၂၀၁၅ ခုနှစ် အောက်တိုဘာလအကုန်(သို့မဟုတ်) နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲကာလအတွင်း မဲရုံ လုံခြုံရေး တိုးမြှင့်နိုင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲအထူးရဲ ၂၀၀၀၀ ကျော် ခေါ်ယူမည်ဖြစ်ပြီး လတ်တ လော ရပ်ကွက်ကျေးရွာများတွင် အထူးရဲတာဝန်ထမ်းလိုသူများ ကွင်းဆင်းစုဆောင်းနေပြီဖြစ်ကြောင်း သိရှိရသည်။
“လက်ရှိ ဝန်ကြီးဌာန ရဲ့ဖွဲ့စည်းပုံအတိုင်း ရဲအင်အားအပြည့်မရသေးသလို အင်အားမလောက်င တာကြောင့် ရွေးကောက်ပွဲ ကာ လမှာ တာဝန်ထမ်းဆောင်ဖို့ ကာလတို ခေါ်ယူတာပါ။ သူတို့ကို သင်တန်းပို့ချမှုတွေအရင်လုပ်ပေးဦးမှာပါ။ မဲရုံလုံခြုံရေး နဲ့ အမှားအယွင်းမရှိစေရေးတွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။ ဝတ်စုံကိုတော့ လက်ရှိရဲယူနီဖောင်း အတိုင်းပဲလို့ လော လော ဆယ်သတ်မှတ်ထားတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီးမောင်စိုး က ရှင်းပြသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် တွင် ရွေးကောက်ပွဲ အထူးရဲများ ခန့်ထားနိုင်ရေ ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့ က သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူ၍ ရှင်းလင်းပြောဆိုကာ အထူးရဲများ စတင် စုဆောင်း နေ ပြီ ဖြစ်ကြောင်း သိရှိရသည်။
ထားဝယ်မြို့နယ် အတွင်းရှိ မဲရုံ ၁၀ ရုံ အတွက် ရွေးကောက်ပွဲ အထူးရဲတပ်သားများ ခေါ်ယူရခြင်းဖြစ်ပြီး လတ်တလောတွင် ၅၀ ဦး လိုအပ်နေကြောင်း၊ သို့ရာတွင် ယခုအချိန်အထိ လျှောက်ထားသူ မရှိသေးသဖြင့် ထားဝယ် မြို့နယ် ရဲစခန်းက ရပ် ကွက် များ အတွင်း ကွင်းဆင်း စုဆောင်းနေခြင်းဖြစ်သည် ထားဝယ်ဒေသခံများထံမှ သိရှိရသည်။
ရွေးကောက်ပွဲကာလ အထူးရဲ အဖြစ်လျှောက်ထားနိုင်ရန် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာချက် ကပ်ထား၍ ခေါ်ယူနေကြောင်း၊ အထူးရဲအဖြစ် ခန့်အပ်ခံရသူသည် ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ နှင့် ဒီဇင်ဘာလ အကုန်ထိ ၃ လကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တလလျှင် အခြေခံလစာ ၁ သိန်း ၂ သောင်းကျပ် နှင့် နေ့တွက် စရိတ်အဖြစ် တရက်လျှင် ၁၀၀၀ ကျပ် ခံစားခွင့် ရှိမည်ဖြစ်ကြောင်း သိရှိရသည်။
အထူးရဲဝန်ထမ်း အဖြစ် လျှောက်ထားလိုသူများသည် အမျိုးသားဖြစ်ရမည်ပြီး အသက်(၁၈)နှစ် ပြည့်ပြီး အသက် ၆၀ နှစ် ထက် မကြီးရ၊ ကိုယ်အင်္ဂါချွတ်ယွင်းသူမဖြစ်ရ၊ အရမ်းပုလွန်းသူ၊ အရမ်းဝလွန်းသူမဖြစ်ရ၊ ရပ်ကွက်နေ ပြည်သူများ ယုံကြည် အားထား ရသူဖြစ်ရမည်၊ ဘက်လိုက်မှု ကင်းသူဖြစ်ရမည်၊ ပါတီနိုင်ငံရေးကင်းရှင်းသူဖြစ်ရမည်၊ မိမိကိုယ် မိမိယုံကြည်မှု အပြည့် ရှိရမည် ဟု သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
(မေစစ်ပိုင်နှင့် ထွန်းကျော်မောင် ပူးပေါင်းရေးသားသည်)