ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ယခုရက်ပိုင်း မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ရာနှင့်ချီကာ ရေလွှမ်းမိုးမှု ခံနေရသည်ဟု သိရသည်။
မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဥရုချောင်း ရေလျှံလာသဖြင့် ဖားကန့် မြို့တွင်းရှိ ရပ်ကွက်တချို့ ရေလွှမ်းမိုးမှု ကြုံနေ ရကြောင်း၊ ခန့်မှန်းခြေ အိမ်ခြေ ၂၀၀ ကျော်ခန့် ရေလွှမ်းနေကြောင်းနှင့် ကျောက်တူးဖော်သည့် ကုမ္ပဏီများ၏ မြေစာများ၊ အမှိုက်များ၊ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်နေကြောင်း ကိုလည်း ဖားကန့်မြို့ လူမှု အဖွဲ့အစည်းမှ ဦးမရန်ဂျာလက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရေလွှမ်းမိုးမှုခံနေရသည့် ရပ်ကွက်များမှာ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနှင့် မရှီကထောင်တို့ ဖြစ်ကြောင်း သိရသည်။
“ဒီလို ရေလွှမ်းမိုးမှုကတော့ နှစ်တိုင်းကြုံနေရတဲ့ ပြဿနာပါ။ ကုမ္ပဏီတွေက စည်းကမ်းမဲ့ ကျောက်တူးတာတွေ၊ တောင်တွေဖြိုတာတွေ လုပ်လို့ ဒီလိုဖြစ်တာပါ။ နှစ်ထပ်အိမ်ဆိုရင် အောက်ထပ် တထပ်က ရေတွေလွှမ်းသွားတယ်။ လမ်းတွေဆိုရင် လှေတွေနဲ့ သွားနေရတယ်” ဟု ဦးမရန်ဂျာလက ဆိုသည်။
ရေလွှမ်းမိုးခံရသည့် နေအိမ်များရွှေ့ပြောင်းမှုကို လူမှု အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး ပိုင်းက တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း၊ ဒေသခံများ၏ စားဝတ်နေရေးကို ဒေသခံများက ကိုယ်ထူကိုယ်ထ ဝေငှ ပေးနေ ကြကြောင်း၊ အဆိုပါ ရေလွှမ်းမိုးမှုသည် တနှစ်ထက်တနှစ် ပိုဆိုးလာကြောင်းကိုလည်း ဖားကန့်ရဲစခန်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။
“ဒီနေ့ကတော့ ၂ ပေလောက် ကျသွားတယ်။ ဒါပေမယ့် ရေနက်တဲ့နေရာကတော့ ၆ ပေအထိ ရှိနေတုန်းပါပဲ။ ရေကျတာနဲ့ ကျနော်တို့ အရွှေ့အပြောင်း လုပ်ပေးဖို့ စီစဉ်နေပါတယ်” ဟု သူက ထပ်မံပြောသည်။
မြန်မာနိုင်ငံတဝန်း မုတ်သုံလေအားကောင်းပြီး မိုးများ ဆက်တိုက် ရွာသွန်းနေခြင်းကြောင့် ဇွန်လ ပိုင်းကလည်း ရခိုင် ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီ အပျက်အစီး များစွာဖြစ်ခဲ့ကာ လူ ၇ ဦး သေဆုံးခဲ့သည်။
ထိုနည်းတူ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့တွင် ဇွန်လ ၂၄ ရက်နေ့က တောင်ကျရေကြောင့် မြို့ပေါ် ရပ်ကွက် ၄ ခုတွင် ရေကြီးမှု ဖြစ်ပွား ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့က ရေဘေးကယ်ဆယ်ရေး စခန်း ၄ ခု ဖွင့်လှစ်ခဲ့ရပြီး တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ကမ်းရိုးတန်းဒေသများတွင် ရေလွှမ်းမိုးမှုနှင့် လေပြင်းတိုက်ခတ်မှု ရင်ဆိုင်ခဲ့ရကာ ရွာနှစ်ရွာခန့် ရေဘေး သင့်ခဲ့ကြောင်းလည်း သိရသည်။