက် တပ်နေရာယူတာ ညှိနှိုင်းတာ အဆင်မပြေရာက ဖြစ်တာလို့ကြားတယ်။ အတိအကျတော့မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာနေရာသည် ကော့ကရိတ်မြို့နှင့် တမိုင်ခန့်သာကွာဝေးပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မနားတမ်း ပစ်ခတ် တိုက်ခိုက်နေသည့် အသံများကြောင့် ဒေသခံများစိုးရိမ်နေကြပြီး ကျေးရွာများကိုတော ထိခိုက်လာမှု မရှိသေးကြောင်း တိုက်ပွဲဖြစ်ပွားရာအနီးတွင် ရှိနေသည့် ဒေသခံတဦးက ပြောသည်။
“ကျနော်တို့နားမှာပဲဖြစ်နေတာ ၄၀ မမသံတွေ၊ လက်နက်ငယ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်။ တောထဲမှာ ပစ်နေကြတာ ဆိုတော့ ကျေးရွာတွေကိုတော့ ထိခိုက်တာမရှိသေးဘူး” ဟု ကိုအဲရိုး ကဧရာဝတီသို့ ပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် DKBA အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ပါဝင်သည့် စုပေါင်း ဂိတ်အနီးတွင် ဖြစ်ပွားခြင်း ဖြစ်သော်လည်း DKBA နှင့်သာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ကော့ကရိတ်မြို့အထွက် အာရှလမ်းမကြီး ကော့နွယ်ကျေးရွာ လမ်းဆုံ၌ မြဝတီသို့ တက်မည့် ကားများကို တက်ခွင့်မပေးတော့ကြောင်း ဒေသခံများက ပြောဆိုသကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ကော့ကရိတ်-မြဝတီ အာရှ လမ်းမကြီးကို ပိတ်ထား၍ ခရီးသည်ကားများ သွားခွင့်မရတော့ကြောင်း သိရသည်။
ခရီးသည်တင်ကားများ ပြေးဆွဲနေသည့် မြဝတီမြို့မှ လုပ်ငန်းရှင်တဦးက “အာရှလမ်းမကြီးက မနက်ကတည်းက ပိတ်လိုက်ပြီ။ လုံးဝသွားလို့မရတော့ဘူး။ ဒေါနတောင် လမ်းဟောင်းကတော့ ဖွင့်ထားတယ်။ ခရီးသည်ကားတွေ ကုန်ကားတွေ အကုန်လုံး လမ်းဟောင်းကပဲ သွားနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အစိုးရက ဖိအားပေးမှုကို ဗိုလ်ချုပ် စောလားပွယ်နှင့် တပ်မှူးအချို့က လက်မခံခဲ့ဘဲ တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကြသည်။
လက်ရှိအချိန်တွင် DKBA သည် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် ဆွေးနွေးနေသည့် အဖွဲ့ထဲတွင် ပါဝင်သည့် အဖွဲ့တဖွဲ့ဖြစ်သည်။