အစိုးရနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များအကြား တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး (NCA) စာချုပ် ချုပ်ဆိုပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ကရင်အဖွဲ့ အစည်းအားလုံးက လက်ကိုင်ထားဆွေးနွေးမည့် ကရင်တမျိုး သားလုံး ၏ မူဝါဒများ ချမှတ်နိုင်ရေး ကရင်အမျိုးသားညီလာခံ အကြိုဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ယနေ့စတင် ကျင်းပ လျက်ရှိ သည်။
ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ အထိ ရန်ကုန်မြို့ ၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာတွင်ကျင်းပပြုလုပ်သည့် ကရင်အမျိုးသားညီလာခံ အကြို ဆွေးနွေးပွဲကို ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ ( KUPC)က ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး ကရင် ဘာသာရေး ခေါင်းဆောင်များ၊ ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေး ပါတီများ၊ ကရင်လူငယ် အဖွဲ့အစည်းများ၊ ကရင် အရပ် ဘက် အဖွဲ့အစည်းများ ၊ ကရင် လွှတ်တော် အမတ်များ ၊ ကရင် ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း နှင့် အထက်မြန်မာပြည်မှ ကရင် ကိုယ်စားလှယ် အဖွဲ့များ အပါအဝင် စုစုပေါင်း အဖွဲ့ ၄၀ ကျော် တက်ရောက်ကြောင်း သိရှိရသည်။
ရန်ကုန်တွင် ကျင်းပသည့် ကရင်အမျိုးသားညီလာခံ အကြို ဆွေးနွေးပွဲ တက်ရောက်လာသည့် ကရင်အမျိုးသား အစည်း အရုံး (KNU) မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းငြိမ်းမောင်က “ဖြစ်တည်လာတဲ့နိုင်ငံရေးပြောင်းလဲမှုအရ ကရင် အမျိုးသား အနာဂတ် အရေးအတွက် ကရင့်အမျိုးသားရေး ကရင့်နိုင်ငံရေး ကရင့်အခွင့်အရေးတွေအတွက် စံနှုန်း တရပ် ချမှတ်ဖို့ ဖြစ် တယ်၊ ညီလာ ခံ က ဆုံးဖြတ်ချက် တွေက ကရင်တမျိုးသားလုံးရဲ့ လိုအပ်ချက်တွေ ဖြစ်မယ်၊ နိုင်ငံရေး အခြေအ နေအရ ကရင် အမျိုးသားတွေ ကြိုတင်ပြင်ဆင်မှု လုပ်နေတာပါ” ဟု ပြောသည်။
ကရင်တမျိုးသားလုံးအနေဖြင့် မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးနိုင်ရန် နှစ် ၆၀ ကျော် လက်နက် ကိုင် တော်လှန် လာခဲ့ ကြ ပြီးဖြစ်၍ လတ်တလော အစိုးရနှင့် ညှိနှိုင်းမှုအခြေအနေတွင် နောက်ကြောင်း ပြန်လှည့် လိုသည့် စိတ်မရှိဘဲ ရှေ့ကိုသာ ဆက်လက်သွားရန် ရည်ရွယ်ထားကြောင်း KNU ဗဟိုကော်မတီက ညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာတွင် ရေးသား ထားသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွွွဲ့ဝင် ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောထွန်းအောင်မြင့်ကလည်း “ ဒီညီလာခံမှာ ကရင့်ကံကြမ္မာကို ကရင်ဖန်တီးနိုင်ရေး၊ ကရင့်လယ်ယာမြေတွေ သိမ်းဆည်းခံရတာတွေ မဖြစ်ရေးတွေကိုလည်း ထည့် သွင်း ဆွေးနွေးသွားမှာပါ “ ဟု ပြောသည်။
ကရင်အမျိုးသားညီလာခံ အကြိုပွဲတွင် ကရင်အမျိုးသားအားလုံး၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ၊ ပညာရေး ၊ စာပေနှင့်ယာဉ်ကျေးမှု ဖွံ့ဖြိုးရေး ကိစ္စများ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကရင်အမျိုးသားညီလာခံအကြိုဆွေးနွေးပွဲ ကျင်းပပြီးစီးပါက ကရင်အမျိုးသားညီလာခံကို ဇူလိုင်လကုန်တွင် ကရင် ပြည်နယ်တွင် ကျင်းပသွားရန် ရှိကြောင်း၊ ရန်ကုန်ဆွေးနွေးပွဲမှ ရရှိသည့် ရလာဒ်များကို ကရင်အမျိုးသားညီလာခံတွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း KUPC အဖွဲ့ဝင် နော်စူစန်နာလှလှစိုးက ပြောသည်။