ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီး (လမ်းသစ်လမ်း)ပေါ်တွင် တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့အကြား နှစ်ရက်ခန့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းတွင် ရပ်စဲလိုက်ပြီ ဟု သတင်းရရှိသည်။
DKBA ကော့ကရိတ် တာဝန်ခံ ဗိုလ်မှူး စောသရဲနီက“နေ့လယ် ၁၁ နာရီ ဝန်းကျင်လောက်မှာ တိုက်ပွဲ ရပ်သွားပါတယ်၊ အောက်ခြေ ပိုင်း ပစ်ကြတာဆိုတော့ အထက်က လူကြီးတွေချင်း ညှိတော့ရပ်သွားတယ် လို့ ယူဆပါတယ်”ဟု ဧရာဝတီကို ပြောသည်။
DKBA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးကလည်း ဇူလိုင်လ ၃ ရက်မနက်ပိုင်းတွင် တိုက်ပွဲရပ်တန့်နိုင်ရေး အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်း နေသည်ဟု ဧရာဝတီကို ပြောထားသည်။
တိုက်ပွဲအတွင်း DKBA ဘက်မှ ဒုဗိုလ် တဦး လက်နက်ကြီးစ ထိမှန်ပြီး ဒဏ်ရာရရှိကာ မြဝတီဆေးရုံတွင် ဆေးကုသ နေရသည်ဟု လည်း သိရသည်။
တပ်မတော်နှင့် DKBA သည် ဇူလိုင်လ ၂ ရက် နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲ ဖြစ်ပွားရခြင်းသည် DKBA တပ် ဂိတ်များရှိသည့် အာရှလမ်းမကြီးသို့ တပ်မတော်မှ အကြောင်း မကြားဘဲ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး လမ်းကြောင်းကားများ ဆင်းလာခြင်းနှင့် အာရှလမ်းမ အနီးရှိ DKBA လုံခြုံရေး တပ်စခန်းများကို ဖယ်ရှားပေးရန် ပြောဆိုခြင်းကြောင့် ဖြစ်သည်ဟု DKBA တာဝန်ရှိသူများက ပြောဆိုသည်။
DKBA မှ ဗိုလ်မှူးကြီး စောမောင်လေးက“ကျနော်တို့ စခန်းတွေက လုံခြုံရေးအရ နဂိုကရှိတဲ့ စခန်းတွေပါ လမ်းသစ် (အာရှလမ်းမကြီး)ဖောက်တော့ လမ်းဘေးနား ကျသွားတယ်၊ သူတို့ဘက်က ငွေကောက်နေတဲ့ ဂိတ်တွေကိုဖြုတ်ခိုင်းရင် ဖြုတ်လိုက်ရုံပဲ၊ အခုက နယ်မြေလုံခြုံရေး ဂိတ်တွေဆိုတော့ မဖြုတ်နိုင်ဘူး”ဟု ပြောသည်။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားရခြင်းသည် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု အခြေအနေ ငြိမ်သက်နေခြင်း၊ လွှတ်တော်တွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ခွင့် ရှုံးနိမ့်ခြင်းတို့ကြောင့် ကရင်တပ်ဖွဲ့များအနေဖြင့် သဘောထား တင်းမာနေသည့် အခြေအနေ ရှိနေခြင်းတို့နှင့် လည်း ဆက်စပ်မှု ရှိနေသည်ဟု ဗိုလ်မှူးကြီး စောမောင်လေးက ပြောပြသည်။
ဆက်လက်၍ ဗိုလ်မှူးကြီး စောမောင်လေးက လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) တွင် နိုင်ငံရေးအရ အာမခံချက်များသာ ပါရှိပြီး နယ်မြေပိုင်းခြား သတ် မှတ်သည့် ကိစ္စရပ် အသေးစိတ်မပါရှိဟုလည်း ပြောဆိုသည်။
ထိုအချက်သည် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် အရေးကြီးသည့် အချက်ဖြစ်သဖြင့် ပထမဦးဆုံး လုပ်ဆောင်ရန် လိုအပ်ပြီး ယခု NCA စာချုပ်တွင် နယ်မြေပိုင်းခြား သတ်မှတ်ခြင်းနှင့် ပတ်သက်၍ သဘောတူညီမှုများ မရရှိထားသဖြင့် တပ်မတော်နှင့် တိုင်းရင်းသား တပ်များအကြား ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားဦးမည်ဟုလည်း ဆိုသည် ။
အာရှလမ်းမကြီးပေါ်တွင် DKBA အပြင် ကရင်အမျိုးသား အစည်းအရုံး(KNU) နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA –PC) တို့ ပူးပေါင်းပြီး ကော့ကရိတ်အဝင်တွင် တဂိတ်၊ သင်္ကန်းညီနောင် အထွက်တွင် တဂိတ် နေရာယူ၍ လမ်းကြေးကောက်ခံမှုများ ပြုလုပ်နေသည်။ ယခုအခါ တိုက်ပွဲ ဖြစ်ပွားထားသဖြင့် ထိုလမ်းမကို ခေတ္တပိတ်ထားသည်ဟု သိရသည်။
မြဝတီမြို့နှင့် ကော့ကရိတ်မြို့ ရဲစခန်းများကလည်း နယ်မြေ ဆူပူမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေးများကို တိုးမြှင့် ဆောင်ရွက်ထားပြီး အာရှလမ်းမကြီးကို ယာယီပိတ်ထားသဖြင့် နယ်စပ်ကုန်သွယ်ရေး ကားများ အခက်အခဲမဖြစ်စေရန် လမ်းဟောင်း(ဒေါန တောင် ပေါ်လမ်း) မှ ကားများကို သွားလာခွင့် ပြုထားသည်ဟု ဧရာဝတီကို ပြောသည်။
DKBA သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားပြီး ပဏာမ ငြိမ်းချမ်းရေးကို ပြည်ထောင်စု အဆင့်ထိ ဆွေးနွေးထားသည့် ကရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။