လပွတ္တာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ သတ္တမတန်း ကျောင်းသူတဦး ယခုလ ၅ ရက်က အသတ် ခံခဲ့ရမှု ဖြစ်ပွားကြောင်း သိရသည်။
ထိုလူသတ်မှုနှင့် ပတ်သက်သည့် တရားခံဖြစ်သူကို လပွတ္တာခရိုင် ရဲတပ်ဖွဲ့က အပူတပြင်း ရှာဖွေနေကြောင်း လပွတ္တာမြို့မ ရဲစခန်း ၏ စခန်းမှူး ဒုရဲမှူး တင်ဝင်းက ပြောပြသည်။
အသက် ၁၃ နှစ် အရွယ်ရှိ သတ္တမတန်း ကျောင်းသူသည် လပွတ္တာမြို့ အမှတ် (၉) ရပ်ကွက်တွင် အဘွားဖြစ်သူနှင့်အတူ နေထိုင်လျက်ရှိရာမှ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းတွင် နေအိမ်၌ အသတ်ခံခဲ့ရပြီး သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဒုရဲမှူး တင်ဝင်း က ဧရာဝတီကို ပြောသည်။
“တရားခံတွေ ဖမ်းဆီးရမိဖို့ ဒုခရိုင် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီးပြီးတော့ ကျနော်တို့ အပူတပြင်း လိုက်နေပါတယ်။ အမှုအကြောင်း အသေးစိတ်ကိုတော့ လောလောဆယ်ပြောပြလို့ မရသေးပါဘူး”ဟုလည်း ၎င်းက ပြောဆိုသည်။
အခင်းဖြစ်ပွားသည့် ဇူလိုင်လ ၅ ရက် နံနက် ၄ နာရီခန့်တွင် အဆိုပါ နေအိမ်မှ ရုန်းရင်းဆန်ခတ်ဖြစ်သည့် အသံများ ကြားရပြီး နံနက် ၆ နာရီခွဲခန့်တွင် အိမ်နီးချင်းများ သွားရောက်ကြည့်ရှုကြရာ ခုနှစ်တန်း ကျောင်းသူသည် နေအိမ်တံခါးမကြီး အနီး၌ လည်ပင်း တွင် ဓားဒဏ်ရာ၊ လက်ဖဝါး နှစ်ဘက်တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေပြီး အသက် ၈၄ နှစ် အရွယ်ရှိ အဘွားဖြစ်သူသည် လည်း လည်ပင်း၌ ဓားဒဏ်ရာများဖြင့် လဲကျနေသည်ကို တွေ့ရသည်ဟု လပွတ္တာမြို့ခံများက ပြောသည်။
ဒဏ်ရာရရှိခဲ့သည့် အဘွားဖြစ်သူသည် လက်ရှိတွင် လပွတ္တာ ၃ မိုင်မြို့သစ် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး လည်ပင်းတွင် ရရှိခဲ့သည့် ဒဏ်ရာများကြောင့် စကားပြောဆိုနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
လပွတ္တာမြို့နယ်ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုသန်းနိုင်က“ကောင်မလေး အဖေနဲ့အမေက လပွတ္တာ ရေပေါ်ဈေးမှာ ကုန်စိမ်းရောင်းတော့ ညဘက်အဲဒီမှာ သွားအိပ်ကြတယ်။ အိမ်မှာ မြေးအဘွား ၂ ယောက်ပဲရှိတဲ့အချိန် ဖြစ်သွားတာ။ မြို့ခံတွေကတော့ ဒါဟာကောင်မလေးကို မုဒိမ်းကျင့်ဖို့ ကြိုးစားရင်း ဖြစ်သွားတဲ့ လူသတ်မှုလို့ ပြောနေကြတယ်”ဟု ပြောသည်။
အသတ်ခံခဲ့ရသည့် ခုနှစ်တန်း ကျောင်းသူ၏ မိခင်ဖြစ်သူက တရားလို ပြုလုပ်ပြီး လပွတ္တာမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားရာ လပွတ္တာမြို့မ ရဲစခန်းက ပြစ်မှုနံပါတ် ၈၉/၂၀၁၅၊ ပုဒ်မ ၃၀၂/၃၂၆ တို့ဖြင့် လက်ခံပြီး အမှုဖွင့်ထားကြောင်း သိရသည်။
“တချို့က ကလေးမလေးကို မုဒိမ်းကျင့်ပြီးသတ်တယ်လို့ အင်တာနက်မှာတင်ထားတာတွေ ရှိနေတယ်။ ကလေးမလေးရဲ့ အလောင်း ကို ဆေးရုံက ဆရာဝန်ကြီးတွေကိုယ်တိုင် ဦးစီးပြီးတော့ ခွဲစိတ်စစ်ဆေးတယ်။ အမျိုးမျိုး စစ်ဆေးပြီးတဲ့ အချိန်မှာ မုဒိမ်းမှုလုပ်ထားတဲ့ အထောက်အထား ဘာတခုမှ မရှိဘူးလို့ ဆေးရုံက တရားဝင် ဆေးစာနဲ့ အကြောင်းကြားပြီးပါပြီ”ဟု ဒုရဲမှူး တင်ဝင်းက ပြောသည်။
အသတ်ခံခဲ့ရသည့် ယင်း ခုနှစ်တန်းကျောင်းသူ၏ ရုပ်အလောင်းကို ဇူလိုင် ၇ ရက်က လပွတ္တာမြို့ သုသာန်၌ မြေချသင်္ဂြိုဟ်ခဲ့ရာ မြို့ခံ တထောင်ကျော် လိုက်ပါ ပို့ဆောင်ကြောင်း သိရသည်။
လပွတ္တာမြို့နယ်၏ မုဒိတာ လူမှုကူညီ ရေး အသင်းမှ ဦးသိန်းဌေးက“အခုကလေးမလေး အသတ်ခံရသလို ရှေ့မှာလည်း အလားတူ ဖြစ်ခဲ့တာ ရှိတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက အဲဒီ ၉ ရပ်ကွက်ထဲမှာပဲ သမီးရည်းစား ချိန်းတွေ့တာကို ဝိုင်းရိုက်တာ ကောင်လေးသေသွားတာတွေ ဖြစ်ခဲ့တယ်။ အဲဒါလည်း တရားခံ မမိခဲ့ဘူး။ အဲဒီတော့ အခုဆိုရင် မြို့ခံတွေက ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် မလုံခြုံသလို ခံစားနေရတယ်”ဟု ပြောဆိုသည်။