ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ရောက်ရှိလာသည့် သမိုင်းပညာရှင်မှန်သမျှ မသွားမဖြစ် သွားရောက် လေ့လာ ကြည့်ရှုကြ သည့် နေရာတခု ရှိသည်။ ယင်းမှာ ဖလမ်းမြို့နှင့် ၄ မိုင်ခန့် ဝေးသည့် နေရာရှိ နယ်ချဲ့တော်လှန်ရေး ချင်းအမျိုးသား ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ် (Pu Con Bik) ခေါ် ဗိုလ်ဆွန်ပက်၏ တာရွှန်း (Tai Sun) ကျေးရွာ ဖြစ်သည်။
ဖလမ်းမြို့အဝင် ကျင်မွာလ်ရပ်ကွက် အနီးမှ အောက်ဘက်သို့ ၄ မိုင်ခန့် ဆင်းသွားလျှင် တောင်စောင်း၌ နေအိမ်လေးများ စီတန်းဆောက်လုပ်ထားသည့် တာရွှန်းမျိုးနွယ်စုများ စုပေါင်းနေထိုင်ကြသော တာရွှန်း ကျေးရွာကို မြင်တွေ့ရမည် ဖြစ်သည်။ တာရွှန်း ကျေးရွာ တည်နေရာမှာ တောတောင်ထူထပ်၍ မတ်စောက်သော ချောက်ကမ်းပါး များ တည်ရှိပြီး အဝေးမှ လှမ်းကြည့်လျှင် မမြင်တွေ့နိုင်သည့် လျှိုကြီး အတွင်း ရွာတည်ထားခြင်း ဖြစ်သည်။
ယခုလက်ရှိ တာရွှန်းရွာမှာ ဒုတိယအကြိမ် ပြောင်းရွှေ့ထားသော ရွာသစ်နေရာ ဖြစ်ပြီး တာရွှန်းမျိုးနွယ်စုများ ပထမဆုံး အခြေချ နေထိုင်ခဲ့သော ယခင်ရွာဟောင်း မြေနေရာကို တာရွှန်းရွာသစ်သို့ လာသည့် လမ်းခုလတ်တွင် မြင်တွေ့ရ သည်။ အေဒီ ၁၅ ရာစုနှစ် အတွင်း၌ ဦးသွမ်ခိုင် (Pu Thuan Khai) ၏ သားဖြစ်သူ ဦးတာရွှန်း (Pu Tai Sun) သည် ယခုလက်ရှိ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် အောက်ဘက် မြေနေရာတွင် တာရွှန်း အမည်ဖြင့် ပထမဦးဆုံးရွာ တည်ထောင်ခဲ့ပြီး တာရွှန်းမျိုးနွယ်များ စုပေါင်း နေထိုင်ခဲ့ကြကြောင်း ချင်းရေးရာ သမိုင်း မှတ်တမ်းများ အရ သိရသည်။
အေဒီ ၁၅ နှင့် ၁၆ ရာစု နှစ်များတွင် ချင်းမျိုးနွယ်စု အချင်းချင်း တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည့် အတွက် အေဒီ ၁၆ ရာစုနှစ်တွင် တာရွှန်းမျိုးနွယ်များမှာ မူလနေထိုင်ရာ ရွာဟောင်းကို စွန့်ခွာ၍ ၎င်းနေရာနှင့် တမိုင်ခန့်ဝေးသည့် ပိုမို နက်စောက်ပြီး တောတောင် ထူထပ်သောနေရာ (လက်ရှိ တာရွှန်းရွာ) သို့ ပြောင်းရွှေ့ခဲ့ပြီး ယင်းရွာကို ဖလှမ်း “Fahlam” ရွာဟူ၍ အမည် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ချင်းဘာသာ စကားအရ ဖလှမ်း ဆိုသည်မှာ “သားသမီးများ ဘေးကင်းလုံခြုံသော အရပ်” ဟု အဓိပ္ပာယ်ရသည်။
