ရန်ကုန် တက္ကသိုလ်ဝင်းထဲရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် ၅၃ နှစ်မြောက် အထိမ်းအမှတ်(7 July) အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)နှင့် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ(တကသ)တို့က ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် သမဂ္ဂ မြက်ခင်းပြင်ရှေ့၌ ဝမ်းနည်းခြင်း အခမ်းအနားများကို သီးခြားစီ ကျင်းပသည်။
ဗကသ က ယနေ့ နံနက် ၈ နာရီတွင် သမဂ္ဂ မြက်ခင်းပြင်၌ လွမ်းသူ့ပန်းခွေချ၍ အခမ်းအနားကို ကျင်းပခဲ့ပြီး တကသ ကမူ နေ့လယ် ၂နာရီ မိနစ် ၂၀ ခန့်တွင် ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံအနီး စံရိပ်ငြိမ်ကားမှတ်တိုင်မှ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်း သို့ လမ်းလျှောက် ချီတက်ပြီး သမဂ္ဂ မြက်ခင်းပြင်တွင် နှင်းဆီပန်းများ ချခဲ့ကြသည်။
ယင်းအခမ်းအနားသို့ တက်ရောက်လာသည့် စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က“စစ်အစိုးရရဲ့ ဗုံးခွဲဖျက်ဆီးခြင်းခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို အသစ် ပြန်ဆောက်ပေးဖို့ တောင်းဆိုပါတယ်”ဟု ပြောကြားသည်။
သမဂ္ဂ အဆောက်အအုံ တည်ရှိခဲ့သည့် မြက်ခင်းပြင်ရှေ့တွင် အခမ်းအနားပြုလုပ်ရန် ကျောင်းသားများနှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ တို့ သဘောတူညီမှု ရရှိထားသော်လည်း တကသ အဖွဲ့ ဝင်များက ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ ဆက်လက်ချီတက်ရန် ကြိုးစားသဖြင့် အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှ ပိတ်ဆို့ တာဆီးမှုများ ပြုလုပ်ခဲ့သည်။
ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက“ကျောင်းသား(တကသ)တွေက ကတိမတည်ခဲ့ဘူး။ ကျနော်တို့ သဘော တူညီခဲ့တာ မြက်ခင်းပြင်မှာပဲ အခမ်းအနားကျင်းပပြီး အေးအေးချမ်းချမ်း ပြီးဆုံးဖို့ပါ”ဟု ပြောဆိုသည်။
ယင်းနောက် တကသ များနှင့် တားဆီးထားသည့် လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတို့ ညှိနှိုင်ဆွေးနွေးရာတွင် ချီတက်ခွင့်ပြုခဲ့သဖြင့် ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ ဆက်လက်ချီတက်၍ အခမ်းအနား ပြီးဆုံးခဲ့သည်။
ကျောင်းသားများ အနေဖြင့် သမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရမှု အခမ်းအနား ကျင်းပရေးအတွက် သက်ဆိုင်ရာထံမှ ခွင့်ပြုချက် တောင်ခံခြင်း မရှိခဲ့ဘဲ အခမ်းအနားတွင် ပါဝင်ခဲ့သည့် တကသအဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ဖြိုးမင်းတို့ အခမ်းအနားမှ အပြန်တွင် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
