ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် အစိုးရ တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်(DKBA) တို့အကြား တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာ၍ အိမ်နီးချင်း ထိုင်းနိုင်ငံက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသည် ဟု သိရသည်။
ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန် နိုင် စူထားစိုင်ဝါနစ်က မြန်မာနိုင်ငံဘက်က တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် မဲဆောက်မြို့ အစပ်တွင် ထိုင်း စစ်တပ်များကို လုံခြုံရေးချထားပြီး တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာပါက လူသားချင်း စာနာသည့် အကူအညီများပေးရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သတင်းထောက်များကို ပြောဆိုသည်။
ထိုသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည့် BBC သတင်းထောက် ဦးအောင်ကျော်ဦးက“အခြေအနေတွေက ပြင်းထန် လာလို့ နှစ်ဖက်ဒဏ်ရာရတာတွေ ရှိမယ်ဆိုရင် ထိုင်းဘက်က လူသားချင်းစာနာတဲ့ အနေနဲ့ ဆေးဝါးကုသပေးဖို့အတွက် သူတို့အနေနဲ့ ဖွင့်ထားပေးမယ်”ဟု တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန် နိုင်စူထားစိုင်ဝါနစ် ၏ ပြောဆိုမှုကို ပြန်လည်ပြောပြသည်။
အစိုးရ တပ်မတော်နှင့် DKBA တို့ တိုက်ပွဲဖြစ်ပွားရာ နေရာသည် ထိုင်းနယ်စပ်နှင့် အလှမ်းဝေးသဖြင့် နှစ်နိုင်ငံနယ်စပ်တွင် စိုးရိမ်ရ သည့် အနေအထား မရှိသေးကြောင်း၊ သို့သော် တိုက်ပွဲများကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုရပ်ဆိုင်းနေကြောင်း နိုင်စူထားစိုင်ဝါနစ် က ပြောဆိုသည်။
မဲဆောက်-မြဝတီ လမ်းကြောင်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး ထိုလမ်းကြောင်း၏ ကုန်သွယ်ရေး ဝင်ငွေသည် တလလျှင် ပျမ်းမျှဘတ်ငွေ သန်း ၂ ထောင်နှင့် သန်း ၃ ထောင် ခန့်ရှိသည်ဟု မဲဆောက်မြို့ အခြေ စိုက် BBC သတင်းထောက် ဦးအောင်ကျော်ဦးက ပြောသည်။
တိုက်ပွဲများကြောင့် ဒဏ်ရာရရှိလာသူများ ဆေးကုသနိုင်ရေးအတွက် ထိုင်းအစိုးရဘက်က လမ်းဖွင့်ပြီး အကူအညီများ ပေးမည်ဟု ပြောဆိုလာမှုသည် နိုင်ငံတကာ လူသားချင်း စာနာမှုအပေါ် လိုက်နာရာ ပြသကြောင်းနှင့် ထိုင်းဘက်က ထိုသို့ပြောဆိုလာမှုကို ကြိုဆို ကြောင်း DKBA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စောလုံ့လုံ က ပြောဆိုသည်။
“ထိုင်းက ဒီလိုပြောဆိုလာတာ ကောင်းပါတယ်။ အခုဟာက တိုက်ပွဲမှာ စစ်သားတွေတင် မကဘူး။ အရပ်သားတွေပါ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိလာတယ်”ဟုလည်း ဗိုလ်မှူး စောလုံ့လုံက ဧရာဝတီကို ပြောသည်။
အစိုးရ တပ်မတော်နှင့် DKBA တို့အကြား ဇူလိုင် ၃ ရက် တိုက်ပွဲ၌ ဒဏ်ရာရရှိခဲ့သူ တဦးအား မြဝတီမြို့ ဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ခဲ့သည့် DKBA ဆက်ဆံရေးရုံးမှ ရဲဘော်တဦးကို တပ်မတော်ဘက်က ဖမ်းဆီးခဲ့သဖြင့် ဒဏ်ရာရရှိသူများ မြန်မာနိုင်ငံဘက် အခြမ်း၌ ဆေးကုသရေး ပို့ဆောင်ရန် အခက်အခဲ ရှိနေကြောင်း DKBA က ပြောဆိုသည်။
၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပနေချိန်တွင် မြဝတီနှင့် ကော့ကရိတ်မြို့နယ် အတွင်းတွင် DKBA နှင့် တပ်မတော် တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး မြဝတီဒေသခံ သောင်းနှင့်ချီ၍ မဲဆောက်မြို့ကို သွားရောက် စစ်ဘေး ခိုလှုံခဲ့ရကြောင်း မြဝတီမြို့ခံတချို့က ပြောပြသည်။
DKBA နှင့် တပ်မတော်တို့အကြား ဇူလိုင် ၂ ရက်က စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲများ ရပ်တန့်သွားရေးအတွက် DKBA ဘက်က ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ထိုသို့ကြိုးပမ်းမှု မအောင်မြင်လျှင် တိုက်ပွဲများ ပျံ့နှံ့သွားမည်ကို စိုးရိမ်ကြောင်း ဗိုလ်မှူးစောလုံ့လုံက ပြောသည်။
အစိုးရ တပ်မတော်နှင့် DKBA တို့အကြား တိုက်ပွဲများနှင့် ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ပြည်ထောင် စု ခန်းမ၌ တာဝန်ရှိသူများ ဆွေးနွေးနေစဉ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့ကြား ရှိ DKBA စခန်း ၇ နေရာတွင် တိုက်ပွဲများ ဖြစ်ပွားကြောင်း DKBA ထောက်လှမ်းရေးမှူး ဗိုလ်ကြီး စောသရီးထူးက ဧရာဝတီကို ပြောပြသည်။
တိုက်ပွဲဖြစ်ပွားရခြင်းသည် တပ်မတော်မှ လူကြီးလမ်းကြောင်းကို စစ်ကြောင်းများဖြင့် DKBA ဂိတ်ရှိရာ နေရာသို့ အကြောင်းမကြား ဘဲ ဆင်းလာခြင်း၊ အာရှလမ်းမကြီးအနီးရှိ DKBA ၏ လုံခြုံရေးဂိတ်များနှင့် အာရှလမ်းမကြီးပေါ်တွင် အခွန်ကောက်နေသည့် DKBA ဂိတ်များကို ဖယ်ရှားရန် ပြောဆိုလာခြင်းတို့ကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု DKBA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက ဧရာဝတီကို ပြောဆိုထားသည်။