ထိုသို့ နှစ်ပေါင်းရာနှင့် ချီတည်ရှိခဲ့သော ဖလှမ်းရွာတွင် အင်္ဂလိပ်အစိုးရ မတိုင်မီ ၁၉ ရာစု နှောင်းပိုင်း အချိန်အထိ ဒီမိုကရေစီနည်းကျ လူထုက ရွေးချယ်တင်မြှောက်သော ဖလှမ်းကောင်စီက အုပ်ချုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်ကြွန်ဘိခ် ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးပါဝင်သည့် ဖလှမ်းကောင်စီ လက်ထက် (၁၈၅၆-၁၈၉၂) ၌ တာရွှန်းမျိုးနွယ် မှာ ချင်းပြည်နယ်တွင် အင်အား အကြီးဆုံးနှင့် ဩဇာအာဏာ အရှိဆုံး ဖြစ်ခဲ့ပြီး ဖလှမ်း ကျေးရွာမှာလည်း ချင်းပြည်နယ် တွင် အကြီးဆုံးဖြစ်ကာ ရပ်ကွက်ကြီး ၆ ခု၌ အိမ်ခြေ ၅၀ဝ ကျော်ရှိခဲ့ကြောင်း ချင်းရေးရာ သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
နယ်ချဲ့ အင်္ဂလိပ်တို့က ၁၈၈၅ ခုနှစ်တွင် တတိယ ကျူးကျော်စစ် ဆင်နွှဲပြီး မြန်မာဘုရင် သီပေါမင်းကို နန်းချ၍ မြန်မာနိုင်ငံကို ဗြိတိသျှကိုလိုနီ နိုင်ငံ အဖြစ် သိမ်းပိုက်ခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ် လက်အောက်သို့ မြန်မာနိုင်ငံ ကျရောက်ခဲ့ သော်လည်း နိုင်ငံတဝန်းမှ မျိုးချစ်သူရဲကောင်းများက အင်္ဂလိပ်တို့ကို ရရာလက်နက် စွဲကိုင်၍ တော်လှန် တိုက်ခိုက်ခဲ့ကြရာ ထိုအထဲတွင် ချင်းပြည်နယ်မှ ဗိုလ်ကြွန်ဘိခ် ဦးဆောင်သည့် ချင်းတိုင်းရင်းသားများလည်း အပါအဝင် ဖြစ်သည်။
ဗိုလ်ကြွန်ဘိခ် နေထိုင်ရာ ဖလှမ်းရွာကြီးမှာ အင်္ဂလိပ်နယ်ချဲ့တို့နှင့် တိုက်ခိုက်စဉ် အခါက လူသူ၊ လက်နက်၊ ရိက္ခာ စုဆောင်းရာ အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး စခန်းအဖြစ် တည်ရှိခဲ့ကြောင်း သိရသည်။
ချင်းတွင်း၊ မြင်းခြံနှင့် ပုဂံဒေသတို့၌ အင်္ဂလိပ်တို့ကို တော်လှန် တိုက်ခိုက်ခဲ့သည့် ရွှေဂျိုးဖြူမင်းသားမှာ စစ်ရှုံးပြီးနောက် ယောနယ်မှ တဆင့် ချင်းပြည်နယ်ရှိ ဗိုလ်ကြွန်ဘိခ်၏ အာဏာစက် အောက်တွင် ခိုဝင်ခဲ့ရာ ဗိုလ်ကြွန်ဘိခ်ကလည်း ခိုလှုံခွင့် ပေးထားခဲ့သည်။ အဆိုပါ ရွှေဂျိုးဖြူမင်းသားကို ၎င်းတို့ထံ ပေးအပ်ရန် အင်္ဂလိပ်တို့က ရာဇသံပေးခဲ့ရာ ဗိုလ်ကြွန်ဘိခ်က ငြင်းဆန်ခဲ့ခြင်း၊ ချင်းပြည်နယ် စီးယင်း ဒေသ၌ ဗိုလ်ခိုင်ကမ်း ဦးဆောင်မှုဖြင့် အင်္ဂလိပ်တို့အား တော်လှန် တိုက်ခိုက်နေခြင်းများ ကြောင့် အင်္ဂလိပ်အစိုးရက ၁၈၈၈ ခုနှစ်တွင် ချင်းတောင်ဒေသအား တိုက်ခိုက် ချေမှုန်းရန် ပြင်ဆင်ခဲ့သည်။
ထို့ကြောင့် ၁၈၈၈ ခုနှစ် ဒီဇင်ဘာလတွင် ဗိုလ်ကြွန်ဘိခ်က ချင်းမျိုးနွယ်စုများအား စုစည်း၍ အင်အား ၁၀ဝ၀ ခန့်ဖြင့် ကလေးဒေသရှိ အင်္ဂလိပ် စစ်အခြေစိုက် စခန်းများကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြသလို စီယင်း မျိုးနွယ်စုများကလည်း အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့ကြသည်။ လူသူ လက်နက်အင်အား မမျှသည့် အတွက် ချင်းတော်လှန်ရေး တပ်များက အင်္ဂလိပ်တို့ကို နိုင်အောင် မတိုက်ခိုက် နိုင်ခဲ့ပေ။
