ပြည်ထောင်စုအဆင့် လွှတ်တော် အစည်းအဝေးများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအား လုပ်ပိုင်ခွင့် တိုးပေးနိုင်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဥပဒေ၊ ပုဒ်မတချို့ကို ပြင်ဆင်ရန် လွှတ်တော်အတွင်း အဆိုပြုချက်များနှင့်ပတ်သက်ပြီး တပ်မတော်သား ကိုယ်စားလှယ်များက တောက်လျှောက် ကန့်ကွက်လျက်ရှိကြောင်း တွေ့ရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရာတွင် ပြင်ဆင်ရေး အခန်း ၁၂ ၌ ပါဝင်သည့် ပုဒ်မ ၄၃၆(က)နှင့်(ခ)တို့ကို ပြင်ဆင်နိုင် ရန် လိုအပ်ပြီး ပုဒ်မ ၄၃၆(က)ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင် ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲဖြင့် သာ ပြင်ဆင်ရမည်ဟု ဖော်ပြထားသည်။
၄၃၆(က)သည် တပ် ကိုယ်စားလှယ်များ၏ သဘောမတူညီမှုကြောင့် ပုဒ်မ တခုသာ ပြင်ဆင်နိုင်ခဲ့ပြီး အခြား အရေးကြီးသည့် ပုဒ်မ များကို ပြင်ဆင်နိုင်မှု မရှိပေ။
၄၃၆(ခ)ကို ပြင်ဆင်လိုပါက ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်သည်။
ယခု တိုင်းရင်းသားများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် တိုးမြင့်နိုင်ရေး အတွက် ပုဒ်မ ၄၃၆(ခ)ကို ပြင်ဆင်ရန် လိုအပ်ပြီး ယင်းပုဒ်မနှင့် သက်ဆိုင်သည့် ကိုယ်ပိုင် ပြဌာန်းခွင့်၊ သဘာ၀ သယံဇာတ ခွဲဝေသုံးစွဲခွင့် စသည့် ပုဒ်မများကို ပြင်ဆင်ခြင်း မပြုဘဲ မူလအတိုင်း သာ ထားရှိရန် တပ်မတော်သား ကိုယ်စားလှယ်များက ဆွေးနွေးနေကြသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များက ရွေးကောက် တင်မြှောက်နိုင်ရေး အပါအဝင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သဘာ၀ သယံဇာတ ခွဲဝေသုံးစွဲခွင့် တို့ကို တိုင်းရင်းသားများအား တိုးမြှင့်ပေးရန် အချိန်မတန်သေးဟု ဆိုကာ တပ်မတော်သား ကိုယ်စားလှယ်များက ပြင်ဆင်ရန် သဘောမတူပေ။
ပုဒ်မ ၄၃၆ (ခ)တွင် ပါရှိသည့် ပုဒ်မတချို့ကို ပြင်ဆင်၍ ဗဟို ချုပ်ကိုင်မှု လျှော့ချကာ ဖက်ဒရယ် စနစ်ကို ဦးတည် နိုင်မည် ဖြစ်သော် လည်း တိုင်းရင်းသားများ လိုလား တောင်းဆိုနေသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ရန် အလှမ်းဝေးနေ သေး ကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောဆိုကြသည်။
ပြည်နယ်၊ တိုင်း ဝန်ကြီးချုပ်များ ခန့်အပ်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်ကျော် က “လက်ရှိအချိန်သည် ပြည်တွင်းငြိမ်းချမ်းရေး အတွက် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေဆဲ ကာလ ဖြစ်ကြောင်း၊ လက်မှတ်ထိုးပြီးပါကလည်း နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ဆောင်ရမည်ဖြစ်၍ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ် တော်များမှ မခန့်သင့်ကြောင်း”ဟူ၍ ဇူလိုင်လ ၁ ရက်တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ ကန့်ကွက် ဆွေးနွေးခဲ့သည်။
သက်ဆိုင်ရာ လွှတ်တော်များမှ ခန့်အပ်ပါက တချို့ဒေသ၌ အဖွဲ့အစည်းများ၏ သြဇာလွှမ်းမိုးမှုများ ရှိလာနိုင်ပြီး မမျှတသည့် ရွေးချယ်မှု ဖြစ်လာပါက တိုင်းရင်းသား စည်းလုံးမှုကို ထိခိုက်စေသည်ဟူသော တပ်ကိုယ်စားလှယ်၏ ဆွေးနွေးမှုသည် ဗဟိုချုပ်ကိုင်မှု မလျှော့ချလိုသည့်အတွက် အကြောင်းပြချက်သာ ဖြစ်ကြောင်း အခြားသော ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။
တပ်မတော်သား ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က“တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်တွေအဖြစ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တော့ ပြင်ဆင်သင့်တာ ပြင်ဆင်၊ ပြောင်းလဲသင့်တာ ပြောင်းလဲ၊ ဖြည့်စွက်သင့်တာ ဖြည့်စွက်ရေးတွေ လုပ်ဆောင်ပြီးတော့ သမိုင်းမှတ်တိုင် တခုကို ရဲရဲဝံ့ဝံ့ ယူကြပါလို့ ပြောချင်တယ်”ဟု ထည့်သွင်း ဆွေးနွေးခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့်ပတ်သက်၍ မူလအတိုင်းသာ ထားရန် တပ်မတော် က ပြောဆိုနေခြင်းသည် အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဘဲ စစ်ပွဲများ ပြန်လည်ဖြစ်ပွားနိုင်ပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းဝေး သွားနိုင်ကြောင်း၊ ဖက်ဒရယ် စနစ်ဆိုသည်မှာလည်း စိတ်ကူးယဉ် အိမ်မက်ပမာသာ ဖြစ်နေမည်ဖြစ်ကြောင်း ဆွေးနွေးသည်။
