ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတခရိုင်နှင့်မြောင်းမြခရိုင်ရှိ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များကို အပြောင်း အလဲများ ပြုလုပ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပချိန်ကအမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၄ အဖြစ် ဟင်္သာတနှင့်ဇလွန်၊ အမှတ် ၅ အဖြစ် အင်္ဂပူနှင့် လေးမျက်နှာ၊ အမှတ် ၆ အဖြစ် ကြံခင်းနှင့် မြန်အောင် မြို့နယ်များကို သတ်မှတ်ထားခဲ့သော် လည်း ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဟင်္သာတ၊ ဇလွန်နှင့်လေးမျက်နှာစသည့် မြို့နယ် ၃ ခုကို မဲဆန္ဒနယ် အမှတ် ၄ အဖြစ်လည်းကောင်း၊ အင်္ဂပူ၊ ကြံခင်းနှင့် မြန်အောင်မြို့နယ် ၃ ခုကို မဲဆန္ဒနယ် အမှတ် ၅ အဖြစ် လည်းကောင်း ပြောင်းလဲသတ်မှတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ စသည့် မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်အားလုံးကိုအမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆အဖြစ် ယခင်ကသတ်မှတ်ခဲ့သော်လည်း ယခုအခါ မြောင်းမြမြို့နယ်ကို မဲဆန္ဒနယ် အမှတ် ၆ အဖြစ်လည်းကောင်း ၊ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်များကိုမဲဆန္ဒနယ်အမှတ် ၇ အဖြစ်လည်းကောင်းပြောင်းလဲသတ်မှတ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဧရာဝတီတိုင်းကော်မရှင်ထံသို့ ညွှန်ကြားထားကြောင်း သိရသည်။
“ကျနော်တို့က ၂၀၁၀ ကအတိုင်းပဲ လုပ်ဖို့ တင်ပြတယ်။ သို့သော် UEC (ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်) က ဒီလိုသတ်မှတ်ဖို့ ဆုံးဖြတ်တာပေါ့။ ကျနော်တို့ကိုလည်း ဒီလိုလုပ်ဆိုပြီးညွှန်ကြားထားပြီးပြီ။ သူတို့က ဒီအတိုင်း ကြေညာ လိုက်ဆို ကျနော်တို့က ကြေညာရမှာ”ဟု ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များကို ယခုအတိုင်းထုတ်ပြန်ကြေညာပါက မြောင်းမြမြို့နယ်မှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အဖြစ် သတ်မှတ်ခံရသည့် ဧရာဝတီတိုင်း၏ တခုတည်းသော မြို့နယ်အဖြစ် မှတ်တမ်း ဝင်မည် ဖြစ်သည်။
အမျိုးသားလွှတ်တော်အတွက် ပြည်နယ်နှင့်တိုင်းတခုလျှင် မဲဆန္ဒနယ် ၁၂ ခုသတ်မှတ်၍ ကိုယ်စားလှယ် ၁၂ ဦးရွေးချယ် တင်မြှောက်ရန် သတ်မှတ်ထားသည်။ ဧရာဝတီတိုင်းတွင် မဲဆန္ဒနယ် အမှတ် ၁ အဖြစ် ပုသိမ်နှင့် ငပုတော၊ အမှတ် ၂ အဖြစ် ကန်ကြီးထောင့်၊ ကျောင်းကုန်းနှင့် သာပေါင်း၊ အမှတ် ၃ အဖြစ် ကျုံပျော်နှင့် ရေကြည်မြို့နယ်များကို သတ်မှတ် ထားသည်။
မဲဆန္ဒနယ်အမှတ် ၈အဖြစ် မအူပင်နှင့် ညောင်တုန်း၊ အမှတ် ၉ အဖြစ် ဓနုဖြူနှင့်ပန်းတနော်၊ အမှတ် ၁၀ အဖြစ် ဖျာပုံနှင့် ဒေးဒရဲ၊ အမှတ် ၁၁ အဖြစ် ကျိုက်လတ်နှင့်ဘိုကလေး၊ အမှတ် ၁၂ အဖြစ် လပွတ္တာနှင့်မော်လမြိုင်ကျွန်းမြို့နယ်များကို သတ်မှတ်ထားသည်။ ၂၀၁၀ အထွေထွေးရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ်များအားလုံး၌ ကြံ့ခိုင်ရေးပါတီက အနိုင် ရရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆.၁ သန်းကျော်ရှိပြီး တိုင်းကော်မရှင်က ကောက်ယူထားသည့် ရှေ့ပြေးစာရင်းများ အရ အသက် ၁၈ နှစ်အထက် မဲပေးနိုင်သူဦးရေ ၄ သန်းကျော် ရှိကြောင်းသိရသည်။