အင်္ဂလိပ်တို့သည် ချင်းပြည်နယ်၏ အင်အား အကြီးဆုံး ဖြစ်သော ဗိုလ်ကြွန်ဘိခ် ဦးဆောင်သည့် တာရွှန်းမျိုးနွယ်တို့ကို တိုက်ခိုက် ချေမှုန်းရန် အတွက် ၁၈၉၀ ခုနှစ်တွင် ချင်းတောင်ဒေသသို့ ချီတက်ခဲ့ရာ ဗိုလ်ကြွန်ဘိခ် ဦးဆောင်သည့် ချင်းမျိုးနွယ်စုများ ကလည်း ဖလှမ်းရွာ၌ အင်အား ၃၀ဝ၀ ခန့် စုစည်း၍ ပြန်လည် ခုခံတိုက်ခိုက်ရန် ပြင်ဆင်ခဲ့ကြသည်။
လက်နက်ကိုင် စစ်သည် အင်အားဦးရေ ၃၃၈၀ ရှိသော စစ်တကောင်း စစ်ကြောင်း၊ အင်အား ၁၈၉၆ ဦးရှိသော ပခုက္ကူ စစ်ကြောင်းနှင့် အင်အား ၁၆၂၂ ဦးရှိသော မြောက်ပိုင်းစစ်ကြောင်းတို့ဖြင့် အင်္ဂလိပ်တို့က ဖလှမ်းရွာ အနီး တပ်စွဲထားခဲ့ရာ လူသူ လက်နက်အင်အား မမျှ၍ ဗိုလ်ကြွန်ဘိခ် ဦးဆောင်သည့် ဖလှမ်းကောင်စီက အင်္ဂလိပ်တို့ထံ နှစ်စဉ် အခွန်ဘဏ္ဍာ ဆက်သမည် ဟူသော သဘောတူညီချက်ဖြင့် ၁၈၉၀ ခုနှစ်တွင် လက်နက်ချခဲ့ကြောင်း ဘာထရမ် ဆောဆမာရက်ဇ် ကာရေး (Bertram Sausmarez Carey) နှင့် ဟင်နီ နယူးမန်း တပ်ခ် (Henry Newman Tuck) တို့ရေးသားသည့် The Chin Hills စာအုပ်တွင် ဖော်ပြထားသည်။
ဗိုလ်ကြွန်ဘိခ်၏ တပ်များသည် လက်နက်ချခဲ့ သော်လည်း အင်္ဂလိပ်တို့အား အခါအခွင့် သင့်တိုင်း ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်နေသည့် အတွက် ၁၈၉၂ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် အင်္ဂလိပ်တို့က ဗိုလ်ကြွန်ဘိခ် နေထိုင်ရာ ဖလှမ်းရွာကို ဝင်ရောက်စီးနင်း ခဲ့သည်။ ရွာ၌ တပ်စခန်းချရန် ပြင်ဆင်ခဲ့သော်လည်း ဗိုလ်ကြွန်ဘိခ်က လက်မခံခဲ့သည့် အတွက် ယခု လက်ရှိ ဖလမ်းမြို့ တည်သည့် နေရာ၌ အင်္ဂလိပ်တို့ မြို့တည်ဆောက်၍ ဖလမ်း (Falam) မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ဗိုလ်ကြွန်ဘိခ်၏ရွာကို တာရွှန်းရွာ ဟူ၍ အမည် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
မျိုးချစ် ချင်းတော်လှန်ရေး ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်သည်လည်း တာရွှန်းရွာ၌ပင် နေထိုင်ရင်း အသက် ၇၆ နှစ် အရွယ် ၁၉၁၀ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ရာ တာရွှန်းမျိုးနွယ်စုများက ၎င်းတို့ခေါင်းဆောင် ရုပ်ကလာပ်ကို နေအိမ်၌ပင် ဂူဗိမ္မာန်ပြုလုပ်ကာ သင်္ဂြိုဟ်မြှုပ်နှံခဲ့သည်။