ကိုဇေယျာလွင်တို့ကို ကားမောင်းပို့ဆောင်ပေးသည့် ကိုစွမ်းကောင်းက“ကျနော်တို့ စီးလာတဲ့ ကားကို အင်းလျားလမ်း မီးပွိုင့်အလွန် ရွှေရှမ်းကန် စားသောက်ဆိုင်ရှေ့အရောက်မှာ ကားနှစ်စီးက ရှေ့နဲ့ နောက်ကို ညှပ်ပိတ်ပြီး ရပ်လိုက်တယ်။ နောက်ပြီး ကားထဲက အရပ်ဝတ် လူတွေ ၁၀ ဦးလောက် ရှိမယ်။ ဆင်းလာပြီး ကားတံခါးကို အတင်းဖွင့် ကားသော့ယူပြီး ကျနော်တို့ကို ရိုက်နှက်တော့ တာ ပဲ။ ကျနော်နဲ့ ကိုစိုးထက်က ကျောင်းသားတွေကို ဖမ်းနေပါတယ်လို့ အော်ပြီး ကားပေါ်က ဆင်းပြေးခဲ့လို့ လွတ်သွားတာ။ သူတို့ကတော့ ကားထဲမှာ ကျန်ခဲ့တဲ့ ဇေယျာလွင်တို့ကိုပဲ ရိုက်နှက်ခေါ်သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကလည်း တကသ ခေါင်းဆောင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူ အပါအဝင် ကျောင်းသားတချို့ လွှတ် တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ရှုံးနိမ့်သွားသည့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက် ဆန္ဒပြခဲ့သဖြင့် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူ အပါအဝင် ငါးဦးကို ပုဒ်မ ၁၈ နှင့် ကျောက်တံတားနှင့် ပန်ပဲတန်းမြို့နယ်များမှ အမှုဖွင့်ထားသည်။
သမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီးခံရမှု ၅၃ နှစ်မြောက် အခမ်းအနားကို မန္တလေးနှင့် ပုသိမ်မြို့များတွင်လည်း ကျောင်းသားများက ဦးဆောင် ကျင်းပကြောင်း သိရသည်။
အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်သည့် စစ်အစိုးရက ၁၉၆၂ ခုနှစ် မတ်လ ၂ရက်နေ့တွင် အာဏာ သိမ်းယူခဲ့ပြီးနောက် ကျောင်သားများနှင့် စစ်အစိုးရတို့အကြား တင်မာမှုများ ရှိလာရာတွင် ဇွန်လ ၁၈ရက်နေ့က ထုတ်ပြန်ခဲ့သည့် အချက် ၂၂ ချက် ပါဝင်သော ကျောင်းဆောင် စည်ကမ်းချက်များအပေါ် ကျောင်းသားများက ကန့်ကွက်ပြီးနောက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။
ကျောင်းသားများက ၁၉၆၂ ခုနှစ် ဇူလိုင်လဆန်းကပင် လှည့်လည် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြပြီး ဇူလိုင်လ ၇ ရက်နေ့ ကျောင်းဝင်းအတွင်း ကျောင်းသားထု အစည်းအဝေးနှင့်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်မှ သေနတ်ဖြင့်ပစ်ခတ်၍ အကြမ်း ဖက်နှိမ်နင်းမှုများပြုလုပ်ခဲ့ပြီး ဇူလိုင် ၈ ရက် နံနက် ၃ နာရီခွဲခန့်တွင် ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရက သမဂ္ဂ အဆောက်အအုံအား ဒိုင်းနမိုက်များ တပ်ဆင်၍ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။
အောင်ထွန်း ရေးသားသည့် မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှုသမိုင်း စာအုပ်တွင် ထိုအကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာ ရရှိသူ ၄၆ ဦး၊ အဖမ်းခံရသူ ၂၁ ဦးနှင့် စာရင်းမပြနိုင်၍ ပျောက်ဆုံးနေသူ ၄၀ ခန့် ရှိကြောင်း ဖော်ပြထားသည်။
အစိုးရက ၁၇ ဦး သေဆုံးကြောင်း တရားဝင် ထုတ်ပြန်ခဲ့သော်လည်း ထိုဖြစ်စဉ်ကို တွေ့ကြုံခဲ့သူများက ၁၀၀ ခန့် သေဆုံးခဲ့သည်ဟု ပြောဆိုကြသည်။
ထို စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး 7 July စိတ်ဓာတ်ကို အခြေခံ၍ ဒီမိုကရေစီ ပညာရေးနှင့် မတရား ဖမ်းဆီးခံ ကျောင်းသားများ၊ တက်ကြွ လှုပ်ရှားသူပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် လူတန်းစားတရပ်လုံးနှင့် လက်တွဲ၍ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဗကသ က ယနေ့ ကြေညာချက် ထုတ်ပြန်သည်။