ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီး(လမ်းသစ် လမ်း)ပေါ်တွင် ဇူလိုင်၂ ရက်နေ့က စတင်ခဲ့သည့် တပ်မတော် နှင့် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်(DKBA) တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမှုကို ရပ်တန့်နိုင်ရန် နှစ်ဖက် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြဝတီ-ကော့ကရိတ် လမ်းမပေါ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်နိုင်ရေး အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ် ကိုယ်စားလှယ် များနှင့် DKBA တို့ ထိပ်တိုက် ညှိနှိုင်း ဆွေးနွေးနိုင်ရန် ဇူလိုင်လ ၇ ရက်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်ထောင်စု ခန်းမ တွင် တွေ့ဆုံသွားမည်ဟု DKBA မှ ဗိုလ်မှူးကြီး စောမောင်လေးက ဧရာဝတီသို့ ပြောသည်။
၎င်းက“ဖိတ်စာထဲမှာတော့ တပ်က ကိုယ်စားလှယ်တွေ ပါတယ်။ လာမလာတော့ မပြောတတ်သေးဘူး။ DKBA ဘက်ကတော့ ပြေ လည်အောင် ညှိချင်တယ်။ တပ်ဘက်က ဘာလိုချင်လဲ၊ DKBA ဘက်က ဘာလိုချင်သလဲပေါ့။ အခုက အောက်ခြေပိုင်းဖြစ်တော့ ညှိလိုက်ရင် အဆင်ပြေသွားမှာပါ”ဟုလည်း ပြောဆိုသည်။
လက်ရှိ အချိန်တွင် ကော့ကရိတ်မြို့အနီးရှိ ကလို့ထူးဝါး ကွပ်ကဲရေးဂိတ်(ကောင်းမှုဂိတ်)အနီး၌ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ် ၁၁ နာရီ ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု DKBA က ပြောသည်။
ထို့အပြင် ယနေ့ နေ့လယ် ၂ နာရီခွဲမှ စ၍ မြဝတီနှင့် ကော့ကရိတ်မြို့ကြားရှိ အာရှ လမ်းမကြီး(လမ်းသစ်လမ်း) အနီး ရေတံခွန် နေရာ၊ အောက်ဗိုလ်တဲ စခန်း၊ တောင်သုံးလုံး စခန်းနှင့် တောင်ပြစခန်းတို့တွင် တပ်မတော်နှင့် DKBA တို့ကြား တိုက်ပွဲဖြစ်ပွားနေ သည်ဟု DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက ပြောသည်။
တိုက်ပွဲများကြောင့် နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး အရပ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃ ရက်ကလည်း DKBA တပ်ကြပ်ကြီး သန်းအောင်ဆိုသူအား မေးစရာ ကိစ္စရှိသည်ဟု ဆိုပြီး မြဝတီ ရဲစခန်းက လာရောက် ခေါ်ဆောင်သွားခဲ့ရာ ယနေ့အထိ အဆက်အသွယ် မရသေးကြောင်း DKBA ကော့ကရိတ် တာဝန်ခံ ဗိုလ်မှူး စောသရဲနီ က ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ဘားအံမြို့တွင် ကျင်းပမည့် ဆွေးနွေးပွဲ၌ တပ်ကြပ်ကြီး သန်းအောင် ဖမ်းဆီးခံထားရမှုကိုလည်း ထည့်သွင်း ဆွေးနွေးသွားမည်ဟု သိရသည်။
ဘားအံ ဆွေးနွေးပွဲကို ကရင် အမျိုးသား အစည်းအရုံး(KNU)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA –PC)နှင့် DKBA တို့မှ ခရီးသွား ကားများကို ဂိတ်ကြေး ကောက်နေသည့် ကိစ္စ ဆွေးနွေးရန် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ၂၀၁၅ ခုနှစ် ဇွန် လ ကပင် စီစဉ်ထားသည့် ဆွေးနွေးပွဲ ဖြစ်သည်။
ဘားအံ ဆွေးနွေးပွဲသို့ DKBA ဘက်မှ ဗိုလ်မှူးကြီး စောမောင်လေး၊ ဗိုလ်မှူး စောသရဲနီ၊ KNU မှ ဗိုလ်မှူးကြီး စောဖောဒိုနှင့် ကရင့် လက်နက်ကိုင် သုံးဖွဲ့ ပြန်လည် ပေါင်းစည်းရေး ကော်မတီမှ အဖွဲ့ ဝင်များလည်း တက်ရောက် ဆွေးနွေးမည်ဟု သိရသည်။
ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားရခြင်းသည် DKBA ၏ လုံခြုံရေး စစ်စခန်းများကို တပ်မတော်ဘက်မှ ဖယ်ရှားခိုင်း ခြင်း၊ အာရှ လမ်းမကြီး တွင် ဂိတ်ကြေး ကောက်နေသည့် ကရင်လက်နက်ကိုင် အဖွဲ့များ၏ ဂိတ်များကို ဖယ်ရှားခိုင်းခြင်းနှင့် တပ်မတော်ဘက်မှ အကြောင်း မကြားဘဲ လူကြီးလမ်းကြောင်းကားများ ဆင်းလာခြင်းတို့ကြောင့် ဖြစ်ရသည်ဟု DKBA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက ဧရာဝတီ သို့ ပြော သည်။
အာရှလမ်းမကြီးပေါ်တွင် KNU ၊ KNU/KNLA-PC နှင့် DKBA တို့မှ ပူးပေါင်း၍ ကော့ကရိတ်မြို့အထွက်တွင် တဂိတ်၊ သင်္ကန်း ညီနောင် အထွက်တွင် တဂိတ် နေရာချထားပြီး ခရီးသွားကားများ၊ ကုန်တင်ကားများကို ဂိတ်ကြေးများ ကောက်ခံနေသည်ဟု သိရ သည်။
ကော့ကရိတ် မြို့ခံ တဦးက“အရင်ကလိုပဲ အေးအေးချမ်းချမ်း နေချင်တယ်။ မြို့ပေါ်မှာ လွတ်လွတ် လပ်လပ် နေချင်တယ်။ လူထု တွေလည်း တွေ့ကြုံ ရင်းနှီးခွင့်ရတာမျိုး ဒီလိုပဲ နေချင်ပါတယ်။ အခုက တိုက်ပွဲက ပစ်လိုက် ရပ်လိုက် ဆိုတော့ ကျနော်တို့ အနေ မအေးဘူး”ဟု ပြောဆိုသည်။
ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက ကော့ကရိတ်မြို့ရှိ ဘာသာရေး ဆရာများ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးများနှင့် ရပ်မိရပ်ဖများက တိုက်ပွဲ ရပ်တန့်ရေး အစည်းအဝေး ပြုလုပ်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့ တိုက်ပွဲ ရပ်တန့််ရေး မေတ္တာရပ်ခံမှုများ ပြုလုပ် နေ သည်ဟုလည်း သိရသည်။
ထို့ကြောင့် ဇူလိုင်လ ၇ ရက်တွင် ပြုလုပ်မည့် ဘားအံမြို့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ ကရင် ပြည်နယ် ဝန်ကြီးချုပ်နှင့် ကရင်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကို မေးမြန်းရန် ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။