ထိုကဲ့သို့ မြန်မာနိုင်ငံ၏ အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး သမိုင်း၌လည်းကောင်း၊ ချင်းပြည်နယ်၏ စစ်ရေး၊ အုပ်ချုပ်ရေး၊ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း အရ အရေးပါခဲ့သည့် တာရွှန်းကျေးရွာ၏ လက်ရှိ ပြဿနာမှာ ရွာကို ထိန်းသိမ်း စောင့်ရှောက်မည့်သူ တစထက်တစ နည်းပါးလာနေခြင်း ဖြစ်သည်။
ယခင်က ဘိုသို၊ ဖန်ဖိုး၊ ခွါထာရ်း၊ လိုင်ကိုး၊ လျှပ်နှင့် လုံးအုံစသည့် ရပ်ကွက်ကြီး ၆ ခု ရှိပြီး လူဦး ရေ ၃၀ဝ၀ ကျော် အခြေချ နေထိုင်ခဲ့ကြသော တာရွှန်းရွာ၌ လက်ရှိအချိန်တွင် အိမ်ခြေ ၁၀၈ အိမ်သာ ကျန်ရှိတော့သည်။
ထိုကျန်ရှိသည့် အိမ်ခြေ ၁၀ဝ ကျော်အနက် ၅၀ ခန့်မှာ အိမ်ပိုင်ရှင် သခင်များ မရှိတော့သည့် နေအိမ် အလွတ်များသာ ဖြစ်သည်။
“အိမ်ခြေ ၁၀၈ အိမ်မှာ လူမနေတာက အိမ်ခြေ ၅၀ လောက်ရှိတယ်။ ကျန်တဲ့ အိမ် ၅၀ ကျော်လောက်ပဲ လူရှိတာ။ ဒါတောင် အဘိုးအဘွားတွေနဲ့ ကလေးငယ်တွေပဲ နေကြတာ” ဟု တာရွှန်းရွာ ရိုမန်ကက်သလစ် အသင်းတော်၏ သင်းအုပ်ဆရာ ပါးသောင်း (Pa Thawng) က ဧရာဝတီကို ပြောသည်။
ရွာ၏လက်ရှိ လူဦးရေမှာ ၁၈၀ ဦး ဖြစ်ကြောင်း တာရွှန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။
ကျေးရွာကို စွန့်ခွာသွားကြသည့် တာရွှန်းသား အများစုမှာ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ အမေရိကန်၊ ကနေဒါ၊ နော်ဝေ၊ ဒိန်းမတ်၊ ဩစတြေးလျ စသည့် ပြည်ပနိုင်ငံများတွင် အခြေချ အလုပ်လုပ်နေ ကြကြောင်း သိရသည်။
ဘဝလုံခြုံမှု မရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု မရှိသလောက် နည်းပါးခြင်း တို့ကြောင့် ထောင်နှင့်ချီသော တာရွှန်း မျိုးနွယ်စုများမှာ ၎င်းတို့ မွေးဖွား ကြီးပြင်းရာ တာရွှန်းရွာကို စွန့်ခွာခဲ့ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ရွာတွေမှာက စီးပွားရေး လုပ်စရာမှ မရှိတာ။ တောင်ယာစိုက်တဲ့ ဝင်ငွေနဲ့ ကလေးတွေ ဘယ်လို လုပ် ကျောင်းထား မလဲ။ မိသားစု စားဖို့တောင် မလောက်ငဘူး။ အဲဒီတော့ ပြည်ပထွက် အလုပ်လုပ်တဲ့ သားသမီးတွေ၊ ဆွေမျိုးတွေက ပို့တဲ့ ငွေကိုပဲ အဓိက မှီခို စားသောက်ကြရတာပေါ့” ဟု ဖလမ်းမြို့ခံ ကိုအားလျံက ပြောသည်။
ရွာကို စွန့်ခွာ ပြောင်းရွှေ့သူများထဲတွင် ဗိုလ်ကြွန်ဘိခ်၏ သားသမီး၊ မြေးမြစ်များလည်း ပါဝင်ခဲ့သည့် အတွက် တာရွှန်းတို့၏ ဂုဏ်ယူဖွယ် ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်နေအိမ်မှာ ပျက်စီးယိုယွင်းမှုများ ရှိခဲ့ပြီး အနီးကပ် ထိန်းသိမ်း စောင့်ရှောက်မည့်သူ လိုအပ်နေကြောင်း သိရသည်။
