အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အကြား တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောစာချုပ် လက်မှတ် ရေးထိုးနိုင်ရန်တံခါးပွင့်သွားပြီဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်း က ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ပြုလုပ်သော UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲဒုတိယနေ့အပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်း က သတင်းထောက်များကို ရှင်းလင်းပြောဆိုသွားခြင်းဖြစ်သည်။
“ဒီနေ့ဆွေးနွေးပွဲကအောင်မြင်တယ်။ NCA လက်မှတ်ရေးထိုးဖို့အတွက် တံခါးတချပ်ဖွင့်လှစ်နိုင်ပြီပေါ့။ ဘာလို့လည်းဆိုတော့ NCA ထိုးဖို့ ကျနော်တို့က ဆုံးဖြတ်ထားတယ်” ဟု ဦးအောင်မင်းက ရှင်းလင်းပြောဆိုသည်။
NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC )တို့အကြား ယခုလ တတိယပတ်တွင် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးကြရန် ရာထားကြောင်းပြောသည်။
ထို့အပြင် တိုင်းရင်းသားများဘက်မှ တောင်းဆိုထားသည့် လော်ခီးလာ ပြင်ဆင်ချက် ၁၂ ချက်ကိုမပြင်ဆင်ဘဲ ယခင်ဆွေးနွေး ထားသည့် မူကြမ်းအတိုင်းသွားလိုကြောင်း ဝန်ကြီးဦးအောင်မင်းက ယမန်နေ့က ပြောဆိုခဲ့သော်လည်း ယနေ့ဆွေးနွေးပွဲအပြီးတွင် အဆိုပါ ၁၂ ချက်ကို ဆက်လက်ဆွေးနွေးသွားမည်ဟု ဆုံးဖြတ်ကြောင်း ဝန်ကြီး က ပြောဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ (SD) ကလည်း ယနေ့ဆွေးနွေးပွဲသည် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အပြုသဘောဆောင်ပြီး အောင်မြင်သည့် ဆွေးနွေးပွဲဟု ပြောဆိုနိုင်ကြောင်း (SD) အဖွဲ့၏ အဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးကလည်း အစည်းအဝေး အပြီးတွင် သတင်းထောက်များကိုပြောသည်။
လော်ခီးလာ ထိပ်သီးအစည်းအဝေးမှ ပြင်ဆင်၊ ဖြည့်စွက်ချက် ၁၂ ချက်နှင့် ပတ်သက်၍ ပူးဇင်ကျုံး က “ပြန်ပြီးတော့ ဆွေးနွေး ပြီးတော့မှ ကျနော်တို့ Tex ထဲကိုထည့်ဖို့က သိပ်ပြီးတော့မှ မရှိသလောက်ဖြစ်ပါတယ်။ တခုနှစ်ခုကလွဲလို့ပေါ့လေ။ ဒီတော့ ကျနော်တို့ ဒါတွေအားလုံးဟာ နောက်တကြိမ်ကြိုတင်ညှိနှိုင်းအစည်းအဝေးလုပ်ပြီးတော့မှညှိနှိုင်းလို့ ရမယ့်အနေအထားမျိုး ရှိတယ်လို့ ကျနော်ပြောလိုပါတယ်” ဟု သတင်းထောက်များကိုပြောသည်။
လော်ခီးလာ ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်အရ NCA လက်မှတ်ထိုးရာ၌ အားလုံးပါဝင်ရေးတွင် တပ်မတော်နှင့် တိုက် ပွဲဖြစ်နေသည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ရက္ခိုင့် တပ်မတော်(AA)နှင့် ကိုးကန့်အဖွဲ့ (MNDAA) တို့ ပါဝင်ပြီး ၎င်းတို့ကိုလည်း တပြိုင်တည်း လက်မှတ်ထိုးနိုင်ရေးတွင်ပါဝင်ရန် လော်ခီးလာ ဆုံးဖြတ်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လာမည့်ဆွေးနွေးပွဲတွင် အဆိုပါသုံးဖွဲ့အရေးကိုလည်း အစိုးရနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း SD ဘက်ကပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် NCA ကို အမြန်ဆုံး လက်မှတ်ထိုးနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သဘောတူခဲ့ကြောင်း ပူးဇင်ကျုံးက သတင်းထောက်များကို ပြောသည်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) မူကြမ်းတွင် တပ်မတော်ဘက်က ပြင်ဆင်ခြင်းမပြုလိုသည့် “ဥပဒေနှင့်အညီ” နှင့် တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်သော “လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ” ဆိုသည့်အချက်များကို ပြင်ဆင်လိုခြင်းမရှိကြောင်းသိရသည်။
လော်ခီးလာ ထိပ်သီးအစည်းအဝေး ပြင်ဆင်လိုက်သည့်အထဲတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက “ဥပဒေနှင့်အညီ” ဆိုသည့်အသုံးအနှုန်းကို ဖြုတ်သိမ်းပြီး “လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိစ္စရပ်များ” အစား လုံခြုံရေးဆိုင်ကိစ္စရပ်များ ဟုပြောင်းပြင်ဆင်ထားသည်။
အဆိုပါကိစ္စရပ်များအပါအဝင် လော်ခီးလာ ပြင်ဆင်၊ ဖြည့်စွက်ချက် ၁၂ ချက်ကို လာမည့်ဆွေးနွေးများတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု UPWC နှင့် SD တို့က ညှိနှိုင်းဆွေးနွေး အဖြေရှာသွားမည်ဟုဆိုသည်။
“ကျနော်တို့ နှစ်ဖက်တွေ့ဆုံကြတယ်ဆိုတာ ညှိနှိုင်းဖို့ လုပ်ကြဖို့ပါပဲ။ တဖက်ကလည်း သူတို့ကိုင်ထားတဲ့ မူဝါဒရှိသလို တဖက်ကလည်း ကိုင်ထားတဲ့ ဆုံးဖြတ်ချက်တွေရှိတာပေါ့လေ။ ဒီနှစ်ခုကို ကျနော်တို့ ညှိနှိုင်းဖို့လိုပါတယ်။ ညှှိုနှိုင်းပြီးမှ အကောင်းဆုံး ကျနော်တို့ တိုင်းပြည်၊ နိုင်ငံတော်အကျိုး၊ ပြည်သူ၊ ပြည်သားတွေရဲ့အရေးကို ရှေးရှုပြီးတော့မှ ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။ အကောင်းဆုံးအဖြေရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပူးဇင်ကျုံးက ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့တို့ ဆွေးနွေးပွဲကို ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။