မွန်ပြည်နယ် အခြေစိုက် မွန်တိုင်းရင်းသားနိုင်ငံရေးပါတီ ၃ ခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၊ မွန်အမျိုသား ပါတီနှင့် မွန်အမျိုးသမီး ပါတီတို့သည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရန် စတင်ပြင်ဆင်နေပြီဖြစ်ပြီး မွန်ပြည်နယ်တွင် မဲစာရင်းမှားယွင်းမှု အများအပြားရှိနေ၍ အချိန်မီ မပြင်နိုင်မည်ကို မွန်ပါတီ ၃ ခုလုံးကစိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသမီးပါတီနှင့် မွန်အမျိုးသားပါတီတို့သည် မွန်ပြည်နယ်တွင်သာမက အခြား ပြည်နယ်နှင့်တိုင်းများရှိ မဲဆန္ဒနယ်များတွင်ပါ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ လတ်တလော မွန် ၃ ပါတီအနေဖြင့် မွန်ပြည်နယ်တွင် ယှဉ်ပြိုင်ရာတွင် ညှိနှိုင်းဆောင်ရွက်သွားမည့် အစီအစဉ်မျိုးမရှိသေးကြောင်း မွန်ပါတီ ၃ ခုမှ တာဝန် ရှိသူ များ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိရသည်။
မွန်အမျိုးသမီးပါတီဥက္ကဋ္ဌ မိသန်းရှင်း(ခ) လယိုင်နွန်က “ကျမတို့အဆင်သင့်ပြင်ဆင်ထားပြီးပြီး ယှဉ်ပြိုင်ဖို့အတွက်လည်း အဆင်သင့်ပါပဲ။ ဝင်ပြိုင်ရင်လည်း မဲပုံးထောင်လိုက်ရုံပါပဲ။မွန်ပြည်နယ် ၁၀ မြို့နယ်ထဲမှာ တမြို့နယ်ကို တဦး ကျဝင်ပြိုင်မှာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဘက်မှာ ၃ ဦး၊ ပဲခူးတိုင်းဘက်မှာ၂ ဦး ယှဉ်ပြိင်ဖို့ရှိတယ်။ မွန်ပြည်နယ် အပါအဝင် အားလုံး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကမူ မဲဆန္ဒနယ် ၅၃ ခုတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်း ရေးမှူး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
မွန်အမျိုးသားပါတီကလည်း မဲဆန္ဒနယ် ၆၀ တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာ ရီ တိုင်း၊ ပဲခူး နှင့် ရန်ကုန်တိုင်းရှိ မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ လတ်တလော ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စတင်စိစစ်နေပြီဖြစ်ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး နိုင်လယီတမ က ပြောဆိုသည်။
“ကျနော်တို့က ရပ်ကျေး အထိအဆင့်ဆင့်နဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်ရေးအဖွဲ့ ဖွင့်လှစ်ထားပြီးဖြစ်တယ်။ နောက် တခုက မေလကစပြီးတော့ တလအတွင်း ကိုယ်စားလှယ်လောင်းတွေရဲ့လျှောက်လွှာတွေကို တောင်းထားတယ်။ လျှောက်လွှာတွေအကုန်စုပြီးရင် ဗဟိုစိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်သွားမှာဖြစ်ပါတယ်။ အခုလျှောက်လွှာရောက်တာ ၇၀ ရှိနေပါပြီ။ တနင်္သာရီနဲ့ မြဝတီဘက်က လျှောက်လွှာတွေအကုန်ရောက်လာရင် ၈၀ လောက်ရှိမယ်ထင်ပါတယ်။ အဲဒီထဲ က ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ကျနော်တို့ ၆၀ နေရာ ယှဉ်ပြိုင်သွားမယ် လို့ ရည် ရွယ် ထား ပါတယ်။ မွန်ပြည်နယ်မှာ ရှိတဲ့ ၁၀ မြို့နယ်၊ကရင်ပြည်နယ် ၄ မြို့နယ်၊ တနင်္သာရီ ၂ မြို့နယ်၊ ပဲခူး နဲ့ ရန်ကုန် စတဲ့ နေရာ တွေပါမှာဖြစ်ပါတယ်” ဟု နိုင်လယီတမက ရှင်းပြသည်။
လတ်တလော မွန်ပြည်နယ် အပါအဝင် တနိုင်ငံလုံးရှိ မဲစာရင်းများတွင် အမှားများ ပြည့်နှက်နေသည်အပေါ် အထူးစိုးရိမ် မိပြီး ရွေးကောက်ပွဲတွင် မှန်မှန်ကန်ကန်နှင့် တရားမျှတလွတ်လပ်ရေးအတွက် မှန်ကန်သော မဲစာရင်းများ ရှိရေးသည် အဓိ က ကျကြောင်း မွန် ၃ ပါတီမှ တာဝန်ရှိသူများက ဆိုကြသည်။
“ရွာတွေအားလုံးမှာ ဘယ်ရွာမှာပဲဖြစ်ဖြစ် မဲစာရင်းအမှန်မရှိဘူး လျော့နေတာတွေ၊ကိုယ်ရေးအချက်အလက်မှား နေတာ တွေ၊ သေပြီးသား လူတွေရဲ့နာမည်တွေက ပါနေတယ်။ဘုရားသုံးဆူဘက်က ရွာတစ်ရွာမှာ အိမ်ခြေ ၁၆၀ရှိတာကို အခြေခံ မဲစာရင်းထဲမှာ အယောက် ၃၀ပဲပါနေတာတွေ့ရတယ်။ ဒီလိုမျိုးနေရာတိုင်းမှာမှားနေတာမဖြစ်သင့်ဘူး။ မှားနေတာ သိသိ ကြီးနဲ့ လုပ်နေသလို အဲလိုအဓိပ္ပါယ်ထွက်နေတယ်။နောက်ထပ်ကပ်လာရင်လည်း ကျနော်တို့ ပြန်စိစစ်ဦးမှာပါ” ဟု ဒေါက်တာ မင်းနွယ်စိုးက ရှင်းလင်းပြောဆိုသည်။
လတ်တလော မွန်ပြည်နယ်တွင် မှားယွင်းနေသော မဲစာရင်းများ မှန်ကန်ရေး မွန် ၃ ပါတီလုံးတွင် တာဝန်ရှိပြီး မဲစာရင်း များ မှန်ကန် ရေး ရွေးကောက်ပွဲမတိုင်မီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မဟုတ်လျှင် မွန်ပြည်သူများ၏ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံး မည်ဖြစ်ကြောင်း မွန်အမျိုးသမီးပါတီဥက္ကဋ္ဌ မိသန်းရှင်း(ခ) လယိုင်နွန်က သတိပေးပြောဆိုသည်။
“ကျမတို့မွန်ပါတီအချင်းချင်း ညှိနှိုင်းပြီးပြောဖို့လိုတယ်။ မပြင်လို့မရပါဘူး။ မပြင်ရင်တော့ မွန်တွေ မဲရတော့မှာ မဟုတ် ပါဘူး။ ဒါကတော့ သူ့ဒေသမှာ သူ့အခွင့်အရေးတွေအပြည့်အဝရဖို့ ပြင်ပေးရမှာဖြစ်ပါတယ်။ မှားယွင်းနေတဲ့စားရင်းတွေကို ဥပဒေအရ လည်းပြင်ပေးရမှာလည်းဖြစ်တယ်။ ဘယ်သူမှားတယ်မှန်တယ်ဆိုတာ မပြောလိုပါဘူး။ မွန်လူထု စာရင်းတွေ မှား နေတာကို ပြင်ပေးဖို့ မွန်ပါတီတွေမှာအပြည့်အဝတာဝန်ရှိပါတယ်။ မှားနေတာကို ပြင်လို့မရဘူး မဆွေးနွေးဘူးဆိုရင် ဒီ၃ ပါတီက တရားခံပဲဖြစ်သွားမယ်။ ရွေးကောက်ပွဲ ကော်မရှင်ကို ပြင်ပေးဖို့ပြောကို ပြောရမှာဖြစ်တယ်” ဟု မိသန်းရှင်း(ခ) လယိုင်နွန်က ပြောသည်။