အစိုးရက တရားဝင် ထုတ်ပြန်လိုက်သည့် အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား ၃,၆၀၀ ကျပ်တွင် ထပ်တိုးစရိတ်များ ပေါင်း ထည့်ပေးမှသာ လက်ခံနိုင်မည်ဖြစ်ကြောင်း အလုပ်သမား သမဂ္ဂများက ပြောဆိုသည်။
အလုပ်သမားများက ခရီးစရိတ်၊ နေထိုင်မှုစရိတ်များအပြင် နှစ်စဉ်ကြေးအဖြစ် တနှစ်လျှင် ၁၀,၀၀၀ ကျပ် အလုပ်ရှင်များဘက်က တိုးမြှင့်ပေးမှသာ လတ်တလော ထုတ်ပြန်ထားသည့် အဆိုပြုနှုန်းထား ၃,၆၀၀ ကျပ်ကို လက်ခံပေးမည် ဖြစ်ကြောင်း အင်းစိန်မြို့နယ်ရှိ အလုပ်သမားသမဂ္ဂ ရုံးခန်း၌ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုကြခြင်း ဖြစ်သည်။
“ကျနော်တို့ တောင်းဆိုထားတဲ့ ၄,၀၀၀ ကျပ်နဲ့ ၃,၆၀၀ ကျပ် ကွာခြားမှုမှာ ထပ်တိုးစရိတ်တွေ ပါဝင်မှသာ ၃,၆၀၀ ကျပ်ဆိုတဲ့ နှုန်း ထား ကို လက်ခံမှာပါ။ ဒါမှမဟုတ်ရင်တော့ လုံးဝလက်မခံပါဘူး။ ၄,၀၀၀ ကျပ် ရရှိဖို့ကိုပဲ ဆက်ပြီး တောင်းဆိုရပါလိမ့်မယ်”ဟု မြန်မာ နိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ဧရာဝတီကို ပြောသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဆရာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပင်လယ်ရေကြောင်း အလုပ်သမားများ အဖွဲ့ချုပ်နှင့် ရွှေ့ပြောင်း အလုပ်သမား ကွန်ရက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် ဒေါ်လှလှက “ကန့်ကွက်မှုတွေ လုပ်ရမှာက ကိုယ့်တာဝန်ပဲ။ ရတာ မရတာက သပ်သပ် တပိုင်းပဲ။ ကျမတို့အနေနဲ့ ၈၈ မျိုးဆက် အဖွဲ့အစည်းဆီမှာ အကြံဉာဏ် တောင်းခံပြီးတော့ ကန့်ကွက်မှု လုပ်ဖို့ကိစ္စ ဆက် လုပ် သွားမယ်”ဟု ပြောဆိုသည်။
အထည်ချုပ် လုပ်ငန်းရှင်များက ၎င်းတို့အနေဖြင့် အနည်းဆုံး အခကြေးငွေကို ၂,၅၀၀ ကျပ်ထက် တိုးမြှင့် မပေးနိုင်ကြောင်း၊ ၃,၆၀၀ ကျပ်ကို အတည်ပြု သတ်မှတ်မည် ဆိုပါက စက်ရုံများ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
တရုတ်အထည်ချုပ် လုပ်ငန်းရှင်များ ကိုယ်စားလှယ် တဦးက “၂,၅၀၀ ကျပ် အထက်ကို အားလုံးက မတိုးပေးနိုင်ဘူး။ တကယ်လို့ ၃,၆၀၀ ကျပ်သာ ဖြစ်မယ်ဆိုရင် ဒီ ၉ လပိုင်းထဲမှာ စက်ရုံတွေ ပိတ်ဖို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။
အလုပ်သမား ကိုယ်စားလှယ်များက အထည်ချုပ် လုပ်ငန်းရှင်များ၏ “စက်ရုံ ပိတ်သိမ်းမည်” ဆိုသော ပြောဆိုချက်သည် အလုပ် သမား များကို ခြိမ်းခြောက်ရာ ရောက်သဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း၊ အလုပ်ရုံများ ပိတ်သိမ်းပါက အလုပ်သမားများကို နစ်နာကြေး ပေးရမည်ဖြစ်ပြီး ထိုကဲ့သို့ မပြုလုပ်ပါက တရားစွဲဆိုမည် ဖြစ်ကြောင်း ပြန်လည် ပြောဆိုကြသည်။
အစိုးရ၏ အနည်းဆုံး အခကြေးငွေ အဆိုပြု နှုန်းထားတရပ် ထွက်ပေါ်လာရေးအတွက် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှ စတင်၍ အလုပ်ရှင်နှင့် အလုပ်သမား၊ အလုပ်သမား ကိုယ်စားလှယ်များ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက အနည်းဆုံး အခကြေးငွေ အဆိုပြုနှုန်းထား ၃,၆၀၀ ကျပ်အဖြစ် သတ် မှတ်မည်ဖြစ်ပြီး ထိုနှုန်းထားသည် ၁၅ ဦးနှင့်အောက် လုပ်ငန်းငယ်များ မပါဝင်ကြောင်း၊ နှုန်းထားသတ်မှတ်ချက်ကို သဘောမတူသူများနှင့် အကြံပြုလိုသူများ အနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်ပါကြောင်း ဇွန်လ ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။