မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် အိမ်အကူ လုပ်နေသည့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်အား ရိုက်နှက် နှိပ်စက် သည့် အိမ်ရှင်လင်မယား ကို ဇူလိုင် ၇ ရက်တွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
“ကာယကံရှင်တွေက လာပြီးတိုင်ကြားတာကြောင့် စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး အမှုဖွင့်ထားပါတယ်”ဟု မန္တလေးမြို့ အမှတ် ၁၁ နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
အဆိုပါ အိမ်ရှင် လင်မယားကို နာကျင်စေမှုနှင့် မတရား ဖမ်းဆီးချုပ်နှောင်မှု ပုဒ်မ ၃၄၄၊ ၃၂၄ တို့ဖြင့် အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့နေ အဝတ်အထည် ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်နုနုဝင်းနှင့်ခင်ပွန်းဖြစ်သူတို့က အသက် ၁၂ နှစ်အရွယ် အိမ်အကူ မအေးအေး အောင်၏ ဦးခေါင်းကို ထုရိုက်ခြင်း၊ လက်နှင့် ကျောဘက်သို့ ရေနွေးပူများ လောင်းချခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ သည့် အတွက် ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း အစ်မ ဖြစ်သူ မအိမွန်က ပြောပြသည်။
“ကလေးက လွန်ခဲ့တဲ့ ၃ ရက်(ဇူလိုင် ၅) ညက အိမ်ကိုထွက်ပြေးလာမှ သူနှိပ်စက်ခံထားရတာတွေကို သိရတာ။ မျက်နှာမှာ အကုတ် ခံထားရတယ်။ လည်ပင်းလည်း အညှစ်ခံရပြီး လက်သည်းရာတွေအပြည့် ဖြစ်နေတယ်။ ခေါင်းကိုလည်း တူနဲ့ထုလို့ အမာရွတ် ဖြစ် နေ ပြီ။ ညာလက်တခုလုံးနဲ့ ကျောဘက်ကိုလည်း ရေနွေးပူတွေနဲ့ လောင်းချထားတယ်။ ကျမတို့ ငွေကြေး မတတ်နိုင်ဘူး။ ဒါပေမယ့် တိုင်သင့်တာ တိုင်မယ်”ဟု မအိမွန်က ပြောသည်။
မအေးအေးအောင်၏ မိသားစုသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၅ လမ်း အနောက်ချောင်း ကျူးကျော်တဲ တွင် နေထိုင်ကြပြီး ငွေကြေး အဆင်မပြေကြကြောင်း၊ ထို့ကြောင့် ဖခင်ဖြစ်သူက ၂၀၁၄ ခုနှစ် ဇွန်လမှ စတင်ပြီး အဝတ်အထည်ဆိုင် ပိုင်ရှင် ဒေါ်နုနုဝင်း၏ ဆိုင်တွင် ဆိုင်အကူအဖြစ် တလလျှင် ၁၀,၀၀၀ ကျပ်ဖြင့် လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။
အိမ်အကူ မအေးအေးအောင်က“ဆိုင်ရှင်းပေးရမယ်ဆိုပြီး ခေါ်တာ။ ထမင်းလည်း မကျွေးဘူး။ သူတို့မကျွေးလို့ နို့ဆီနှိုက်စားလို့ဆိုပြီး ရေနွေးပူနဲ့ ဒေါ်နုနုဝင်းက လောင်း တာ။ ကျမကို နှိပ်စက်လို့ အစ်မတွေဆီ ထွက်ပြေးလာတာ”ဟု ဧရာဝတီကို ပြောပြသည်။
မအေးအေးအောင်ကို ဆိုင်အကူဝန်ထမ်း လုပ်ကိုင်ရမည်ဟု ခေါ်ယူခဲ့သော်လည်း ဆိုင်ရှင်ဒေါ်နုနုဝင်းက ၎င်းတို့နေအိမ်တွင်ထားပြီး အိမ်အလုပ်များကိုပါ ခိုင်းစေကြောင်း၊ မာသော အရာဝတ္ထုများနှင့် ဦးခေါင်းအား မကြာခဏထုရိုက်သဖြင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ ရရှိသည့်အခါ ဆေးဝါးကုသပေးခြင်းမျိုး မရှိဘဲ ပစ်ထားကြောင်းတို့ကို ရဲစခန်းသို့ တိုင်ကြားသည့် စာတွင်လည်း ဖော်ပြထားသည်။
မအေးအေးအောင်၏ အမှုကို လိုက်လံကူညီ ပေးနေသူ ကိုရဲထွန်းက“ကလေးကျောင်းပြန်နေဖို့၊ နေထိုင်ဖို့ ကိစ္စတွေ ကျနော်တို့ ကူညီ ပေးနေတယ်။ လောလောဆယ်တော့ ကလေးသူငယ် စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး အဖွဲ့အစည်းတွေဆီကို စာပို့ထားပြီးပြီ”ဟု ပြောဆိုသည်။