ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် မဲစာရင်းကပ်ရန်အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အသုံး စရိတ် မလုံ လောက်၍ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ထံမှ အလှူခံ၍ အသုံး ပြုနေရ ကြောင်း သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင်က ဧရာဝတီသို့ ပြောဆိုသည်။
သာယာဝတီမြို့နယ်အတွင်း မဲစာရင်း ကြေညာရန်အတွက် မဲစာရင်းကပ်ရမည့် အောက်ခံဘုတ်ပြား ဝယ်ယူရန် မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွင် ငွေကြေး အလုံအလောက်မရှိကြောင်း၊ နိုင်ငံတော်ကလည်း ထောက်ပံ့မှု တစုံတရာ မရှိ၍ သက်ဆိုင်ရာ အာဏာပိုင်များမှာ မိမိ၏ စရိတ်ကို မိမိအသုံးပြု၍ ဆောင်ရွက်နေရကြောင်း ဦးမြင့်လွင်က ဆက်လက် ပြောဆို သည်။
“ကျနော်တို့ မြို့နယ်နဲ့ ရပ်ကျေးတွေအတွက် နိုင်ငံတော်ရဲ့ အထောက်အပံ့ ဆိုတာမရှိဘူး။ ကျနော်တို့အားလုံးက ဝံသာနု ရက္ခိတ စိတ် အမျိုးသားရေးစိတ်ဓာတ်နဲ့အလုပ် လုပ်နေကြတာ ။ အစည်းအဝေးတခုလုပ်မယ်ဆိုရင်တောင် တောကလူတွေ မြစ်ကူး ချောင်းကူးပြီး လာရတာရှိတယ် ။ ဒီအတွက် မြို့နယ်ကလည်း စရိတ်မပေးနိုင်ဘူး ။ ကိုယ့်စရိတ် ကိုယ်စားပြီး လုပ် နေ ရတာ ဆိုတော့ အခက်အခဲအများကြီးရှိတာပေါ့” ဟု ဦးမြင့်လွင်က ရှင်းပြသည်။
သာယာဝတီမြို့နယ်တွင် မဲစာရင်းကပ်ရန် ကြံ့ခိုင်ရေးပါတီထံမှ အောက်ခံ၃ ထပ်သား ဘုတ်ပြား ၁၂၈ ချပ် အလှူခံခဲ့ ရ ကြောင်း၊ ထိုသို့ အလှူခံ၍ လက်ခံရခြင်းကိုလည်း သက်ဆိုင်ရာ မြို့နယ် အထောက်အကူပြု အဖွဲ့များနှင့် တိုင်ပင် လုပ် ဆောင် ရခြင်းဖြစ် ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလှုံ့ဆော်မှုအတွက် သာယာဝတီ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်သို့ ငွေကျပ် တသိန်းသာချထားပေးကြောင်း သာယာဝတီမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ထံမှ သိရှိရသည်။
“ရှေ့ပြေးမဲစာရင်းကပ်ဖို့ဆိုတော့ ရပ်ကျေးတွေ က လည်း ဒီအောက်ခံပြားတွေမဝယ်နိုင် ။ ကြိုးတန်းနဲ့ကပ်ဖို့ဆိုရင်လည်း မိုးနဲ့လေနဲ့ ခံမှာမဟုတ်ဘူး။ ဒါကြောင့် မြို့နယ်အထောက်အကူပြုအဖွဲ့တွေနဲ့တိုင်ပင်ပြီးအလှူခံခဲ့တာ ။ ကျေးရွာအုပ်စု တအုပ်စု အောက်ခံပြား ၂ ချပ်နှုန်း နဲ့ ၆၄ နေရာအတွက် စုစုပေါင်း ၁၂၈ ချပ် လက်ခံရရှိပါတယ်ဟု ပြောကြားသည်။
သာယာဝတီမြို့နယ်အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးဝင်းဇော်ထွန်းက “ဇွန် လ ၁၈ ရက်နေ့မှာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီနဲ့တွေ့တယ်။ အဲဒီမှာ မဲစာရင်းကပ်ဖို့ ဘုတ် ပြားတွေ ဝယ်ဖို့ ပိုက်ဆံမရှိလို့ ကြံခိုင်ရေးပါတီက အလှူခံတာ သုံးထပ်သားဘုတ် ၁၂၀ ရတယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောတယ် ။ ဒါတောင် တိပ်ဖိုး စိုက်ရဦးမယ်လို့ ပြောတယ်။ ကြော်ငြာ လှုံ့ဆော်ဖို့အတွက်လည်း နိုင်ငံတော်က ငွေတသိန်းပဲချပေး တယ် လို့ ကော်မရှင်ဥက္ကဋ္ဌ က ပြောတယ်။ ကော်မရှင်ဆိုတာသီးခြားလွပ်လပ်စွာရှိနေရမှာ ။ အာဏာရပါတီထံက အလှူခံ တယ် ဆို ကတည်း က ဥပဒေကိုချိုးဖောက်နေတာပဲ။ ရွေးကောက်ပွဲ စရိတ်ကိုလုံလောက် အောင်ချပေးဖို့ ကနိုင်ငံတော် ရဲ့တာဝန် ပဲလေ” ဟု ပြောဆိုသည်။
