ရက္ခိုင့် တပ်မတော်(AA)နှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ ၁၇(၂) တို့ဖြင့် အဖမ်း ခံ ထားရသူ ရခိုင် တိုင်းရင်းသား ၁၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ကျောက်တော် မြို့နယ် ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။
မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ၊ (၂) ဖြင့် ဖမ်းဆီးခံထားရသည့် ရခိုင်တိုင်းရင်းသားစုစုပေါင်း ၃၂ ဦး ရှိပြီး အဖမ်း ခံရ သူများသည် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီး တောင်၊ ရသေ့တောင်၊ မင်းပြားနှင့် ကျောက်ဖြူ မြို့ နယ် စသည့် မြို့နယ်ပေါင်းစုံမှဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူများအနက်မှ ၁၆ ဦး ကို ပြန်လွှတ်ပေးလိုက်ပြီး ကျန် ၁၆ ဦး ကိုမူ တရားရုံးတွင် ဆက်လက် စစ်ဆေး နေဆဲဖြစ်ကြောင်း၊ ဆက်လက် စစ်ဆေးရန် ကျန်ရှိနေသည့် မတရားအသင်း ဆက်သွယ် မှု ပုဒ်မများဖြင့် တရားစွဲခံ ထားရသူ ၁၆ဦး ကို ဇူလိုင် ၉ ရက်နေ့တွင် ကျောက်တော်မြို့နယ် တရားရုံး၌ စစ်ဆေး ရန် ရုံးချိန်း ချိန်းဆိုထားကြောင်း သိရှိ ရသည်။
ကျောက်တော် မြို့နယ်မှူး ရဲမှူးခင်မောင်က“၁၆ဦး ကျန်ပါသေးတယ်။ သူတို့ကို မြို့နယ်တရားရုံးမှာ ဆက်လက် စစ်ဆေး နေပါတယ်။ ၈ ယောက်ကို ဒီလ ၂ ရက်နေ့က လွှတ်လိုက်တာ။ ၈ ယောက်ကိုတော့ ဒီအစောပိုင်း ကတည်းက လွှတ်ပေး လိုက်တာပါ”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် ဖမ်းဆီးမှုများအတွက် ဒေသခံ ရခိုင်တိုင်းရင်းသားများအကြား စိုးရိမ်ကြောက်လန့်မှုများ ရှိနေကြောင်း ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောဆိုသည်။
“ဖမ်းဆီးခံရတဲ့သူတွေထဲ တချို့တော့ ပြန်လွတ်လာပါပြီ။ ကျန်နေ တာတွေလည်း ရှိနေပါသေးတယ်။ ဒေသခံ ရခိုင်တိုင်း ရင်း သား တွေကတော့ ဖမ်းဆီးမှုတွေအပေါ် စိုးရိမ်နေရ တုန်းပါပဲ”ဟု ဦးခိုင်ပြည်စိုးက ရှင်းပြသည်။
ကျောက်တော်မြို့နယ်အတွင်း မြန်မာ့ တပ်မတော်နှင့် ရက္ခိုင့် တပ်မတော်(AA)တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ ရာတွင် ဒေသခံ ပြည်သူများအား AA နှင့် ဆက်နွယ်သည်ဟုဆိုကာ စစ်ဘက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့နှင့် နယ်မြေခံ တပ်ရင်းတို့မှ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ကာ ဒေသခံ ရဲတပ်ဖွဲ့က အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။