အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့အကြား တိုက်ပွဲများနှင့်ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ပြည်ထောင်စုခန်းမ၌ တာဝန်ရှိသူများ ဆွေးနွေးနေစဉ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့ကြား ရှိ DKBA စခန်း ၇ နေရာတွင် တိုက်ပွဲများဖြစ်ပွားကြောင်း သတင်းရရှိသည်။
နံနက် ၈ နာရီ ဝန်းကျင်မှစ၍ ကော့ကရိတ်မြို့အထွက် ကောင်းမှု ဂိတ်၊ ကော့ကရိတ်မရောက်မီ ယာကုတ်စခန်း၊ အာရှလမ်းမကြီး ပေါ်ရှိ ရေတံခွန်နေရာ၊ အောက် ဗိုလ်တဲစခန်း၊ တောင် သုံးလုံးစခန်း၊ တောင်ပြ စခန်း၊ မြိုင်ကြီးငူနှင့် ၇ မိုင်အကွာ(DKBA စစ်ဌာနချုပ် ကို တက်သည့်လမ်း- အရေးကြီးစခန်း)ရှိ မဲသဝေါစခန်း တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက ဧရာဝတီကို ပြောပြသည်။
၎င်းက“ကော့ကရိတ် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ၉၇ တပ်ရင်းကနေ ကျနော်တို့နေတဲ့ ကလို့ထူးဝါး စစ်ဌာနချုပ် ကို ၁၂၀ မမ တွေနဲ့ လာပစ်နေတာ အခုထိပါပဲ၊ စခန်းနားကျတာ အလုံး ၂၀ကျော်နေပြီ”ဟုလည်း ပြောသည်။
DKBA ကလို့ ထူးဝါး စစ်ဌာနချုပ်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု သိရှိရပြီး နေ့လယ်ပိုင်းအထိ တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း သတင်း ရရှိသော်လည်း DKBA ဘက်မှ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ မရှိဟု ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင်ပင် ကော့ကရိတ်မြို့ ချောင်းတောင်အရပ်ရှိ အထက်တန်းကျောင်း တကျောင်း လက်နက်ကြီး ပစ်ခတ်ခံရ၍ ပြိုကျမှု ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။
“ချောင်းတောင် ဘက်မှာ ကျနော်တို့ နေတဲ့နေရာ မဟုတ်ဘူး၊ ကျနော်တို့ စခန်းကလည်း လှမ်းပစ်လို့ မမီဘူး၊ ချောင်းတောင်မှာ ကျတဲ့ လက်နက်ကြီး ကိစ္စတော့ ကျနော်တို့ မသိဘူး၊ ကျနော်တို့လည်း မဟုတ်ဘူးဧဟု DKBA ကော့ကရိတ်စခန်း တာဝန်ခံ ဗိုလ်မှူးတဦး က ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍“မနက်က မုတ်ဝဂိတ်(ကော့ကရိတ် အထွက်ဂိတ်) မှာ ကျနော်တို့ ထိုင်နေတာ၊ ဘားအံမှာ ဆွေးနွေးနေတော့ တိုက်ပွဲ ခတ္တရပ်ထားမယ်ပဲ ထင်တာ၊ သူတို့ဘက်က ၁၂၀ မမ တွေနဲ့ လှမ်းပစ်တယ်၊ ရှေ့ကို တက်လာတယ်၊ ကျနော်တို့လည်း ပြန် ခုခံတာနဲ့ သူတို့ ပြန်ပြေးသွားတယ်၊ အခုထိ ပစ်နေတုန်းပဲ”ဟုလည်း ပြောဆိုသည်။
ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက်ပြီး ကော့ကရိတ်မြို့ ရဲစခန်းနှင့် မြဝတီ မြို့မ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ကော့ကရိတ်မြို့ ရဲစခန်း တာဝန်ရှိသူတဦးက ယနေ့ နံနက်ပိုင်းကတည်းက ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ ၎င်း အနေဖြင့် အသေအချာမသိရှိ၍ ပြောခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။