သာယာဝတီမြို့နယ်တွင် မဲစာရင်း မှားယွင်းမှု မြောက်မြားစွာ ဖြစ်ပေါ်နေသည့်အပြင် တချို့ရပ်ကွက်နှင့်ကျေးရွာများတွင် မဲစာရင်း ကပ်ထားသော ရပ်ကွက်ရုံးများကို မဲစာရင်းလာရောက် စစ်ဆေးမှု မပြုလုပ်နိုင်ရန် ပိတ်ထားမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
သာယာဝတီမြို့နယ်တွင် မဲပေးနိုင်သူဦးရေ တသိန်းတထောင်ရှိပြီး လတ်တလော စစ်ဆေးချက်များအရ မဲစာရင်း၏ ၄၀ ရာခိုင်နှုန်းမှာ မှားယွင်းမှုများ ရှိနေကြောင်း၊ မဲစာရင်းတွင် မိသားစုလိုက် မပါဝင်ခြင်း၊ ဒေသခံမဟုတ်သည့် နာမည်များ ပါဝင်နေခြင်း၊ အမည်၊ မှတ်ပုံတင်နှင့် မွေးသက္ကရာဇ်မှားယွင်းခြင်း၊ သေဆုံးသူများ မဲစာရင်းတွင် ပါဝင်ခြင်းများ ဖြစ်ပွားနေ ကြောင်း သာယာဝတီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မူမူက ဧရာဝတီသို့ ပြောဆိုသည်။
“ မဲစာရင်းမှာ လူနာမည်နဲ့ မွေးသက္ကရာဇ်တွေ တအားမှားတယ်။ မဲစာရင်းမှာ မပါတဲ့သူက ၂၀ ရာခိုင်နှုန်း လောက်ရှိတယ်။ အားလုံးပေါင်းမယ်ဆိုရင် မှားယွင်းမှုက ၄၀ ရာခိုင်နှုန်း လောက်ရှိနေတယ်။ ကော်မရှင်ဆီကို စာတင်ထားပေမယ့် ထိရောက် တဲ့ ဖြေရှင်းမှုမျိုးတော့ မရှိသေးဘူး” ဟု ဒေါ်မူမူခင်က ဆိုသည်။
သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင်ကမူ မဲစာရင်းတွင် ၄၀ ရာခိုင်နှုန်း မှားယွင်းနေသည်ဆိုသော ပြောဆိုချက်နှင့်ပတ်သက်၍ ပယ်ချလိုက်ပြီး မဲစာရင်း မှားယွင်းမှုများကိုလည်း တင်ပြလာလျှင် အဆင့်ဆင့် ဆောင်ရွက်ပေး လျက်ရှိသည်ဟု ပြောဆိုသည်။
သို့ရာတွင်သာယာဝတီမြို့နယ်အတွင်း မဲစာရင်း သွားရောက်ကြည့်ရှုရန် ဒေသခံများမှာ အခက်အခဲများစွာ ကြုံတွေ့ရပြီး အဓိက အခက်အခဲမှာ မဲစာရင်း ကပ်ထားသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများကို ၂၄ နာရီ ပိတ်ထားကြောင်း၊ သာယာဝတီမြို့နယ်၊ အနောက်သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသည် ၂၄ နာရီ အမြဲတမ်းပိတ်ထား၍ ဒေသခံများ မဲစာရင်းလာရောက် မကြည့်ရှုနိုင်ကြောင်း၊ တချို့ကျေးရွာများတွင် မဲစာရင်းကို အုပ်ချုပ်ရေးမှူးရုံးတွင် မကပ်ဘဲ သက်ဆိုင် ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင်သာ လာရောက်ကြည့်ရှုရန် ပြောဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်
“ကျနော်တို့ အုပ်ချုပ်ရေးမှုးရုံးကို မဲစာရင်း ကြည့်ဖို့သွား တာ ရုံးကပိတ်ထားတယ် ။ ဒီနေ့မကြည့်ရလို့ နောက်တနေ့ သွားပြန်ကြည့်တော့ လည်းပိတ်ထားတုန်း ။ မဲစာရင်းက လူကြည့်ဖို့ထားရမှာလေ ။ ရုံးထဲမှာသော့ပိတ်ထားတော့ ပြတိုက် ပို့ဖို့ ညလုပ်နေတာလားလို့မေးချင်တယ်။ စေတနာကိုကမမှန်ပါဘူးဗျာ” ဟု သာယာဝတီမြို့နယ်၊ အနောက်သပြေကုန်း ရပ်ကွက် သားတဦးက ပြောဆိုသည်။