၎င်းက“အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြောင်းအလဲလုပ်ပြီးတော့ ပြည်သူတွေရဲ့ သဘောထားဆန္ဒကို လိုက်လျောပေးပြီး သက်သေ ပြသင့်ပါတယ်”ဟု ဆိုသည်။
၁၉၆၂ ခုနှစ်မှ စစ်တပ်အာဏာသိမ်း အုပ်ချုပ်ခဲ့မှု၊ ၁၉၈၈ အရေးအခင်းအပြီး ထပ်မံ အာဏာသိမ်း၍ နှစ်ပေါင်းများစွာ အုပ်ချုပ် လာခဲ့ မှုများကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအကြား အဆင်းရဲဆုံး စာရင်းဝင်နေခဲ့ပြီး အမျိုးသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူများက ဒီမိုကရေစီကျသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဆန္ဒပြင်းပြစွာ တောင်းဆိုနေကြရခြင်း ဖြစ်ကြောင်းလည်း ဦးမြင့်ဦးက ပြောဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကလည်း ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ်တင်မြှောက်ပါက အဖွဲ့အစည်း တချို့က လွှမ်းမိုးလာနိုင်မည်ဟု မယူဆကြောင်း၊ ဝန်ကြီးချုပ်အား သက်ဆိုင်ရာ လွှတ်တော်များက မခန့်အပ်နိုင် သည့်တိုင် တိုင်းရင်းသား ပါတီများအနေဖြင့် မိမိတို့ဒေသ၌ အများစုနိုင်ပါက မိမိတို့ လွှတ်တော်၌ ဥပဒေ ပြုရေးကို ချုပ်ကိုင်ထားနိုင် မည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
၎င်းက“တကယ်လို့ လွှတ်တော်မှာ အင်အားကောင်းတဲ့ပါတီက အများစုလွှမ်းမိုးထားနိုင်ရင်၊ ပြည်နယ် အစိုးရ အဖွဲ့ရဲ့ တင်ပြချက် အားလုံးကို ကန့်ကွက်မယ်ဆိုရင် အဲဒီအစိုးရ အနေနဲ့ ဘာမှ လုပ်လို့မရတော့ဘူး၊ ဒီလိုဆိုရင် သမ္မတက ပြန်ညှိနှိုင်းရမယ့် အခြေ အနေ ဆိုက်လာမယ်၊ ဒါကြောင့် အများစု အနိုင်ရတဲ့ပါတီကပဲ ဝန်ကြီးချုပ်ကို ခန့်အပ်ရမယ်လို့ ထင်တယ်”ဟု ဆိုသည်။
ဖက်ဒရယ်စနစ်ကို အကောင်အထည်မဖော်နိုင်ပါက ပြည်တွင်းစစ် မရပ်စဲနိုင်ဘဲ ပဋိပက္ခများပိုမိုကြီးထွားလာနိုင်ကြောင်း၊ ထို့အတူ လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားနေပါက တပ်မတော်၏ အကျိုးစီးပွား၊ တိုင်းရင်းသား ဒေသများ၏ အကျိုးစီးပွား၊ နိုင်ငံ၏ အကျိုးစီးပွား စသည်ဖြင့် တတိုင်းပြည်လုံး၏ ဘုံအကျိုးစီးပွားကို ထိခိုက်နိုင်မည်ဖြစ်ကြောင်းလည်း ဦးရဲထွန်းက ဆက်ပြောသည်။
ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာ၀ သယံဇာတခွဲဝေသုံးစွဲခွင့်၊ ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များအား သက်ဆိုင်ရာ လွှတ်တော်များက ရွေးကောက် တင်မြှောက်ရေး ဆိုင်ရာ ပုဒ်မများအား ပြင်ဆင်ပေးခြင်းသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့ အတွက် အထောက်အကူ ဖြစ်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက“တိုင်းရင်းသား အရေးနဲ့ပတ်သက်ပြီးတော့ ပုဒ်မ ၄၃၆ (ခ) မှာပါတဲ့ ပုဒ်မ အားလုံး ကို တပ်ကကန့်ကွက် ဆွေးနွေးထားတဲ့အတွက် တကယ်လို့ မဲခွဲဆုံးဖြတ်ရင်လည်းပဲ ပြောင်းလဲနိုင်စရာ အခြေအနေ လုံးဝမရှိတော့ပါဘူး”ဟု ဆိုသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလည်း ပုဒ်မ ၄၃၆ (ခ) ပါ တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ ပြင်ဆင် ဆောင်ရွက်သင့်သော အချက်များပါသည့် သဝဏ်လွှာကို လွှတ်တော်သို့ ဇူလိုင် ၂ ရက်က ပေးပို့ခဲ့ကြောင်း၊ သို့သော် သမ္မတ၏ သဝဏ်လွှာ၌ တိုင်းရင်း သား ရပိုင်ခွင့်နှင့် ပတ်သက်သည့် အချက်များ အားလုံးကို ဗဟိုက ချုပ်ကိုင်ထားမည့် အကြောင်းအရာများကိုသာ ရေးသားဖော်ပြ ထားသည်ကို တွေ့ရကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီကို ပြောသည်။
ထိုကဲ့သို့ တိုင်းရင်းသားများ၏ ရပိုင်ခွင့်ကို အနည်းငယ် ပြောင်းလဲပေးရေးကိုပင် လိုလားမှုမရှိသည့် တပ်မတော်၏ သဘောထား သည် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုအတွက် အခက်အခဲ အကျပ်အတည်းဘက်ကိုသာ ဦးတည်သွားစေမည် ဖြစ်ကြောင်းလည်း ကိုယ်စားလှယ်များက သုံးသပ် ပြောဆိုကြသည်။ ။