“အိမ်က ဆောက်တာ ကြာပြီဆိုတော့ ယိုယွင်းတာတွေ ရှိတယ်။ လက်ရှိတော့ ခေါင်မိုးတွေ ပြန်ပြင်တယ်။ ဆေးသုတ်တယ်။ အိမ်ရှေ့ကနေ အိမ်ပေါ် တက်လို့ ရအောင် လုပ်ထားတယ်။ အိမ်မှာ လူစောင့်တော့ မထား နိုင်သေးဘူး။ ရွာကလူတွေပဲ စောင့်ရှောက်ထားတယ်” ဟု ဖလမ်းမြို့၌ နေထိုင်သည့် ဗိုလ်ကြွန်ဘိခ်၏ မြစ်ဖြစ်သူ ဦးအုပ်ဇထန်းက ဧရာဝတီကို ပြောသည်။
နယ်ချဲ့တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်၏ အသုံးအဆောင် ပစ္စည်းများနှင့် စာအုပ် စာတမ်းများကို တာရွှန်းရွာရှိ နေအိမ်၌ ပြတိုက် ပြုလုပ်၍ ခင်းကျင်းပြသသွားရန် စိတ်ကူး ထားသော်လည်း ငွေကြေးအခက် အခဲများကြောင့် အကောင်အထည် ပေါ်ရန် ခက်ခဲနေသည်ဟု ဦးအုပ်ဇထန်းက ဆိုသည်။
“အဓိကတော့ ငွေရေးကြေးရေး အခက်အခဲပေါ့။ ပြတိုက်လုပ်မယ် ဆိုရင်တော့ အိမ်ကို အသစ် ပြန်ဆောက် ရမယ်လေ။ သစ်တွေတော့ စုထားပါပြီ။ ဒါပေမယ့် ကုန်ကျစရိတ်က များနေတော့ မလုပ်နိုင် သေးဘူး။ အစိုးရဆီမှာ အကူအညီတောင်းတာမျိုးတော့ မလုပ်ဖြစ်ပါဘူး။ လာကူညီရင်တော့ လက်ခံမယ်။ သီးသန့်ကြီး အကူအညီတော့ မတောင်းချင်ဘူး” ဟု သူက ပြောသည်။
လက်ရှိတွင် ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် တာရွှန်းကျေးရွာနှင့် ဖလမ်းမြို့အထိ လမ်းချဲ့ခြင်းများ လုပ်ဆောင်နေပြီး ကျောက်ခင်းလမ်း အဖြစ် ပြီးစီး သွားပြီ ဖြစ်ပြီး ကားလမ်းကို ဗိုလ်ကြွန်ဘိခ် နေအိမ်ရှေ့ အထိ ဖောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ကျေးရွာ အနေဖြင့် စာသင်ကျောင်း၊ ကျေးလက် ကျန်းမာရေး ဌာနခွဲ၊ လျှပ်စစ်မီးနှင့် ကားလမ်း စသဖြင့် အခြေခံ လူနေမှု အဆောက်အဦးများ တိုးတက်လာ နေသော်လည်း အသက်မွေးမှု အလုပ်အကိုင်များ မရှိသမျှကာလ ပတ်လုံး ကျေးရွာမှလူငယ်များမှာ သမိုင်းဝင် တာရွှန်းရွာကို စွန့်ခွာ၍ ပြည်ပသို့ ထွက်ခွာနေဦးမည်သာ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
အသက် ၉၀ ရှိပြီ ဖြစ်သည့် တာရွှန်းရွာသူ ဒေါ်သိုင်ထွဲကမူ တချိန်က ဩဇာအာဏာ ကြီးမားခဲ့သည့် ကျေးရွာနှင့် ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်၏ ဂူဗိမာန်တို့ကို သေသည်အထိ စောင့်ရှောက်သွားဖို့ ဆုံးဖြတ်ထားကြောင်း ပြောပြသည်။
“အရင်တုန်းက ဩဇာအာဏာ ကြီးမားခဲ့တဲ့ ကျမတို့ရွာကို ဒီအတိုင်းပစ်ထားခဲ့လို့ မရဘူးလေ။ သေသည်အထိ ဒီရွာမှာပဲနေရင်း စောင့်ရှောက်သွားမှာပါ”ဟု ဒေါ်သိုင်ထွဲက ပြောသည်။ ။