ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများ ယခုရက်ပိုင်း တိုက်ခိုက်ခံနေရကြောင်း သိရ သည်။
လက်ရှိတွင် တိုက်ခိုက်နေရသည့် ကုမ္ပဏီ ၄ ခုခန့်ရှိနေပြီး အမည်မသိ လက်နက်ကိုင် တဖွဲ့က ကုမ္ပဏီတခုကို မီးရှို့၍ ဗုံးဖြင့် ခွဲခဲ့ကြောင်း၊ ကုမ္ပဏီများ ၏ အဆောက်အအုံများ၊ ယာဉ်များ၊ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း လုံးခင်း ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
အမည်မသိ လက်နက်ကိုင် အဖွဲ့သည် လက်နက်ဖြင့် ကုမ္ပဏီအတွင်းသို့ ဝင်ရောက်လာပြီး အသင့် ယူဆောင်လာသည့် ဓာတ်ဆီပုံး ကို ကုမ္ပဏီ ပတ်လည် သို့ လောင်းချ၍ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း သူက ပြောပြသည်။
“တိုက်ခိုက်ခံရတဲ့ ကုမ္ပဏီတွေ က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ထူး ကုမ္ပဏီ၊ ဆိုင်းရတနာအောင် ကုမ္ပဏီတွေပါပဲ။ ဘာလို့ တိုက်ခိုက်လဲ ဆိုတာကတော့ ကျနော်မသိဘူး။ နောက်ဆုံး ဆိုင်းရတနာအောင် ကုမ္ပဏီ ဆိုရင် ဇွန် ၃၀ ရက် ည ၇ နာရီမှာ တိုက် ခိုက်ခံရတယ်။ လုံးခင်း ရဲစခန်းမှာတော့ ပြစ်မှု ပုဒ်မ ၄၃၆ လျှို့မီးအမှု နဲ့ အမှုဖွင့်ထားပါတယ်”ဟု လုံးခင်း ရဲစခန်းမှ တာဝန်ရှိသူက ဆက်ပြောသည်။
နယ်မြေမအေးချမ်းသည့် ဒေသဖြစ်သည့်အတွက် လုံခြုံရေးကို အသေအချာ မပေးနိုင်သေးကြောင်း၊ ရဲ အင်းအား မျှတမှု မရှိသေးကြောင်း၊ နေ့ဘက်တွင် လုံခြုံရေး ပေးနိုင်တော့လည်း ညပိုင်းတွင် လုံခြုံရေး မပေးနိုင်ကြောင်းလည်း ဆိုသည်။
“မှော်တွင်းမှာ ရှိတဲ့ ကုမ္ပဏီ တွေ အားလုံးနီးပါးက အစိုးရနဲ့ အကျိုးတူလုပ်နေတဲ့ ကုမ္ပဏီတွေပါပဲ။ ကျနော့်အထင်ကတော့ ကုမ္ပဏီ တွေက အစိုးရကိုလည်း အခွန်ဆောင်ရတယ်။ ပြီးတော့ လက်နက်ကိုင်တွေကိုလည်း ပေးရတယ်။ လက်နက်ကိုင်ကို ဆက်ကြေး မပေးတဲ့အတွက် ဒီလို မီးရှို့တယ်လို့ ကျနော်မြင်တယ်”ဟု ကျောက်တွင်း အလုပ်လုပ်နေသူ တဦးဖြစ်သည့် ကိုမျိုးထွန်း က ဧရာဝတီ သို့ ပြောသည်။
လက်ရှိ ဖားကန့်ဒေသသည် အစိုးရ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားသည့်နေရာလည်း ဖြစ်ကြောင်း သိရသည်။