မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် အရေအတွက်သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ မေ လ ကုန်အထိ ၁ သန်းခွဲကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်ရောက်သည့် အရေအတွက် စာရင်းကို အလွယ်တကူ သိရှိနိုင်သော်လည်း နယ်စပ်မှ ဝင်ရောက်လည်ပတ်သည့် ဧည့်သည်အရေအတွက်ကို သိရှိနိုင်ရန် စာရင်းပြုစုနေဆဲ ဖြစ်သဖြင့် ၂၀၁၅ ခုနှစ် နှစ်ဝက် အတွင်း နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုနှုန်း အတိအကျကို မထုတ်ပြန်နိုင်သေးကြောင်း မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ အဆိုအရ အများဆုံး ဝင်ရောက်ခဲ့သည့် ခရီးသွား ဧည့်သည်များသည် ထိုင်းနှင့် တရုတ် လူမျိုးများဖြစ်သည်ဟုလည်း သိရှိရသည်။
၂၀၁၅ ခုနှစ်အတွက် မျှော်မှန်းထားသည့် နိုင်ငံခြားသား ခရီးသည် ဝင်ရောက်မှုနှုန်း ၅ သန်းကို ပြည့်မီနိုင်ရန် အလားအလာ ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပြသည်။
၎င်းက “ဒီနှစ် ၅ လရဲ့ နှုန်းက မနှစ်က ၅ လနှုန်းနဲ့စာရင် ရာခိုင်နှုန်း သိသိသာသာ တိုးလာတယ်။ ၁၃ ရာခိုင်နှုန်းလောက် တိုးလာ တယ်။ တကယ်ကတော့ High Season မှာ သိသိသာသာ အပြောင်းအလဲ ရှိနိုင်တယ်။ High Season ဆိုတာ အောက်တိုဘာ၊ နိုဝင် ဘာ၊ ဒီဇင်ဘာ၊ ၃ လပေါ့။ အဲဒီ ၃ လက သိသိသာသာ ပြောင်းလဲသွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံခြားသား ခရီးသွားများ ဝင်ရောက်မှုနှုန်း သိသိသာသာ တိုးမြင့်လာခဲ့ပြီး ခရီးသွားများ၏ လာရောက်လည်ပတ်သည့် ပုံစံလည်း ပြောင်းလဲမှုများ ရှိလာခဲ့ကြောင်း ၎င်းက ဆိုသည်။
လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ဧည့်သည်များတွင် ခရီးသွား ကုမ္ပဏီများက ခရီးစဉ် စဆုံး စီစဉ်ပေးရသည့် Package Tour ဝန်ဆောင်မှုများနှင့် လည်ပတ်ခြင်း မပြုကြဘဲ စရိတ်အသက်သာဆုံးဖြစ်မှုကို ဦးစားပေးသော FIT ခေါ် Foreign Independent Travelers (ကျောပိုးအိတ် ခရီးသွား)များ တိုးမြင့်လာသဖြင့် ခရီးသွား လုပ်ငန်း ကုမ္ပဏီများ အနေနှင့် မတူညီသော ခရီးသွားလုပ်ငန်း ဝန်ဆောင်မှုများကို တိုးချဲ့လုပ်ကိုင်သင့်နေပြီ ဖြစ်ကြောင်း ဦးတင်ထွန်းအောင်က ဆက်လက်ပြောဆိုသည်။
ထို့အပြင် ခရီးသွားလုပ်ငန်းအတွက် အဓိကကျသည့် ဟိုတယ်နှင့် လေယာဉ်စရိတ်တို့သည် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် မလေးရှားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ပိုမိုစရိတ်ကြီးနေခြင်းသည် မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ရေရှည်တွင် အခက်အခဲတခု ဖြစ်လာနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
ဦးတင်ထွန်းအောင်က “အခု မြန်မာနိုင်ငံက အောင်မြင်နေတဲ့ လှိုင်းလုံးကို စီးနေရတဲ့ အချိန် ဖြစ်နေလို့သာ။ တကယ့်တကယ်ကျတော့ ယှဉ်ပြိုင်မှုဆိုတာ ရှိမှာပဲ။ ဒေသတွင်းမှာလည်း ကိုယ့်နိုင်ငံကိုလာဖို့၊ ကိုယ့်မြို့ကိုလာဖို့ ဆိုတာလည်း အားပြိုင်ပြီးတော့ လုပ်ကြ ရမှာပဲ။ ဒီတချက်ကတော့ သဘာဝမကျဘူး။ ဈေးက တော်တော်မြင့်နေတယ်”ဟု ပြောသည်။
ထို့ကြောင့် ဟိုတယ်များအတွက် လိုအပ်သော အသုံးအဆောင် ပစ္စည်းများကို ပြည်တွင်း၌ သက်သက်သာသာ ရရှိလာပြီး နိုင်ငံ တကာ လေကြောင်းလိုင်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာကာ လုပ်ငန်းများ အပြိုင်အဆိုင် ဖြစ်လာမှသာလျှင် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု စရိတ်များ သက်သာသွားနိုင်လိမ့်မည်ဟု Golden Trip Travels and Tours ကုမ္ပဏီမှ တာဝန်ရှိသူ ဦးချိုထွေးက ပြော သည်။
ယခုနှစ်ပိုင်းများအတွင်း နိုင်ငံတကာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ၏ အင်တာနက် စာမျက်နှာများတွင် မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ကြေညာမှုများနှင့် ဥရောပမှ ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး ရုပ်သံအစီအစဉ်များကို မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးမှုများလည်း ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သိရှိရသည်။
၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဦးရေမှာ ၃ သန်း ကျော် ရှိခဲ့ကြောင်း သိရှိရ သည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေးများ ပြုလုပ်ရန် ၂၀၁၆ ခုနှစ်ကို ၁၉၉၆ ခုနှစ်ကဲ့သို့ “မြန်မာ့ ခရီးသွားနှစ်” အဖြစ် ပြန်လည် သတ်မှတ်နိုင်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ် အောက် တိုဘာ လတွင် ထုတ်ပြန် ကြေညာထားသည်။