လက်ရှိ ကျင့်သုံးနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များကို နိုင်ငံတော် သမ္မတက တိုက်ရိုက်ခန့်အပ်သည့် စနစ် အစား သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ် တင်မြှောက်နိုင်ရေး ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ရန် ကြိုးစားရာ တပ်မတော်၏ ထောက်ခံမှု မရသဖြင့် ရှုံးနိမ့်သွားကြောင်း သတင်းရရှိသည်။
ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက တိုက်ရိုက် ခန့်ထားနိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆(ခ)ပါ ပြင်ဆင်ချက်များအတိုင်း ဇူလိုင် ၈ ရက်နေ့က ပြုလုပ် သည့် ပြည်ထောင်စု လွှတ် တော်တွင် မဲခွဲဆုံးဖြတ်ရာ၌ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမရသဖြင့် ရှုံးနိမ့်သွားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
ယင်းပုဒ်မ ၄၃၆(ခ)ပါ ပြင်ဆင်ချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့်သာ ပြင်ဆင်ရမည် ဖြစ်ရာ လွှတ်တော်ထဲတွင် ကာကွယ်ရေးဦးစီးချုပ်၏ တိုက်ရိုက် ခန့်အပ်မှုဖြင့် ရောက်ရှိနေသည့် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ သဘောတူညီမှုမရဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သည့်ပြောင်းလဲမှုမျှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
ပါလီမန် ဒီမိုကရေစီ စနစ်တွင် ဥပဒေပြု မဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့မှာ ရောထွေးနေပြီး အုပ်ချုပ်ရေး အကြီး အကဲများသည် အာဏာရပါတီ ခေါင်းဆောင်၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်နေကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ကိုယ်စားပြုသည့် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တချိန်တည်းတွင် ပူးတွဲတာဝန် ထမ်းဆောင်နေပါက နိုင်ငံ့ ခေါင်းဆောင်များသည် ပါတီနိုင်ငံရေးကို ဆောင်ရွက်ခွင့် ရရှိသကဲ့သို့ ဖြစ်နေပြီး အမျိုးသား နိုင်ငံရေးနှင့် ပါတီနိုင်ငံရေး ရောထွေးမှုများ ရှိလာ၍ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများ လွှတ်တော်နှင့် အစိုးရ အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းက ဆွေးနွေးခဲ့သည်။
ဗိုလ်မှူးကြီး ခင်မောင်ထွန်းက“ပုဒ်မ-၆၄ ဟာလည်း ပုဒ်မ-၆၂၊ ပုဒ်မ-၆၃ တို့နဲ့ သဘော သဘာဝတူညီတဲ့ ပြဋ္ဌာန်းချက်ဖြစ်ပြီး ပါတီနိုင်ငံရေးနှင့် အမျိုးသား နိုင်ငံရေး ရောထွေးမှု မရှိစေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ထိခိုက်မှု မရှိစေရန်၊ အခြား ပါတီများနှင့် တရားမျှတစွာ ယှဉ်ပြိုင်မှုကို တစ်ဖက်စောင်းနင်း မဖြစ်စေရန် ပြဋ္ဌာန်းထား ခြင်း ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၆၂ တွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရဟု ဖော်ပြထားပြီး ပုဒ်မ ၆၃ တွင် လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် နိုင်ငံ့ဝန်ထမ်းဖြစ်နေလျှင် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ပုဒ်မ ၆၄ မှာ တာဝန်ထမ်းဆောင်နေစဉ် ရာထူးသက်တမ်းအတွင်း ပါတီအဖွဲ့အစည်းများ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟု ဖော်ပြထားသည်။
သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တာဝန်ပေးအပ်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁(ခ)၊ (ဂ)၊ (ဃ)၊ (င) တို့ကို ပြင်ဆင်ပေးရန် တိုင်းရင်းသား ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသော်လည်း တပ် မတော်သား ကိုယ်စားလှယ်များက မူလ ပြဋ္ဌာန်းချက်အတိုင်းထားရှိရန် ဆွေးနွေးခဲ့ကြသောကြောင့် တပ်မတော်၏ ထောက်ခံမှု မရှိသဖြင့် ပြင်ဆင်နိုင်ခြင်း မရှိပေ။
ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ဒီနေ့ မဲခွဲတဲ့အနေအထားကိုကြည့်ရတာ တပ်မတော် မပါဘဲနဲ့ ဘယ် လို မှ ထောက်ခံမဲ မရနိုင်ဘူး။ ဒီပုံစံအတိုင်းပဲ ဆိုရင်တော့ ကျမတို့က တပ်မတော်ကိုလည်း လော်ဘီ အတော်များများလုပ်ရမယ် ဆိုတဲ့ အနေအထားရှိတယ်။ တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းမှုကလည်း အကြိမ်ကြိမ် လုပ်ရမယ်ဆိုတဲ့ အနေအထား ရောက်နေတယ်။ တကယ့် မြန်မာ့နိုင်ငံရေးကတော့ လက်ရှိ ပကတိအနေအထားကို တပ်မတော် မပါဘဲ ဘယ်လိုမှ လုပ်လို့မရဘူး ဆိုတာကို ထင်ထင်ရှားရှား ပြသလိုက်တာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ပုဒ်မ ၄၃၆(ခ)ပါ ပုဒ်မများအနက် တပ်မတော်သား ကိုယ်စားလှယ်များ၏ ထောက်ခံမှုရရှိခဲ့သည့် အခြေခံဥပဒေ နောက်ဆက်တွဲ ဇယား (၂) ဖြစ်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းနှင့် ဇယား(၅) ဖြစ်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များက ကောက်ခံရမည့် အခွန်အခများကိုသာ ဖြည့်စွက် ပြင်ဆင်နိုင်ခဲ့သည်။
ဇယား(၂)တွင် ပါဝင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းတွင် ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္ထုနှင့် သစ်တောကဏ္ဍ၊ စက်မှုလက်မှု ကဏ္ဍ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီမံခန့်ခွဲရေးကဏ္ဍတို့ရှိရာ ယင်းတို့အထဲတွင် အချက် ၃၄ ချက် ထပ်မံ ဖြည့်စွက်ခြင်းအားဖြင့် လုပ်ပိုင်ခွင့် ပိုတိုးပေးလိုက်သည်။
ဇယား(၅)တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခ ၁၉ မျိုးသာရှိရာ အမျိုး ၂၀ ထပ်မံ ဖြည့်စွက်ခြင်း အားဖြင့် လုပ်ပိုင်ခွင့် ပိုတိုးပေးလိုက်သည်။
သို့သော် ဇယား(၂)နှင့် ဇယား(၅) ဖြည့်စွက်ပြင်ဆင်မှု ၂ မျိုးစလုံးတွင် “ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ” ဆိုသည့် စကားရပ် ထည့်သွင်းလိုက်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်ကို လွတ်လွတ်လပ်လပ် ခွင့်ပြုလိုက်ခြင်း မဟုတ်ဘဲ ဗဟိုချုပ်ကိုင်မှုကို သွယ်ဝိုက်၍ ချုပ်ကိုင်ရန် ဆက်လက် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။
ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၃၃ ဦးရှိသည့် အနက် ၂၈ ဦး ပျက်ကွက်ခဲ့သဖြင့် ၆၀၅ ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။