ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေများကို ဇူလိုင်လ ၈ ရက်နေ့က စတင် စစ်ဆေးနေပြီး ယနေ့တွင်လည်း တရားလိုပြသက်သေ တချို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ ထွက်ဆိုသူများ အနက်၊ ကော့တောင်ကျွန်းမှ အနှိပ်သည် ထိုင်းအမျိုးသမီးတဦးက ထွက်ဆိုရာတွင် အခင်းဖြစ် ပွားသည့်ညတွင် ကမ်းခြေ၌ ဂစ်တာတီးခတ် သီချင်းဆိုနေသည့် လူ ၃ ဦးကို တွေ့ခဲ့ရသော်လည်း မည်သူ မည်ဝါဆို သည်ကို အတိအကျ မသိဟု ထွက်ဆိုခဲ့ကြောင်း အမှုအား ကူညီဆောင်ရွက် ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီ ကို ပြောသည်။
ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ထိုအမျိုးသမီးနှင့်အတူ ထွက်ဆိုမည့် မြန်မာနိုင်ငံသား တဦးပါဝင်သော်လည်း ဘာသာ ပြန်မည့်သူ ရောက်ရှိမလာသည့် အတွက် ရွှေ့ဆိုင်းလိုက်ရကြောင်း၊ ညနေပိုင်းတွင် သက်သေ တချို့အား ထပ်မံ စစ် ဆေးမည်ဟု သိရသည်။
ဇူလိုင် ၈ ရက်နေ့က သက်သေထွက်ဆိုခဲ့သူ ၄ ဦး၏ ထွက်ဆိုမှုများတွင်လည်း မှတ်တမ်းပါ အချက်များနှင့်ကွဲလွဲနေ မှုများရှိခဲ့ကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။ ဇူလိုင် ၈ ရက်နေ့ စစ်ဆေးမှုတွင် ဆရာဝန်တဦး၊ ကျွန်းသူကြီး၏ ညီဖြစ်သူ ဘားပိုင်ရှင်နှင့် ထိုဘားမှ စားဖိုမှူး တဦး အပါအဝင် လူ ၄ ဦး က ထွက်ဆိုခဲ့ကြသည်။
၎င်းတို့၏ ထွက်ဆိုချက်များတွင် ရုံးမှတ်တမ်းနှင့်ကွဲလွဲမှု တချို့ ရှိနေကြောင်း၊ ထို့ကြောင့် လူသတ်တရားခံဟု စွပ်စွဲ ဖမ်းဆီးခံထားရသူ ကိုဝင်းဇော်ထွန်းနှင့်ကိုဇော်လင်းတို့ ပြစ်မှုကျူးလွန်သည်ဟု ပြောဆိုရန် အထောက်နည်းပါးသည်ကို တွေ့ရ ကြောင်း ဦးအောင်မျိုးသန့်က ပြောသည်။
လိပ်ကျွန်းအမှုနှင့်ပတ်သက်၍ တရားလိုဘက်မှ သက်သေ ၆၅ ဦး၊ တရားခံဘက်မှ ၃၁ ဦး တင်ထားပြီး၊ ၎င်းတို့အား ဆက်တိုက် စစ်ဆေးသွားမည်ဟု သိရသည်။ လိပ်ကျွန်း လူသတ်မှုသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ လ ၁၅ ရက်တွင် ဖြစ်ပွားသည်။