မြဝတီမြို့ မြို့မရဲစခန်းမှ ရဲအုပ် ကျော်သူမြင့် ဆိုသူကမူ“လုံခြုံရေး အခြေအနေက တပ်က ချထားပါတယ်၊ ကျနော်တို့ မဖြေနိုင်ပါဘူး၊ တပ်ဘက်ကို မေးမှ ရပါမယ်”ဟု ဧရာဝတီကို ပြောသည်။
တပ်မတော်နှင့် DKBA တိုက်ပွဲဖြစ်ပွားနေသည်မှာ ၆ ရက်ခန့် ရှိပြီဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ပြည်ထောင်စုခန်းမ၌ ယင်းတိုက်ပွဲ ဆိုင်ရာများကို နှစ်ဘက် တာဝန်ရှိသူများ ဆွေးနွေးဆဲဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ DKBA မှ ဗိုလ်မှူးကြီး စောမောင်လေး၊ ကော့ကရိတ်တာဝန်ခံ ဗိုလ်မှူး စောသရဲနီနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ဗိုလ်မှူးကြီး စောဖောဒိုတို့ တက်ရောက်ကြောင်း၊ အစိုးရ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှလည်း စစ်ဗျူဟာမှူးများ တက်ရောက်ကြောင်း DKBA ကပြောသည်။
လက်ရှိ DKBA နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေမှုအပေါ် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က“အခု တပ်မတော်နဲ့ DKBA ဖြစ်တဲ့ ပြဿနာက တပ်မတော်အနေနဲ့ ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ဘဏ္ဍာရေးကဏ္ဍနဲ့ စီးပွားရေး ရေသောက်မြစ်တွေကို ဖြတ်တောက်ဖို့ စစ်ဆင်ရေး လုပ်နေတဲ့ သဘောပါ၊ တိုင်းရင်းသား တပ်ဖွဲ့တွေကတော့ တပ်မတော်ရဲ့ စစ်ဆင်ရေး အပေါ် ပြန်တုံ့ပြန်နေကြတာပါ”ဟု သုံးသပ် ပြောဆိုသည်။
အလားတူပင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများသည်လည်း ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ၏ စီးပွားရေး ရေသောက်မြစ်နေရာကို စစ်ဆင်ရေး ပြုလုပ်လိုခြင်းသာ ဖြစ်သည်ဟုလည်း ဦးသန်းစိုးနိုင်က မှတ်ချက်ပြုသည်။
တပ်မတော်နှင့် DKBA မှာ ဇူလိုင်လ ၂ ရက် ၊ မနက်၆ နာရီတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရခြင်းသည် တပ်မတော်မှ လူကြီးလမ်းကြောင်း၌ စစ်ကြောင်းများဖြင့် DKBA ဂိတ်ရှိရာနေရာသို့ အကြောင်းမကြားဘဲ ဆင်းလာခြင်း၊ အာရှလမ်းမကြီးအနီးရှိ DKBA ၏ လုံခြုံရေးဂိတ်များနှင့် အာရှလမ်းမကြီးပေါ်တွင် အခွန်ကောက်နေသည့် DKBA ဂိတ် များကို ဖယ်ရှားရန် ပြောဆိုလာခြင်းတို့ကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု DKBA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက ဧရာဝတီကို ပြောထားသည်။
အသစ်ဖောက်ထားသည့် အာရှလမ်းမကြီးပေါ်တွင် KNU ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)နှင့် DKBA တို့ ပူးပေါင်းပြီး ကော့ကရိတ်မြို့ အဝင်တွင် တဂိတ် ၊ သင်္ကန်းညီနောင်အထွက်တွင် တဂိတ် နေရာယူ၍ ခရီးသွားကားများ၊ ကုန်ကားများကို အခွန် ကောက်ခံလျက် ရှိနေသည်ဟု သိရသည်။