အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေးဆန္ဒပြမှုကြောင့် ပဲခူးတိုင်း သာယာတီ ထောင်အတွင်း ဖမ်းဆီးခံထားရသည့် ဆန္ဒပြကျောင်း သားများနှင့် ဝန်းရံသူများအပါအဝင် စုစုပေါင်း ၇ ဦးကို ဇူလိုင် ၁ ရက်မှ စတင်ပြီး တိုက်ပိတ်ပြစ်ဒဏ် ပေးထားကြောင်း သိရသည်။
ဇွန် ၃၀ ရက်က ပြုလုပ်သည့် ရုံးချိန်းအပြီး သာယာဝတီ အကျဉ်းထောင်သို့ ပြန်ပို့ဆောင်ချိန်တွင် ထောင်တွင်းသို့ မယူဆောင်ရန် တားမြစ်ထားသည့် ကွမ်းယာနှင့် ဆေးလိပ်တို့ကို သယ်ဆောင်ရန် ကြိုးစားခြင်းနှင့် ဇူလိုင် ၇ ရက် (7 July) အကြို သီချင်းများ သီဆိုကြသဖြင့် ထောင်လန့်ခြင်း ဖြစ်ပေါ်ခဲ့သည်ဟုဆိုပြီး ကျောင်းသားများကို သာယာဝတီ အကျဉ်းထောင်မှ တာဝန်ရှိသူများက တိုက် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံကျောင်းသား ရဲဝင့်အောင် ၏ဖခင် ဦးစံထွန်းက ဧရာဝတီကို ပြောသည်။
“တိုက်ပိတ်ခံရတာ သေချာသွားပြီ၊ မနေ့က(ဇူလိုင် ၁) ကျနော့်သားကို ထောင်မှာ ပစ္စည်းသွားပို့တော့ အဲဒီက အသိတယောက်ဆီက တွေ့ရတဲ့ ဓာတ်ပုံတွေအရ တချို့ဝန်ထမ်းတွေက ကျောင်းသားတွေဆီက ကွမ်းဆေးလိပ်တွေကို လုယူသိမ်းနေတယ်။ ပုဆိုးတွေ ဘာတွေကျွတ်ပြီး အတွင်းခံတောင်ပေါ်တဲ့အထိ ဖြစ်တယ်။ နောက်ပြီး သံပြိုင်သီချင်းဆိုလို့ ထောင်လန့်တဲ့သဘောမျိုး ဖြစ်တယ်လို့လည်း သိရတယ်”ဟု ဦးစံထွန်းက ပြောဆိုသည်။
လတ်တလောတွင် တိုက်ပိတ်ပြစ်ဒဏ် ပေးခံထားရသည့် ကျောင်းသားများမှာ ခန့်အောင်၊ ဟိန်းဇော်ဝင်း၊ အောင်မြင့်ဟန်၊ သန်းထိုက်၊ ရန်နိုင်စိုး၊ ကျော်ကျော်ထွန်းနဲ့ ကျော်ဇောလင်းတို့ ဖြစ်ကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဖမ်းဆီးခံ ကျောင်းသားများအရေး လိုက်ပါကူညီ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရှေ့နေကွန်ရက်က ကျောင်းသားများ တိုက်ပိတ် ခံရသည့် ကိစ္စကို အမှုတခုအနေဖြင့် တရားစွဲတင်လာပါက ကွန်ရက်က ပြန်လည် ဖြေရှင်းမည် ဖြစ်ကြောင်း သိရသည်။
“အမှုစွဲတင်ရင်တော့ ခုခံရမှာပါ။ ဒါပေမယ့် ဒီအတိုင်းချည်းသက်သက် တိုက်ပိတ်ထားမယ် ဆိုရင်တော့ ကျနော်တို့ ရှေ့နေဘက် က လည်း ဘာမှလုပ်လို့ မရဘူး။ အရင်တုန်းကတော့ ထောင်ထဲမှာ ဆေးလိပ်လိုချင်ရင်တောင် အပ်ထားတဲ့ ပိုက်ဆံနဲ့ ဝယ်ပေးကြတယ်။ ယူလို့လည်း ရပါတယ်။ ကျောင်းသားတွေကြမှ ဘယ်လိုဖြစ်တယ် မသိဘူး”ဟု ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင် က ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း ဖမ်းဆီးခံ ကျောင်းသား ၁၅ ဦးကို သာယာဝတီအကျဉ်းထောင် အတွင်းသို့ ဆေးလိပ်နှင့်ကွမ်းယာ များ ယူဆောင်ခဲ့သည့်အတွက် ထောင်ဝင်စာ ၂ ပတ်မှ ၃ ပတ် အထိ ပိတ်ခဲ့သေးသည်။
အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် သာယာတီ ထောင်အတွင်း ဖမ်းဆီးခံထားရသည့် ဆန္ဒပြကျောင်းသားနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၇၀ ကျော် ရှိကြောင်း သိရသည်။