တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းတွင် လော်ခီးလာ တိုင်းရင်းသား ညီလာခံက ပြင်ဆင်၊ ဖြည့်စွက် လိုက်သည့် အချက်များကို ပြင်ဆင်ခြင်း မပြုလိုကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ပြောဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်ပြုလုပ်သော UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့တို့ ဇူလိုင်လ ၃ ရက်နေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဝန်ကြီး ဦးအောင်မင်း က သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့က NCA (အပစ်ရပ်စာချုပ်မူကြမ်း) စာချုပ်ကြီးကို မပြင်ချင်၊ မဖျက်ချင်ဘူး။ အဲ့ဒီတော့ နောက်ထပ် လော်ခီး လာ က တက်လာတဲ့ အချက် ၁၂ ချက်ကို အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ ထည့်ပါဆိုပြီးတော့ ကျနော်တို့ဘက်က တောင်း ဆို တာပေါ့။ သူတို့ကိုလည်း ကျနော်တို့ ပစ်ပယ်တာ မဟုတ်ဘူးလေ။ အဲဒါလေး ထည့်ပေးပါဆိုပြီး ကျနော့်ဘက်က Request (မေတ္တာရပ်ခံ) လုပ်တာပေါ့” ဟု ဝန်ကြီး ဦးအောင်မင်း က ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက် သွားနိုင်ရေး ဇွန်လ ၃ ရက်နေ့တွင် ဆွေးနွေးခဲ့ကြပြီး ယခုဆွေးနွေးပွဲ၏ အဆုံးအဖြတ်ကို ဒုတိယနေ့ဖြစ်သည့် ဇူလိုင် ၄ ရက်နေ့ တွင် သိရှိနိုင်မည်ဖြစ်ကြောင်း ဦးအောင်မင်းက ဆက်၍ပြောသည်။
တိုင်းရင်းသားများ စုပေါင်းဖွဲ့စည်းထားသော အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) ဘက်က ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း (NCA) စာချုပ်ကို လက် မှတ် ရေးထိုး လိုသည်ဟု UPWCသို့ အသိပေးပြောဆိုကြောင်း၊ သို့ရာတွင် ဇွန်လ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ ကရင် အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာ စခန်း တွင်ပြု လုပ်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ထိပ်သီးခေါင်းဆောင်းများအစည်းအဝေးက ချမှတ်ထား သည့် မူဝါဒများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း၊ လော်ခီးလာ ထိပ်သီးအစည်းအဝေးက ပြင်ဆင်၊ ဖြည့်စွက် လိုက်သည့် အချက် ၁၂ ချက်ကို ပြင်ဆင်နိုင်ရေး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေး သွားမည် ဖြစ်ကြောင်း၊ အဆင့်မြင့် ညှိနှိုင်း ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးက သတင်းထောက်များကိုပြောသည်။
“တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုဖို့နေရာမှာ ဘယ်သူတွေပါဝင်မယ်၊ ဘယ်သူတွေမပါဝင်ဘူးဆိုတာ ကျနော် တို့ ချမှတ်ထားတဲ့၊ ဆုံးဖြတ်ထားတဲ့ဟာ မရှိပါဘူး။ နဂိုမူလ လော်ခီလာအတိုင်းပဲ ကျနော်တို့ ဆက်လက် ကိုင်ဆွဲ ထား တုန်းပဲရှိပါတယ်” ဟု ပူးဇင်ကျုံးက ပြောဆိုသည်။
NCA စာချုပ် လက်မှတ်ထိုးနိုင်ရေး UPWC နှင့် အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD) တို့ ဇူလိုင် ၄ ရက်နေ့တွင် ဆက်လက် ဆွေးနွေးနေပြီး ထိုအစည်းအဝေးအပြီးတွင် NCA စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆုံးဖြတ်ချက်တခု ကျလာနိုင်ကြောင်း ၂ ဖက် ခေါင်းဆောင်များထံမှ သိရှိရသည်။