ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(Senior Delegation-SD) တို့ တွေ့ဆုံ ဆွေးနွေးကြ မည်ဖြစ်ကြောင်း SD အဖွဲ့ ခေါင်းဆောင်များက ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ဇူလိုင်လ ၃ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး UPWC ဒု ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် ပဒို နော်စီဖိုးရာစိန် ဦးဆောင်သည့် SD အဖွဲ့တို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆွေးနွေးကြမည်ဟု သိရသည်။
“ကျမတို့ဘက်ကလည်း ဒီ ငြိမ်းချမ်းရေး Process ကို ဘယ်လိုဆက်လက်ပြီးတော့ ဘယ်လိုသွားမလဲဆိုတာ သူတို့ (UPWC) ကို တင်ပြဆွေးနွေးရမှာ ဖြစ်တယ်။ ကျမတို့လိုလားနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် ဆက် လက် ပြီးတော့ နည်းလမ်းရှာဖို့ တွေ့ဆုံနိုင်ဖို့အတွက် ကြိုးစားပြီးတော့ ဆွေးနွေးရမှာဖြစ်တယ်”ဟု နော်ဒီဖိုးရာစိန် က ပြောသည်။
UPWC နှင့် ဆွေးနွေးမှုများမပြုလုပ်မီ SD အဖွဲ့ဝင်များနှင့် အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးညှိနှိုင်းရန် ကနဦး ဖွဲ့စည်းခဲ့သည့် တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကြိုတင်ဆွေးနွေးမှုများ ယနေ့ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို SD အဖွဲ့ခေါင်းဆောင်များက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) ကို ဆက်လက် ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီး ခေါင်းဆောင်များ လော်ခီးလာ အစည်းအဝေး ကဖွဲ့စည်းလိုက်သည့် SD ကို အစိုးရနှင့် တပ်မတော်ဘက်က အသိအမှတ်မပြုကြောင်း UPWC ဘက်က ပြောဆိုထားသည်။
ထို့အပြင် လော်ခီးလာ အစည်းအဝေးက ပြင်ဆင်ဖြည့်စွက်ထားသည့် (NCA) မူကြမ်းကိုလည်း လက်ခံရန်နှင့် တပ်မတော်နှင့် တိုက် ပွဲဖြစ်နေသည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်မတော်(AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ NCA ကို တပြိုင်တည်း လက်မှတ်ထိုးနိုင်ရေးကိုလည်း အစိုးရဘက်က မသိကျိုးကျွံပြုထားဆဲဖြစ်ကြောင်း သိရသည်။
SD ကို ဖွဲ့စည်းရခြင်းသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုးမြှင့်ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး ထိုကိစ္စအပါအဝင် တစ်ဆို့နေသည့် အချက်များကို UPWC ညှိနှိုင်းဆောင်ရွက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အဖွဲ့ ဒုတိယ ခေါင်းဆောင် ဒေါက်တာ လဂျာ က ပြောသည်။
“တဖက်တည်းသွားလို့တော့ မဖြစ်ဘူးလေ။ နှစ်ဖက်က အကောင်းဘက်ကို ရှေးရှုသွားလို့ရှိရင် ပိတ်ဆို့မှုဖြစ်နေတဲ့ဟာကို၊ ဘယ်လို ထွက်ပေါက်ရှာကြမလဲ ဆိုတဲ့ဟာကို နှစ်ဖက်က အဲဒီအမြင်နဲ့ ကျော်လွန်ရေးထွက်ပေါက်ရှာရင်၊ စိတ်ရင်း စေတနာမှန်နဲ့ စဉ်းစား အဖြေရှာကြမယ်ဆိုရင် အဖြေကောင်းရကိုရမယ်လို့ ယုံကြည်ပါတယ်”ဟု ဒေါက်တာ လဂျာက ပြောဆိုသည်။
NCCT နှင့် SD တို့၏ညှိနှိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ဟောင်း Mr. Christoph Burgener လည်း ခေတ္တ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက ရှေ့ဆက် လုပ်ဆောင်နည်းလမ်း ရှာကြရမည် ဖြစ်ကြောင်းနှင့် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များကို ဆက်လက် အကူအညီပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။
“ဒီဆွေးနွေးမှုအရှိန် ဆက်ရှိနေမယ်လို့ ကျနော်မျှော်လင့်ပါတယ်။ စိုးရိမ်ချက်တခုက ဒီအရှိန်လေး ပျက်သွားမှာနဲ့ ကွဲပြားမှုတွေ ရှိလာနိုင်တဲ့အခြေအနေကိုပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာပါဝင်နေတဲ့အစိုးရအပါအဝင် အဖွဲ့အစည်းတွေအားလုံး လက်ရှိရှိနေပီးသား အရှိန်ကို ဆက်လက် သယ်ဆောင်သွားဖို့ အားထုတ်မှုတွေ အများကြီးလုပ်ဖို့ လိုပါတယ်”ဟု Mr. Christoph Burgener က သတင်းထောက် များကို ပြောသည်။
Mr. Christoph Burgener သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်အဖြစ် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ၂၀၀၉ ခုနှစ်ကစပြီး လေ့လာစောင့်ကြည့်ခဲ့ ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အကူအညီပေးနေသည့် နိုင်ငံများ စုဖွဲ့ထားသည့် Peace Support Group တွင် ဆွစ်ဇာလန်နိုင်ငံလည်း ပါဝင်ပြီး ထိုအဖွဲ့တွင် ဆွစ်ဇာလန်နိုင်ငံက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။